ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ် မြေစာရင်းဌာန ဦးစီးမှူး အပါအဝင် ၄ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း သတင်းရရှိသည်။
မြို့နယ် ဦးစီးမှူး ဦးမင်းမင်းဇော်၊ ဒုတိယ ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်းစာရေး ဦးကျော်နိုင် ထွန်းတို့ ၃ ဦးနှင့် အငြိမ်းစား ယူထားသည့် မြို့နယ် မြေစာရင်း ဦးစီးမှူးတို့ကို နေပြည်တော်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ လာရောက် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။
ဦးမြင့်ဝေ က “သူတို့ကို မြေအရောင်းအဝယ်တွေမှာ ပိုက်ဆံတွေ ယူတယ်ဆိုတဲ့ အဂတိအမှုတွေနဲ့ အဖမ်းခံရတာ။ ယူတာက သိန်း ၆၃၀၊ သိန်း ၁၀၀ ကျော်တို့ပေါ့။ ဆပ်သွား (ဂွမြို့ နယ်မှ ရွာတရွာ) က တမှု၊ ကမ်းသာယာ (ဂွမြို့နယ်မှ ကမ်းခြေရွာ) တမှု၊ အားလုံးက ပြောမယ် ဆိုရင် ၅ မှုလောက် ရှိတယ်။ တိုင်တဲ့အဖွဲ့ က ၅ ဖွဲ့ လောက် ရှိတယ်”ဟု ရှင်းပြသည်။
ဂွမြို့နယ် ရဲစခန်းကလည်း အဆိုပါ ပုဂ္ဂိုလ် ၄ ဦး အဖမ်းခံရသည်ကို အတည်ပြုပေးခဲ့ပြီး ၎င်းတို့အားလုံးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး ယခုအခါ သံတွဲမြို့သို့ ခေါ်ဆောင်သွားပြီး ဖြစ်ကြောင်း အတည်ပြုသည်။
ဂွမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး အေးထွန်း က “ကော်မရှင်က သူတို့ တရားလို၊ သူတို့ အမှုစစ်နဲ့လာတာ။ သိရသလောက်က အဂတိ လိုက် စားမှု ပုဒ်မနဲ့ ဆွဲတာပဲ။ ကျနော်တို့ အချုပ်မှာလည်း ခနလေးပဲ ထားသွားတယ်။ အခု ဖမ်းပြီးတော့ သံတွဲကို ခေါ်သွားတယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
အဂတိကော်မရှင်ကို တိုင်ကြားသူများမှာ ဂွမြို့နယ် ဆပ်သွားကျေးရွာနှင့် ကမ်းသာယာ ကျေးရွာတို့မှ ဒေသခံများ ဖြစ်ပြီး တဦးချင်း တိုင်ကြားမှု ရှိသလို တချို့မှ အဖွဲ့ လိုက် တိုင်ကြားကြခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။
ဦးမြင့်ဝေ က “မြေပြင် အခြေအနေနဲ့ ပုံစံ ၇ ထုတ်ပေးတာနဲ့ အဲဒါမျိုး ကွာဟချက်တွေအပေါ်မှာ ယူလိုက်ကြတယ်။ ဂွမှာက ပင်လယ် ကမ်းခြေနဲ့ နီး တော့ မြေတွေက တန်ဖိုးရှိတယ်။ တချို့ မြေတွေက သောင်ထွန်းပြီး ကျယ်လာတော့ ရှေ့ကို တဧကပဲ ကျယ်ကျယ် ပိုလာရင် ဒီမှာက တဧက သိန်း ၂၀၀၀ လောက် တန်တယ်။ အဲဒီအပေါ်မှာတွေ သူတို့က ငွေယူလိုက်တာလို့ တိုင်စာတွေအရ သိရတယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ဂွမြို့နယ် ကမ်းသာယာကျေးရွာတွင် အမွေဆိုင် မြေတခုကို အရောင်းအဝယ် လုပ်ရာတွင် ဝ.၆၃ ဧကရှိ မြေပို တခုအတွက် မြေစာရင်းဌာနသို့ ကျပ်သိန်း ၆၃၀ ပေးရကြောင်း ခွဲတမ်းအရ စာရင်းရှင်းသည့်အခါ ယင်းအချက်အလက်ကို ယူ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ကမ်းသာယာ ဒေသခံ ဦးမောင်တင်က ပြောသည်။
