ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှု ရပ်ဆိုင်းပြီးဖြစ်ဟု ရာထူးဝန် အဖွဲ့ အတည်ပြု
အရည်အသွေး မမီဟု ဝေဖန် ခံထားရသော ပြည်ပ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းမှုကို ဇန်နဝါရီလ ၄ ရက် ကတည်းက လုံးဝ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြော သည်။
ဦးမြင့်ဆွေက “ကျနော်တို့က ဦးဇော်ဌေး ပြောတဲ့ အတိုင်း ၄ ရက်နေ့ ကတည်းက လုပ်ငန်းတွေကို အကုန် ရပ်လိုက်ပြီးပြီ။ ရပ်လိုက်တာကို လူကြီးတွေလည်း အကုန် တင်ပြပြီးပြီ။ မြေပြင်မှာလည်း ရပ်လိုက်ပြီ။ ရပ်တယ် ဆိုတာ သူတို့နဲ့လည်း ညှိထားပြီးပြီ။ အကုန်လုံးက ပြီးဆုံးသွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီလ ၇ ရက်က ဗဟိုဝန်ထမ်း တက္ကသိုလ် သင်တန်း ဖွင့်ပွဲ အခမ်းအနား နောက်ခံတွင် မလေးရှား EDS တက္ကသိုလ် အမှတ်တံဆိပ် ပါဝင်နေခြင်းမှာလည်း ရုံးပိတ်ရက်များကြောင့် သင်တန်းသို့ သတင်းပေးပို့မှု နောက်ကျနေ၍ ယင်းတံဆိပ်ကို မဖြုတ်မိခြင်းသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“၄ ရက်နေ့ ကတည်းက ဆွေးနွေးပြီး ဒါတွေ မလုပ်တော့ဘူး ဆိုတာ သမ္မတရုံးကို တင်ပြထားတယ်။ နောက်တခုက အောက်ကိုတော့ ကြားထဲမှာ ရုံးပိတ်နေတဲ့ အတွက် ၇ ရက်မှ အကြောင်းကြားတယ်” ဟု ဦးမြင့်ဆွေက ဆိုသည်။
ယင်းနေ့က ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ဖွင့်လှစ်သည့် သင်တန်းသည် ပြည်ပ တက္ကသိုလ်များနှင့် ပတ်သက်ခြင်းမရှိ သကဲ့သို့ ယင်း တက္ကသိုလ်များ၏ အမှတ်တံဆိပ်များကိုလည်း ရုပ်သိမ်းထားပြီး ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
“ဒါပေမယ့် ၇ ရက်နေ့မှာ သင်တန်း Back drop က ဟိုးကတည်းက လုပ်ထားတာ ကြာနေပြီ။ ကျနော်တို့ကလည်း သူတို့ဆီကို ၇ ရက်နေ့မှ တရားဝင် အကြောင်းကြားထားတာ။ အဲဒီနေ့က ဖွင့်တဲ့ သင်တန်းနဲ့လည်း တက္ကသိုလ်နဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့က ရုံးဖွင့်တဲ့နေ့မှ တရားဝင် စာထွက်လိုက်တယ်။ စာရောက်ပြီးခြင်းပဲ သူတို့ အကုန်လုံး ဒါတွေကို ရုပ်သိမ်းလိုက်ပြီ” ဦးမြင့်ဆွေက ပြောသည်။
ရာထူးဝန် အဖွဲ့နှင့် တက္ကသိုလ် နှစ်ခု ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ဇန်နဝါရီလ ၇ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများကို ပြောကြားခဲ့သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော အမေရိကန်နိုင်ငံ Akamai University နှင့် မလေးရှား နိုင် ငံမှ EDS Business School တို့သည် အရည်အသွေး ပြည့်မီသော တက္ကသိုလ် အဆင့်တွင် ရှိမနေဘဲ အမည်ခံ တက္က သိုလ်များသာ ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများကလည်း အသိအမှတ် ပြုထားသည့် စာရင်းတွင် မပါရှိကြောင်း Pacific Forum တွင် မြန်မာ့အရေး လေ့လာသူ သုတေသီ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အင်္ဂလန်နိုင်ငံ၊ အောက် စဖို့ဒ် တက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒ တက်ရောက် သင်ကြားနေသူ ဦးနေယံဦးက ဝေဖန်ခဲ့သည်။
