ရှမ်းပြည်နယ်သည် ကမ္ဘာ့ မက်သာဖက်တမင်း ထုတ်လုပ်မှု၏ ဗဟိုချက်ဖြစ်ပြီး မူးယစ်ဆေးဝါး တင်ပို့မှု ပိုမို လွယ်ကူလာတော့မည်ဖြစ်ကြောင်း ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအုပ်စု (ICG) ၏ အစီရင်ခံစာတစောင်က သတိပေးလိုက်သည်။
၁၉၅၀ ခုနှစ်ကပင် ပဋိပက္ခနှင့် မူးယစ်ဆေးထုတ်လုပ်မှု ဗဟိုချက်ဖြစ်နေသော ရှမ်းပြည်နယ်တွင် ဘိန်းဖြူနှင့် မက်သာဖက်တမင်း ရောင်းဝယ်မှုကို တပ်မတော်က တစိတ်တပိုင်း ထိန်းချုပ်ထားပြီး ကျန်အစိတ်အပိုင်းများကို တပ်မတော်၏ အစောင့်ရှောက်ခံ ပြည်သူ့စစ်အဖွဲ့များစွာကလည်း ထိန်းချုပ်ထားသည်။
“ ကောင်းမွန်သော အခြေခံ အဆောက်အအုံ၊ တရုတ်နိုင်ငံမှ ဓါတု ပစ္စည်းများနှင့် နီးကပ်ခြင်း၊ အစိုးရ လိုလားသော ပြည်သူ့စစ်များနှင့် လက်နက်ကိုင်အဖွဲ့များက ဖန်တီးထားသည့် လုံခြုံသောနေရာတို့သည် ရှမ်းပြည်နယ်ကို လွန်စွာ သန့်စင်သည့် မက်သာဖက်တမင်း ပုံဆောင်ခဲများ ထုတ်လုပ်ရာ ကမ္ဘာ့ အဓိက ပင်ရင်းဖြစ်စေခဲ့သည်” ဟု Fire And Ice: Conflict And Drugs In Myanmar’s Shan State အမည်ရှိ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ထိုအစီရင်ခံစာသည် မူးယစ်ဆေးလုပ်ငန်း ကြီးထွားနေသည့် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးပျံ့နှံ့မှုနှင့်ပတ်သက်ပြီး မကြာသေးမီက သတိပေးခဲ့သည့် လေ့လာမှုများ၊ အစီရင်ခံစာများတွင် နောက်ဆုံး ထွက်လာသောာ အစီရင်ခံစာဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်အတွင်း အလှမ်းဝေးသော နိုင်ငံများတွင်ပင် မက်သာဖက်တမင်း ဖမ်းဆီးရရှိမှုများ စံချိန်တင်လာသည်။ အနောက်သြစတြေးလျတွင် မက်သာဖက်တမင်း ၁.၂ တန်၊ မဲလ်ဘုန်းတွင် ဝ.၉ တန်၊ အင်ဒိုနီးရှားတွင် ၁.၆ တန်နှင့် မလေးရှားတွင် ၁.၂ တန် ဖမ်းမိသည်။
ဖမ်းဆီးရရှိမှုသည် စုစုပေါင်းရောင်းဝယ်မှု၏ ၁၀ ရာခိုင်နှုန်းသာ ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းသဖြင့် နှစ်စဉ်ထုတ်လုပ်မှုမှာ တန်ချိန် ၂၅၀ ကျော်သည့် သဘောဖြစ်နေကြောင်း ICG က ဖော်ပြသည်။ မဲခေါင်ဒေသခွဲတွင် စုစုပေါင်း မူးယစ်ကုန်သွယ်မှုတန်ဖိုးမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံဖိုး ရှိသည်။
“အကြီးအကျယ် ဖမ်းမိသော်လည်း မက်သာဖက်တမင်းဈေးမှာ တည်ငြိမ်လျက်သာ ရှိသောကြောင့် ဖမ်းမိသည့်ပမာဏမှာ စုစုပေါင်း ထုတ်လုပ်မှု၏ သေးငယ်သော အစိတ်အပိုင်းသာဖြစ်ကြောင်း ထင်ရှားစွာပြသနေသည်” ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သော ဒေါ်လာ ဘီလီယံချီတန်သည့် တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်နောက်ပိုင်းတွင် မူးယစ်မှောင်ခိုလုပ်ငန်း ပိုမိုကြီးထွားလာမည်ဖြစ်သည်။ ထို စီးပွားရေး စြင်္ကန်ကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်သည့် ယူနန်ပြည်နယ် ကူမင်းမှ ပင်လယ်ကမ်းစပ် ရခိုင်ပြည်နယ်ကျောက်ဖြူအထိ ပိုမိုကောင်းမွန်သော လမ်းများနှင့် မြန်နှုန်းမြင့် ရထားလမ်းများပေါ်ပေါက်လာမည်ဖြစ်သည်။