ဦးမောင်တင် က “စာရင်းရှင်းတမ်းမှာ ပါတဲ့အတိုင်း တိုင်ခဲ့တာ။ ကမ်းသာယာမှာ ကျနော်တယောက်တည်း တိုင်ခဲ့တာ။ ကော်မရှင်က လည်း ကျနော်တို့ကို အရင်ခေါ်စစ်တယ်။ နောက်မှ ကျန်တဲ့သူတွေကို စစ်တာ။ ကျနော်က တိုင်တော့ ကျနော့်ကို အရင် စစ်တယ်။ ပြီးမှ ဝယ်တဲ့သူတွေ၊ ငွေပေးတဲ့ သူတွေကို အကုန်ခေါ်စစ်တာ။ ငွေတွေကိုတော့ ကျနော်ကိုယ်တိုင် လက်ပူးလက်ကြပ် ကိုင်ပေးခဲ့တာ မဟုတ်ဘူး။ စာရင်းမှာ ကျနော်တို့က ဒီလို ရှင်းပေးခဲ့တယ်လို့ တင်ပြတာ”ဟု ပြောသည်။
ယခု မြေမှုခင်းများသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ခဲ့သည့် အမှုများ ဖြစ်ကြောင်း၊ ရခိုင်တောင်ပိုင်း ဂွဒေသတွင် တပ်မတော်အစိုးရ လက်ထက် မြေသိမ်းမှုများ ရှိခဲ့ပြီးနောက် ယခုအခါ ပြန်လည် စွန့်လွှတ်မှုများ ရှိသော်လည်း မူလပိုင်ရှင်လက်ထဲသို့ ပြန်မရောက်နိုင်သည့် ဖြစ်စဉ်များတွင် မြေစာရင်းဌာန၏ ပါဝင်ပတ်သက်မှုများရှိကြောင်း ဂွဒေသခံများထံမှ သိရသည်။
ဂွဒေသခံလည်းဖြစ် လယ်မြေအရေး ကူညီဆောင်ရွက်သူလည်း ဖြစ်သူ ဦးကျင်ခဲ က “ကုမ္ပဏီကြီးတွေက မြေတွေဝယ်တဲ့ အခါ မြေဧကကို လျော့ဝယ်ပေမယ့် မြေပြင်မှာက ပိုရနေတာမျိုးတွေ ရှိတယ်။ တဧက လျော့ဝယ် ခွင့်ရရင်ပဲ သိန်း ၇၀၀ လောက် တန်နေတော့ အဲဒါတွေကို မြေစာရင်း ဌာနတွေက မှန်မှန်ကန်ကန် လုပ်ပေးတာ မဟုတ်ဘူး။ အဲဒီ ကြားထဲမှာ မြေတွေကို ဆုပ်ကိုင် လိုက်ပြီး ခေါင်းပုံဖြတ်တာတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ မြေစာရင်းတို့က သိရဲ့သားနဲ့ ငြိမ်နေကြတယ်။ သူတို့ကို အလိုလိုက်ပြီး အ လုပ်လုပ်ပေးမယ်။ အခုမှ ထိန်းသိမ်းတယ်ဆိုတာက ပြောရရင် ရေခဲတုန်း တတုံးရဲ့ အပေါ် ပိုင်းလေကိုပဲ မြင်ရတာ အောက်မှာ ဖြစ်နေတာက အများကြီး” ဟု ပြောသည်။
ယခုအခါ တပ်မတော်မှ မြေများကို ပြန်လည် စွန့်လွှတ်သော်လည်း မူလပိုင်ရှင်နှင့် နောက်ပိုင်းမှ မြေဝယ်သူများကြား မြေယာ အ ငြင်းပွားမှုများ ရှိနေပြီး တချို့မှာလည်း ကျေးရွာပိုင် နွားစားကျက်မြေများကို အုပ်စုဖွဲ့ ရောင်းစားခြင်းများ ရှိနေပြီး ယင်းမြေများကို ရရှိသူများက လုပ်ကိုင်စားသောက်ရန် မဟုတ်ဘဲ တန်ဖိုးကြီး မြေများအဖြစ် ပြန်လည် ရောင်းချမှုများ ရှိရာ သိန်း ၃၀၀ မှ သိန်း သောင်းချီရသည့် ဖြစ်စဉ်များပင် ရှိနေကြောင်း ဂွဒေသခံများထံမှ စုံစမ်း သိရှိရသည်။