ဆက်လက်၍ ၎င်းက ရာထူးဝန် အဖွဲ့လက်အောက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ဇန်နဝါရီလ ၇ ရက်မှ မတ်လ ၁ရက် အထိ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် ၅ သင်တန်း ဖွင့်ပွဲ အခမ်းအနား၏ နောက်ခံတွင် မလေးရှား EDS တက္ကသိုလ်၏ တံဆိပ်လည်း ပါဝင်နေသည်ကို တွေ့ရသည့် အတွက် ဆက်လက် ပူးပေါင်းနေသည့် သဘော သက် ရောက်ပြီး သမ္မတရုံး၏ ပြောကြားချက်နှင့် ကွဲလွဲနေသည်ဟုလည်း သူ၏ Facebook စာမျက်နှာ၌ ရေးသားခဲ့သည်။
ယင်းသို့ တက္ကသိုလ်များနှင့် ပူးပေါင်းမှု ရပ်ဆိုင်းခြင်း ရှိမရှိ အပေါ် ဧရာဝတီက ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ တဦးထံ ဇန်နဝါရီလ ၈ ရက်က မေးမြန်းခဲ့ရာ ယင်းပုဂ္ဂိုလ်မှာ ခရီးသွားနေ၍ သတင်း အချက်အလက် မရရှိခြင်းကြောင့် အတည်ပြု ပြောကြားနိုင်ခြင်း မရှိခဲ့ကြောင်း ဦးမြင့်ဆွေက ရှင်းပြသည်။
ဆက်လက်ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အများလက်ခံနိုင်သော အဆင့်အတန်း ရှိသည့် နိုင်ငံခြား တက္ကသိုလ် များနှင့် ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန်မှုဖြင့် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီထက်ကောင်းတဲ့ တက္ကသိုလ် ဒီထက် အဆင့်ရှိတဲ့ တက္ကသိုလ်တွေနဲ့ ဆက် လက် ဆောင်ရွက်ဖို့ မဖြစ်မနေ လုပ်နေပါတယ်” ဟု ဒု အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြောသည်။
လက်ရှိတွင် ယင်းတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မမီသည့် အခြေအနေကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြန်လည် သုံးသပ်ကာ ပူးပေါင်း ဆောင်ရွက်ခြင်းကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြ၍ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးမြင့်ဆွေက “နိုင်ငံတကာ အဆင့်မမီဘူး ဆိုတဲ့ ဟာက ကျနော်တို့က ပြန်သုံးသပ်ပြီး ကိုယ့်အစီစဉ်နဲ့ ကိုယ် လုပ်တာပါပဲ။ သမ္မတရုံးက (ရပ်ဆိုင်းဖို့) ညွှန်ကြားတာမျိုးတော့ မဟုတ်ပါဘူး။ လုပ်မယ် ဆိုတာကိုတော့ သမ္မတရုံးကို တင်ပြပြီး လုပ်တာ ပါ” ဟု ရှင်းလင်းသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြည်သူ့ ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်ပြီးနောက် ဆရာ ဆရာမများကို အရည်အသွေး မြှင့် တင်ပေးရန် အတွက် နိုင်ငံတော် တာဝန်ရှိသူများထံ အဆင့်ဆင် တင်ပြပြီး ၂၀၁၇ ခုနှစ်တွင် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ပူးပေါင်းကာ သင်ကြားစေခဲ့ခြင်း ဖြစ်ကြောင်း၊ အခြားသော နိုင်ငံ့ ဝန်ထမ်း အဆင့်မြှင့်တင်သည့် သင်တန်းများနှင့် သက် ဆိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြောဆိုသည်။