ငွေကြေး လိမ်လည်မှုဖြင့် အလိုရှိနေသည့် ယောဂီဝတ် ဒေါ်နန္ဒမာလာ (ထန်ဏီဝင်းပြည့်) အား ဖမ်ဆီး ရမိပြီးနောက် အခြား ငွေကြေး ရရန်ရှိသူ များကလည်း လိမ်လည်မှုများနှင့် မင်္ဂလာဒုံ မြို့မ ရဲစခန်း၌ အမှုများ ဆက်တိုက် ဖွင့်လျက် ရှိကြောင်း တရားလို များက ပြော သည်။
တရားလို တဦးဖြစ်သူ ဒေါ်တင်မေက“ကျမက ၅ ရက်က ဖွင့်တာ။ နောက်ရက်ကျ ၂ ယောက် ထပ်ဖွင့်တယ်၊ လိမ်လည် မှုနဲ့ ပဲ။ တောင်ကြီးမှာတင်ပဲ နောက်ထပ် ဖွင့်မယ့်သူ ၃ ယောက်လောက် ရှိသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကျပ်သိန်း ၃၅၀ အတွက် လိမ်လည်မှုဖြင့် ဒေါ်တင်မေ၏ တိုင်ကြားမှုအား မင်္ဂလာဒုံမြို့မ ရဲစခန်းက အမှုအမှတ် ၁၆/၂၀၁၉ ဖြင့် လက်ခံထားပြီး အမှုထပ်မံ ဖွင့်ရန် ပြင်ဆင်နေသူများထဲတွင် ငွေကျပ်သိန်း ၁၅၀၀၀ တဦးနှင့် သိန်း ၇၀၀၀ ရရန်ရှိ တဦး တို့ ပါဝင်ကြောင်းလည်း ဒေါ်တင်မေက ရှင်းပြသည်။
ဇန်နဝါရီ ၇ ရက်က လှိုင်မြို့နယ် တရားရုံးနှင့် မင်္ဂလာဒုံ မြို့နယ် တရားရုံးတွင် ဒေါ်နန္ဒမာလာအား ရုံးထုတ်ခဲ့ပြီး အာမခံ အတွက် တရားရုံး နှစ်ခုလုံး စဉ်စား ဆုံးဖြတ်ခြင်း မပြုခဲ့ပေ။
အာမခံပေး မပေး အမိန့် ချမှတ်ရန် အတွက် လှိုင်မြို့နယ် တရားရုံး အနေဖြင့် ဇန်နဝါရီ ၁၅ ရက်ကို ရုံးချိန်း ထပ်မံ ချိန်းဆို ထားပြီး မင်္ဂလာဒုံမြို့နယ် တရားရုံးက ဇန်နဝါရီ ၂၁ ရက်က ထပ်မံ ချိန်းဆိုထားကြောင်း တရားလိုများက ပြောသည်။
တရားလို ဒေါ်သန္တာဦးက“သူမှန်တယ် ဆိုရင် ရှောင်နေစရာ မလိုပါဘူး။ အခု ဖမ်းမိထားပြီ ဆိုတော့ မျက်နှာချင်းဆိုင် ရှင်းရ တော့မယ်။ ဥပဒေ အတိုင်းပဲ ရင်ဆိုင်သွားမှာပါ”ဟု ပြောသည်။
မဟာအောင်မြေ တရားရုံးတွင် ဇန်နဝါရီ ၃ ရက်က အာမခံ ရရှိခဲ့သည့် ဒေါ်နန္ဒမာလာ အနေဖြင့် လှိုင်တရားရုံးမှ အာမခံ အတွက် ဆုံးဖြတ်ခြင်း မပြုသည့် အပေါ် တရားခွင် အတွင်း တုံ့ပြန် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး တရားသူကြီးအား စွပ်စွဲ ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
လိမ်လည်မှုဖြင့် အလိုရှိနေသူ ဒေါ်နန္ဒမာလာအား ဇန်နဝါရီ ၂ ရက် ညနေပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၄ တွင် သတင်း ပေးပို့ချက် အရ ပိတ်ဆို့ ဖမ်းဆီးပြီးနောက် မန္တလေး မှုခင်းတပ်ဖွဲ့ (CID) သို့ လွှဲပြောင်းခဲ့ကာ ဇန်နဝါရီ ၃ ရက်တွင် လူဝတ်လဲ၍ မဟာအောင်မြေ တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
တရားလိုတဦး ဖြစ်သူ ဒေါ်နေဇင်မြင့်ကလည်း“သူ့ကို ရုံးထုတ်မှာ သိသိချင်း ကန့်ကွက်စာ တင်ခဲ့ပေမယ့် တရားသူကြီးက အာမခံပေး လိုက်တယ်။ ဒီလောက် အများကြီး လိမ်ထားတဲ့ လူတယောက်ကို အာမခံပေးလိုက်တာ ဘယ်လို စဉ်းစားရမလဲ တောင် မသိတော့ဘူး”ဟု မဟာအောင်မြေ တရားရုံးမှ အာမခံပေးခဲ့မှု အပေါ် ဝေဖန်ခဲ့သည်။
ဒေါ်နေဇင်မြင့်သည့် ငွေဖြည့်ကတ် လုပ်ငန်း ဆောင်ရွက်ရာတွင် ဒေါ်နန္ဒမာလာမှ ကျပ်သိန်း ၆၀၀၀ ခန့် လိမ်လည်ခဲ့သည် ဟု ဆိုကာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက မဟာအောင်မြေ တရားရုံးတွင် ဦးတိုက် လျှောက်ထား တိုင်ကြားခဲ့ခြင်း ဖြစ် သည်။
လိမ်လည်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒေါ်နန္ဒမာလာကတော့ ငြင်းဆိုထားပြီး ၎င်းဖမ်းဆီးခံရ သည်မှာလည်း နိုင်ငံရေး ကိစ္စများကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ဆက်စပ် ဖတ်ရှုရန် –
ယောဂီဝတ် ဒေါ်နန္ဒမာလာ အာမခံ ရရှိ
ယောဂီ ဒေါ်နန္ဒမာလာကို ဖမ်းပြီး မန္တလေး CID တွင်စစ်ဆေးနေ