မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်တပ်ဖွဲ့)နှင့် တအန်း (ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) တို့ ဖမ်းဆီးသွားသည့် ပြည်သူများ ပြန်လည် လွတ်မြောက်ရေး လိုအပ်သလို ဆောင်ရွက် သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်လုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့မှ ဒေသခံ တိုင်းရင်းသားများကို MNDAA နှင့် TNLA က အဓမ္မဖမ်းဆီးမှုများ ရှိနေပြီး ယင်းသို့ ဖမ်းဆီးခံထားရသူများအရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းထုတ်ချက်တွင် “MNDAA၊ TNLA အဖွဲ့များအနေဖြင့် ဒေသခံ တိုင်းရင်းသားများ အပေါ် အနိုင်ကျင့်ခြင်း၊ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားကို နှောင့်ယှက်ခြင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့သည်ကို တွေ့ရှိရသောကြောင့် တပ်မတော်အနေဖြင့် ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်ရေး လိုအပ်သလို ဆက်လက် ဆောင် ရွက်သွားမည်” ဟု ပြောထားသည်။
တပ်မတော်အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်ခဲ့သော်လည်း MNDAA ၊ TNLA အဖွဲ့ များက ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ ပြုလုပ်လာသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်အတွင်းရှိ တာရှောက်တီးကျေးရွာ၊ ကျန်ကြားကျိုင်းကျေးရွာ၊ ဖတ်တူ ကျေးရွာနှင့် ပန်ဟုန်း ကျေးရွာများသို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ တပ်ဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က သွားရောက်၍ အုပ်ချုပ်ရေးမှူး နေအိမ်များ၌ လူသစ်ပေးရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့ပြီး တာရှောက်တီး ကျေးရွာမှ ဦးဇီသွေးလျှံ၊ ဦးဇီရှောက်ကျုံး၊ ဦးကျန်ရှောက်ယွမ်နှင့် ဦးဝေလောက်တယ်၊ ကျန်ကြား ကျိုင်းကျေးရွာမှ ဦးရှန်ဖူးနှင့် ဦးစီတို့အား ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထုတ်ပြန်သည်။
ယင်းသို့ ဖမ်းဆီးခြင်းများကြောင့် ကျန်ကြားကျိုင်း ကျေးရွာနှင့် ပတ်ဝန်း ကျင် ကျေးရွာများမှ အိမ်ထောင်စု ၁၆၀ စု၊ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၂၅၅ ဦး၊ စုစုပေါင်း ၄၅၅ ဦး တို့သည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ စာကြည့် တိုက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ဇန်နဝါရီ ၇ ရက်တွင် ထွက်ပြေး တိမ်းရှောင် ရောက်ရှိလျက် ရှိသည်ဟုလည်း သိရသည်။
ဟိုလီကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်စိန် ကတော့ MNDAA ၏ လူသစ် စုဆောင်းမှုကြောင့် ညိုချန်းကျေးရွာ၊ မန်ဟွယ်ကျေးရွာ၊ ကြိုကော်ယင်းကျေးရွာ၊ ကျန်ကြားကျိုင်းကျေးရွာမှ အိမ်ထောင်စု ၈၀ မှ လူဦးရေ ၄၆၁ ဦး သည် ဟိုလီကျေးရွာ ဘက်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြကြောင်း၊ လက်ရှိတွင် သူကြီး အပါအဝင် လက်ထောက်သူကြီးနှင့် ရွာသား ၁၁ ဦးကို MNDAA က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးမောင်စိန် က “စုစုပေါင်း ၁၁ ယောက်ပါသွားတယ်၊ သူကြီးတွေ၊ လက်ထောက် သူကြီးတွေ၊ ရွာသားတွေ အစည်းအဝေး ခေါ်လို့ သွားတဲ့လူတွေက ဖမ်းခံရတာပါ၊ MNDAA က စုဆောင်ရေး အတွင်းဝင်ဆွဲလို့ ကြောက်အား လန့်အားနဲ့ ကျနော့်ရွာ လာပြီးတော့ စစ်ရှောင်လာကြတာ ကျနော့်ရွာနဲ့ ကွမ်းလုံမြို့က ၃ မိုင်ခွဲပဲ ဝေးတဲ့ အတွက်ကြောင့် ဒီဘက်ကို ရောက်လာတာပါ ၄၆၁ ယောက်ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်နေခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာ သွားသည့် အတွက် အခြေအနေ ပြန်လည် တည်ငြိမ်လာပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ထွက်ပြေး တိမ်ရှောင်လာသူများသည် မပြန်ရဲသေးသဖြင့် ဟိုလီကျေးရွာအတွင်းရှိ ကချင်ခရစ်ယာန် ဘုရားကျောင်း ၊ မြန်မာစာသင်ကျောင်း၊ ကိုးကန့် စာသင်ကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံးများတွင် နေရာချထား ပေး ထားသည်။