“ရွှေတြိဂံဒေသ၏ မကြာသေးမီက သမိုင်းတွင် ကုန်သွယ်မှုနှင့် အခြေခံအဆောက်အအုံ တိုးတက်ခြင်းသည် တရားမဝင် အမြတ်ထုတ်ရန် အခွင့်အလမ်းများကို မကျဉ်းမြောင်းစေဘဲ ပိုမို၍ပင် ကျယ်ပြန့်စေသည်” အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
မက်သာဖက်တမင်းနှင့် ဘိန်းဖြူနှင့်အတူ အိုက်စ် ice ရောင်းဝယ်မှုသည် လွန်စွာကြီးမားပြီး အမြတ်များလှသောကြောင့် ရှမ်းပြည်နယ်၏ တရားဝင် စီးပွားရေးမှာ မယှဉ်နိုင်လောက်အောင် သေးငယ်သွားပြီး ရာဇဝတ်မှု၊ အဂတိလိုက်စားမှုများကိုအားပေးကာ ကာလရှည်ကြာဖြစ်ပွားနေသော လူမျိုးစု ပဋိပက္ခများ အဆုံးသတ်ရေး အားထုတ်မှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြသည်။
လွန်ခဲ့သောနှစ် ဇန်နဝါရီလက မြန်မာရဲတပ်ဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းမှ စွန့်ပစ်ထားသော အိမ်တလုံးကို စီးနင်းရှာဖွေရာ ပြည်တွင်းဈေးဖြင် အမေရိကန်ဒေါ်လာ ၅၄ သန်းတန်သော မက်သာဖက်တမင်း၊ ဘိန်းဖြူနှင့် ကဖင်းမှုန့်များကို ဖမ်းမိခဲ့သည်။
ထိုအိမ် တည်နေရာသည် တရုတ်နယ်စပ် မူဆယ်သို့ အဓိက ကုန်သွယ်ရေး ကုန်လမ်းအနီးတွင် ရှိသည်။ ပိုင်ရှင်မဲ့ ဖြစ်နေသော ထိုအိမ်ကို ဝင်ရောက်ဖမ်းဆီးမှုသည် မူးယစ်မှောင်ခိုများ ကြိုတင်သတင်း ရထားကြောင်း ဖေါ်ပြနေသည်ဟု ICG ကဖေါ်ပြသည်။
ထိုဒေသကို ထိန်းချုပ်ထားသည့် ပြည်သူ့စစ်များသည် တပ်မတော်နှင့် အပစ်အခတ် ရပ်စဲထားသည်မှာ ၂၈ နှစ်ကြာပြီဖြစ်သည်။ တပ်မတော်နှင့် ညှိနှိုင်းသော ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ၏ အဆင့်အတန်းကြောင့် ၎င်းတို့သည် ပြစ်ဒဏ်ကင်းလွတ်ခွင့် အကြီးအကျယ်ရနေပြီး တပ်မတော်အနေဖြင့်လည်း ၎င်းတို့ကို အတိုင်းအတာတခုအထိ လျစ်လျူရှုထားသည်။
ဒေသတွင်းနိုင်ငံများမှ အာဏာပိုင်များသည် မကြာခဏ ဆိုသလို အဂတိလိုက်စားမှု ကွင်းဆက်များတွင် ပါဝင်နေသည်။ မက်သာဖက်တမင်းထုတ်ရန် ဓါတုပစ္စည်းများပေးပို့သော တရုတ်နိုင်ငံသည်လည်း မြန်မာနယ်စပ်သို့ ဓါတုပစ္စည်းတင်ပို့မှုကို မည်သည့်အခါကမျှ မဟန့်တားဟုလည်း အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်နယ်အတွင်း ကျယ်ပြန့်သော ငြိမ်းချမ်းရေး ရရန် အားထုတ်မှုများကို နှစ်ဆတိုးလုပ်ဆောင်ရန် ICG က တိုက်တွန်းထားသည်။