တန်းတူညီမျှရေးအတွက် ဖွံ့ဖြိုးမှုလိုအပ်နေသည့် ဝေးလံခေါင်သီဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးပေး ကူညီဆောင်ရွက်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ်၊ ခေါင်လန်ဖူးသို့ရောက်ရှိစဉ် ပြောသည်။
နောင်မွန်မြို့နယ် မဂွေဇ – ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်းဖွင့်ပွဲ တက်ရောက်ခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နောင်မွန်၊ မချမ်းဘော၊ ပူတာအိုဒေသခံများနှင့်လည်း တွေ့ဆုံကာ ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အခြေအနေများအား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံတနိုင်ငံမှာ အားလုံးတပြေးညီဖြစ်တယ် ဆိုတာဟာလည်း နိုင်ငံ့ရဲ့ ဂုဏ် သိက္ခာ ပါပဲ။ ဒေသတခု ဖွံ့ဖြိုးသွားပြီဆိုရင် အဝေးက ဒေသတွေကိုလည်း ပိုပြီးတော့ဖွံ့ဖြိုးပေးဖို့ ကျမတို့မှာ ကူညီနိုင်တဲ့ အခွင့် အရေးတွေ ရှိသလို အခွင့်အရေး ပေးဖို့လည်း တာဝန်ရှိ တယ်လို့ ကျမအနေနဲ့ သဘောထား စေချင်ပါတယ်” ဟု ပြောသည်။
ပူတာအိုခရိုင်အတွင်း ပူတာအိုမြို့မှ အပ အခြားမြို့များမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ဆန်နှင့် အခြေခံ စားသောက် ကုန်များ ရှားပါးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နောင်မွန်၊ မချမ်းဘောမြို့များတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်များကို အခြားမြို့များတွင် ပုံမှန် ရောင်းချသည့် ဈေးထက် ၅ ဆခန့် ပေးဝယ်ရမှုများ ရှိနေသည်။
အအေးဒဏ်ကဲလွန်းသည့် ဒေသများ ဖြစ်သည့်အတွက်လည်း စပါး၊ ကြက်သွန်တို့ စိုက်ပျိုးရန် ခက်ခဲပြီး ဆန်ရှားပါးသည့် ကာလတွင် ဒေသခံများသည် ဒေသအခေါ် အူလိုင်အပင်၏ ပင်စည်အား ကျိတ်ပြီး အမှုန့်လုပ်ကာ ရေနွေးဖြင့် ဖျော်၍ ထမင်းအစားထိုး စားကြသကဲ့သို့ လာချားခရော့လုပ်ကာ သောက်စရာအဖြစ် စားသုံးကြသည်။

နောင်မွန်မြို့ဈေးတွင် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုမှ တဆင့် သယ်လာသည့် ကြက်သွန်ဖြူ၊ ဆား၊ ဆီ တို့ကို ရံဖန်ရံခါ ဝယ်ယူနိုင်ပြီး ကြက်သွန်နီဥ တလုံးကို အနိမ့်ဆုံး ၅၀၀ ကျပ်မှစ၍ ပေးဝယ်ရမှုများလည်းရှိသည်။
ငွေကြေးမတတ်နိုင်သည့် ဒေသခံများက ၎င်းတို့ နေထိုင်ရာ မြို့၊ ရွာများမှ ဆိုင်ကယ်ခရီး၊ ခြေလျင်ခရီးဖြင့် ပူတာအိုမြို့သို့ တတ်ကာ ဆန်ဝယ်ကြသည်။
မချမ်းဘောမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်တို့တွင် တာဝန်ကျသည့် ပညာရေးဝန်ထမ်းများမှာလည်း လစာ ထုတ်မည့် ရက်များတွင် ၇ ရက်မှ ၁၅ ရက်အထိ ကြာမြင့်သည့် ခြေလျင်ခရီးဖြင့် နောင်မွန်မြို့ကို လာထုတ်ယူ နေရသည်မှာ ယနေ့ထိ ဖြစ်သည်။
နောင်မွန်၊ မချမ်းဘောမြို့နယ်များရှိ ဒေသခံများမှာ ရေခဲတောင်ခြေများမှ ထွက်ရှိသည့် ဆေးဖက်ဝင် ဆေးမြစ်၊ သစ်ဖုများနှင့် တောရိုင်းတိရစ္ဆာန်များကို ရှာဖွေရောင်းချသည့် လုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ကြသည်။

လက်နက်ကိုင်ပဋိပက္ခများရှိနေသည့် တိုင်းရင်းသားဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက်များစွာရှိနေပြီး သိန်းချီသည့် စစ်ဘေးရှောင်များအနေဖြင့်လည်း စားသောက်ရေးနှင့် နေရပ်ပြန်ရေးတို့မှာ ခက်ခဲလျှက်ရှိနေသည်။
စစ်ဘေးရှောင်အများစုရှိနေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများ၌ အစိုးရ၏ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များမှာ ခေတ်အဆက်ဆက် အားနည်းခဲ့သည့်အပြင် လက်နက်ကိုင်ပဋိပက္ခများကလည်း အဓိက အဟန့် အတားဖြစ်နေသည်။
ဒေသခံများက တင်ပြခဲ့သည့် လမ်းတံတားလိုအပ်ချက်၊ ကျန်းမာရေးဆေးရုံနှင့် တိမ်ကောလယ်ယာမြေများ ပြန်လည် လုပ်ကိုင်နိုင်ရေး တို့နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်ပင်ကာ အမြန်ဆုံး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ကတိပေးခဲ့သည်။
နိုင်ငံ့တာဝန်များ ဆက်လက် ထမ်းဆောင်ကြရမည့် ကလေများအာဟာရပြည့်ဝရေးအတွက် အထူးကြိုးစားလုပ် ဆောင်ပေးလိုကြောင်းနှင့် ဒေသတွင်းကလေးငယ်များ အထက်တန်းအဆင့် အောင်ချက်ရာခိုင်နှုန်းများ မြှင့် တက်လာစေရေး အတွက်လည်း ဆရာ/ဆရာမများ အား မွမ်းမံသင်တန်းများနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မလိခ ကြိုးတံတား (မချမ်းဘော) နှင့် မြစ်ကြီးနား – ဆွမ်ပရာ ဘွမ်- ပူတာအို လမ်းပေါ်ရှိ မူလာရှီးဒီ ဂျစ်ကားကူးကြိုးတံတားတို့ကိုလည်း လေ့လာကြည့်ရှူခဲ့ကြောင်း သိရသည်။
နန်းလွင်နှင်းပွင့် ပူးပေါင်းရေးသားသည်။