“သူတို့ကတော့ မပြန်သေးဘူး၊ အခြေအနေ နည်းနည်းကောင်းမှ ပြန်ကြမယ့် သဘောရှိတယ်၊ အိမ်ထောင်စု ၈၀ ၊ လူဦးရေ ၄၆၁ ယောက်၊ မြောင်ဇီလူမျိုး ၉၀ ရာခိုင်နှုန်းပါတယ်၊ ကိုးကန့်လူမျိုး ၁၀ ရာခိုင်နှုန်းပါတယ်။ အခု စားရေးသောက်ရေးကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေတဆင့် တပ်မမှူးတို့၊ ဗျူဟာမှူးတို့ကနေ လာထောက်ပံ့ထားတာရှိတယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေက လာထောက်ပံ့ထားတာရှိ တယ်၊ နောက် ကြက်ခြေနီတွေလည်း လာထောက်ပံ့တယ်”ဟု ဦးမောင်စိန် က ပြောသည်။
MNDAA ၏ လူသစ်စုဆောင်းနေမှုများကြောင့် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင် လာကြသည့် ဒေသခံများ အခြေအနေနှင့် ပတ်သက်ပြီး ကွင်းဆင်း သတင်းယူနေသည့် DVB မှ ရုပ်သံသတင်း ထောက် ကိုခွန်ဇော်ဦးက “ရွာတွေဘက်ကို တပ်မ ၉၉ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်၊ ရွာသွားတွေ အားလုံးကတော့ ကြောက်ရွံ့နေကြတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။
အလားတူ TNLA အဖွဲ့ အင်အား ၅၀ ဦး ခန့်သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာနှင့် ပန်မောင်းကျေးရွာများသို့ ဝင် ရောက်ခဲ့ပြီး ၎င်းကျေး ရွာများမှ ကျေးရွာသူ/သား ၁၈ ဦးတို့အား ဘိန်းစိုက်ပျိုးသည်ဟု အကြောင်းပြ၍ ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နမ့်ခမ်းမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က ယင်းသတင်း မှန်ကန်ကြောင်း ဆိုသည်။
ဦးအေးမောင် က “ရှင်းရှင်းပြောရမယ်ဆိုရင် ဒီအချိန်ကျတော့ ဘိန်းစိုက်တဲ့ ရာသီ၊ အဲဘိန်းခြံလုပ်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ခြံရှင်းပြီးတဲ့ အချိန် အဲခြံထဲကနေ ခေါ်သွားတယ်လို့ ကြားရတယ်၊ ဘိန်း ခင်းကိစ္စပါ TNLA က ခေါ်သွားတာပါ၊ အယောက် ၂၀ လို့ပြောပါတယ်။ အဲဒါလည်း ခိုင်လုံတဲ့ သတင်းပေါ့ဗျာ” ဟု ပြောသည်။
ထိုကဲ့သို့ TNLA က ဖမ်းဆီးသွားခြင်းသည် လူသစ်စုဆောင်းခြင်း မဟုတ်ဘဲ ဘိန်းခင်းများ လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးသွားခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လွတ်ရန်အတွက် လူမှုကွန်ရက် အဖွဲ့အစည်းများဖြင့် ဆွေးနွေးနေပြီး မည်သို့ ဆောင်ရွက်မလဲ အဖြေရှာနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ပြော သည်။
ဦးအေးမောင် က “ ဒီပတ်ဝန်းကျင်က တာကွန့်ကျေးရွာ၊ ပန်မောင်းကျေးရွာ အဲမှာ ဘိန်းခင်းကို သူတို့က ခိုးလုပ်တဲ့ဟာတွေ ရှိတာပေါ့နော်၊ ခိုးလုပ်တာက လျိုမြောင်းတွေကြားထဲမှာပေါ့၊ လူမရောက်တဲ့ရောပေါ့။ ဒါတွေကို သူတို့ကလည်း သိတယ်ပေါ့၊ သူတို့ သွားလာ လှုပ်ရှားတဲ့ နယ်မြေ ဖြစ်တော့ သူတို့အဲမှာ သွားပြီးတော့ ဘိန်းခင်း စောင့်တဲ့လူရော လုပ်တဲ့လူရော သူတို့ ဖမ်းသွားတဲ့ အခြေအနေမှာ ရှိပါတယ်၊ စစ်သား စုဆောင်းတာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
ကွမ်းလုံမြို့နယ်အတွင်းမှာ MNDAA က လူသစ်စုဆောင်းနေခြင်း အပါအဝင် နမ့်ခမ်းမြို့နယ် အတွင်းတွင် TNLA မှ တာကွန့် ကျေးရွာနှင့် ပန်မောင်းကျေးရွာမှ ဒေသခံ ၂၀ ဝန်းကျင်ကို ဖမ်းဆီး သွားခြင်းတို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရသည့်အတွက် တစုံတရာ မသိရပေ။
ထို့အတူ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုမှု မရှိပါ။
MNDAA နှင့် TNLA တို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်များ လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရ၊ တပ်မတော်တို့ဖြင့် ဆွေးနွေးနေသော လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။