ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် အိမ်အကူမ ကရင်မ အမှုတွင် သံသယ တရားခံ၏ အိမ်အကူ ဟောင်းကို တရားလိုပြ သက်သေ စာရင်းမှ ထုတ်ပယ်လိုက်ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးက သတင်းရရှိသည်။
အိမ်အကူဟောင်း မဝေဝေလှိုင်သည် မကရင်မ အမှု သံသယ တရားခံ ဒေါ်သိင်္ဂီစုက မိမိအား နှိပ်စက်ခဲ့ဖူးကြောင်းလည်း ရဲစခန်းတွင် ဝန်ခံ ထွက်ဆိုထားသည့် သက်သေ တဦး ဖြစ်သည်။
အဆိုပါ အိမ်အကူဟောင်းကို တရားရုံးတွင် စစ်ဆေးရန် အတွက် ဆင့်ခေါ်ခဲ့သော်လည်း လိပ်စာပြောင်းရွှေ့သွားသည့် အပြင် မည်သည့် နေရပ်လိပ်စာသို့ ပြောင်းရွှေ့သွားသည်ကို ရှာဖွေ မရသဖြင့် သက်သေစာရင်းမှ ထုတ်ပယ်ခဲ့ရခြင်း ဖြစ်ကြောင်း တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုသည်။
ရှေ့နေ ဒေါ်စန်းစန်းမြင့်က“အမှုစစ်ရဲ ကနေပြီးတော့ မဝေဝေလှိုင်ကို ရှာဖွေ မရရှိကြောင်းကို ဥပဒေရုံးကို အကြောင်းကြား စာ ပြန်ဝင်တယ်။ မဝေဝေလှိုင်က ဆင့်ခေါ်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ သူ့လိပ်စာကို ရှာဖွေ မတွေ့တဲ့ အတွက် သူ တယောက်တည်းပဲ ကျန်တော့ ဆက် စောင့်နေမယ် ဆိုရင် အမှုက ကြန့်ကြာသွားမယ်”ဟု ပြောသည်။
မဝေဝေလှိုင်၏ ယခင် နေရပ်လိပ်စာကို ပြီးခဲ့သည့် ၁ လခန့် ကတည်းကပင် တောင်ပိုင်းခရိုင် တရားရုံးမှ အကြောင်းကြား စာ ပို့ထားသော်လည်း ယခင် နေရပ် လိပ်စာတွင် နေထိုင်ခြင်း မရှိတော့သဖြင့် နေရပ်လိပ်စာ အသစ်ကို ရှာဖွေစုံစမ်းမှုများ ပြုလုပ် နေ ခြင်း ဖြစ်သည်။
ရှေ့နေ ဒေါ်စန်းစန်းမြင့်က“လုံးဝကို ရှာလို့မရတာပါ ဆိုတဲ့ စကားအပေါ်မှာတော့ အတိုင်းအတာ တခုထိ ယုံကြည်တယ်။ အဲဒီ စကား နောက်မှာတော့ အဲဒီလို ရှာလို့ မရအောင် တစုံတယောက်ရဲ့ ပယောဂကြောင့်၊ တစုံတယောက် ဆောင်ရွက် ချက်ကြောင့် ရှာလို့မရတာလား ဆိုတာတော့ တပ်အပ် ပြောလို့ မရဘူးပေါ့”ဟု ပြောသည်။
သက်သေ အဖြစ် မဝေဝေလှိုင် လာရောက် ထွက်ဆိုခြင်း မရှိသဖြင့် အမှု၏ လေးနက်မှု အနည်းငယ် လျော့နိုင်သော်လည်း အမှုကို ထိခိုက်နိုင်လောက်သည် အထိ မရှိကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
အဆိုပါ အမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားပြီး မဝေဝေလှိုင် အပါအဝင် ၈ ဦးကို သက်သေမှ ထုတ်ပယ်ခဲ့ပြီး ဖြစ်ကာ တရားလိုပြ သက်သေ အားလုံးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ ရှိသူ ဒေါ်သိင်္ဂီစုကို ဇန်နဝါရီလ ၉ ရက်တွင် သံလျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် တရားရုံး၌ ၂၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး လာမည့် ရုံးချိန်းတွင် စွဲချက် တင်သင့် မတင်သင့်ကို နှစ်ဖက် ရှေ့နေများ က လျှောက်လဲချက် ပေးကြမည် ဖြစ်သည်။
သေဆုံးသူ မကရင်မသည် တပ်မတော် အရာရှိ ကတော် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။
အိမ်အကူ မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက်ကာ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်တွင် သေဆုံးခဲ့ပြီး မကရင်မ သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူ ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် –
မကရင်မ အမှုတွင် အိမ်ရှင်နှိပ်စက်ဖူးကြောင်း ရဲထံထွက်ချက်ပေးသူ ပျောက်နေ
အိမ်အကူ မကရင်မအမှု ရုံးချိန်းရက် မစစ်ဆေးနိုင်