သတင်း

ရဲအုပ်ချစ်ကိုကိုသည် တရားခံများ ပြစ်ဒဏ်သက်သာရေး လျော့ပေါ့စစ်ဆေးခဲ့ဟု တရားလိုထွက်ဆို

Want create site? Find Free WordPress Themes and plugins.

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသူ ရွှေပေါက္ကံနယ်မြေ စခန်းမှူးဟောင်း (ယခင်သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ်ချစ်ကိုကိုသည် တရားခံများ ပြစ်ဒဏ် သက်သာစေရေးအတွက် လျော့ပေါ့စစ်ဆေးခဲ့ကြောင်း တရားလို ဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။

ဦးမိုးနိုင်က “တရားခံများ ပြစ်ဒဏ်သက်သာစေရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် ရဲလုပ်ငန်းစဉ် တချို့ကို လုပ်ဆောင်ခဲ့ ခြင်းမရှိ” ဟုလည်း ဆိုသည်။

ယနေ့ ရုံးချိန်း တရားခွင်တွင် စွပ်စွဲခံရသူ ရဲအုပ်ချစ်ကိုကို၏ အကျိုးဆောင်ရှေ့နေ ဦးသန်းအောင်၏ မေးမြန်းချက်များအပေါ် ဦးမိုးနိုင်က အထက်ပါအတိုင်း ပြန်လည် ထွက်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ရဲအုပ်ချစ်ကိုကိုသည် သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုအား ရုပ်သိမ်းပေးခဲ့ရာတွင် ရဲလုပ်ငန်းများကို ကုန်စင်အောင် မလုပ်ခြင်း၊ သံသယတရားခံ ၃ ဦးထဲမှ သန်းထွဋ်အောင် (ခ) သားကြီး၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေ ကျပ် သိန်း ၃၀ ယူခဲ့ခြင်းတို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲခံထားရခြင်း ဖြစ်သည်။

ပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိ ရှိသူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ (သို့) လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူ မဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

တရားခွင်တွင် စွပ်စွဲခံရသူ၏ ရှေ့နေ ဦးသန်းအောင်က ၎င်း၏အမှုသည် ရဲအုပ်ချစ်ကိုကိုသည် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားခံများကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ရာ၌ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ၏ အကြံပြုချက် များအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့ သကဲ့သို့ ရဲလုပ်ငန်းစဉ်များကိုလည်း ပြည့်စုံစွာ ဆောင်ရွက်ခဲ့သည်ဟူသော အချက်များ ဖြင့် တရားလိုကို အဓိကထား မေးမြန်းခဲ့သည်ကို တွေ့ရသည်။

တရားလို ဦးမိုးနိုင်ကလည်း ရဲအုပ်ချစ်ကိုကိုသည် The One Entertainment Park ဝင်/ထွက်ဂိတ်ပေါက်မှ CCTV မှတ် တမ်း (တရားခံ ၃ ဦးလုံး ပါတီပွဲရောက်ခဲ့ကြောင်း အတည်ပြုနိုင်မည့်) ကို သိမ်းဆည်းမှု မပြုခဲ့ကြောင်း၊ တရားခံ ၃ ဦးထဲမှ မည်သူက အောင်ရဲထွေးကို (Vodka) အရက်ပုလင်းဖြင့် ရိုက်နှက်သည်ကို ပေါ်ပေါက်စစ်ဆေးသင့်ပါလျက် စစ်ဆေးခဲ့ခြင်း မရှိကြောင်း စသည်ဖြင့် ထွက်ဆိုခဲ့သည်။

ဦးမိုးနိုင် က “မိမိ တရားစွဲဆိုမှု အောင်မြင်နိုင်ရေးအတွက် အကောင်းဆုံး သက်သေခံချက်များ၊ သက်သေ အထောက်အထားများဖြင့် အမှုကို တည်ဆောက်ရမည်မှာ အမှုစစ်တဦး၏ တာဝန်ဖြစ်ပါတယ်” ဟု ပြောသည်။

လာမည့် ရုံးချိန်းကို ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားပြီး ယင်းနေ့တွင် တရားလိုကို ဆက်လက် စစ် ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများတင်ပြီး နာမည်ကြီး လာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစု က ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြော ဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြန်လည်စစ်ဆေးလျက်ရှိရာ စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ကို လူသတ်မှု ပုဒ်မ ၃၀၂(၂) ဖြင့်လည်း ကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့်လည်းကောင်း ပြီးခဲ့ သည့် ဇန်နဝါရီ ၇ ရက်နေ့က စွဲချက်တင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading