မွန်ရပ်ရွာ ခေါင်းဆောင်များက မူးယစ်ဆေးစွဲ လူငယ်များ ပြန်လည် ထူထောင်ရေး ဌာနတခုကို မွန်ပြည်နယ် ရေး မြို့ နယ် တွင် တည်ထောင်ရန် စီစဉ်နေကြောင်း မွန် သတင်း ရင်းမြစ်များထံမှ သိရသည်။
ထို ပြန်လည် ထူထောင်ရေး ဌာန အတွက် မွန်ပြည်သစ် ပါတီ (NMSP)က မြေ ၃ ဧက လှူဒါန်းသည်။
တည်ဆောက်ရေး ကော်မတီဝင်များသည် ထိုမြေကွက်ကို စတင် ရှင်းလင်းရန် မြေထိုးစက် တစင်း အသုံးပြု လုပ် ဆောင် နေပြီး ရေပိုက်လိုင်းများ ချရန် စီစဉ်နေပြီဖြစ်သည်။ အဆောက်အအုံကို မကြာမီ ပြီးစီးရန် မျှော်လင့်ကြောင်း ကော်မတီဝင်များက ပြောသည်။
အဖွဲ့ဝင် ၄၅ ဦးပါ ထိုကော်မတီတွင် မွန်ပြည်သစ်ပါတီမှ ၁၅ ဦး၊ မွန်ဘုန်းတော်ကြီး ၁၅ ပါးနှင့် ရပ်ရွာမှ လူ ၁၅ ဦး ပါဝင် ပြီး ပြန်လည် ထူထောင်ရေးဌာနကို ရေရှည်လုပ်ငန်း အဖြစ် လုပ်ကိုင်မည်ဟု ၎င်းတို့က ဆိုသည်။
“ပြန်လည် ထူထောင်ရေးဌာန တည်ဆောက်ပြီးရင် မူးယစ်ဆေးစွဲ သူတွေကို အခမဲ့ ကုသပေးမယ်။ သူတို့ ဆေးပြတ် သွားရင် ပညာပေးရေးပါ လုပ်မယ်” ဟု ကော်မတီ ခေါင်းဆောင် တဦးဖြစ်သူ နိုင်တင်ရှိန်က ပြောသည်။
“ဒါက ရေရှည်စီမံကိန်းပဲ။ ကျနော်တို့မှာ ငွေ လုံလုံလောက်လောက်တော့ မရှိသေးပေမယ့် ဆက်လုပ်မယ်။ မွန် အသိုင်း အဝန်း ရဲ့ အလှူငွေကို မှီခိုရမှာပဲ။ လူနာတွေကို စောင့်ရှောက်ဖို့ မွန်ပြည်သစ်ပါတီက ဆေးဝန်ထမ်းတွေ လွှတ်ပေးမယ်” ဟုလည်း သူက ရှင်းပြသည်။
ထိုစီမံကိန်းတွင် ဝန်ထမ်းလခနှင့် ဆေးဖိုးငွေလိုသည်။ မွန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ရပ်ရွာခေါင်းဆောင်များ က ထိုစရိတ်များကို ကျခံရန် ကမ်းလှမ်းထားသည်။
“တကယ်တော့ ဒီလိုစီမံကိန်းမျိုးဆိုတာ အစိုးရရဲ့တာဝန်ပဲ။ သူတို့က မလုပ်ဘူး။ ဒါကြောင့် ကိုယ့်တိုင်းရင်းသားကို ကိုယ်ကူညီရမယ်” ဟုလည်း နိုင်တင်ရှိန်က ပြောသည်။
အထူးသဖြင့် မက်သာဖက်တမင်း မူးယစ်ဆေးဝါးများသည် မွန် အသိုင်းအဝန်းအတွက် ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်နေပြီး မူးယစ်ဆေးစွဲခြင်းမှာ လူငယ်များကြား ကြီးထွားနေသော ပြဿနာ ဖြစ်နေသည်။
မူးယစ်ဆေးစွဲ သူများ၏ မိသားစုများမှာ ဆေးစွဲသူများ ဘဝသစ် စတင်နိုင်ရန် မည်သည့်နေရာသို့ ပို့ဆောင်ရမည်ကို လည်း မသိဖြစ်နေသည်။
ထို့ကြောင့် မွန် အသိုင်းအဝန်း ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့ အသိုင်းအဝန်းကို ကယ်တင်ရန် တခုခု လုပ်ရမည် ဟု ခံစားမိကြောင်း ကော်မတီဝင်များက ပြောကြသည်။
“ကျနော်တို့ အသိုင်းအဝန်းမှာ မူးယစ်းဆေးအန္တရာယ် အဓိက ရင်ဆိုင်ရတာ လူငယ်တွေပဲ။ သူတို့တွေဟာ အနာဂတ် မွန် ခေါင်းဆောင်တွေပဲ။ သူတို့ကို ကျနော်တို့ ကူညီရမယ်။ မကူညီရင် ဒီရောဂါက ပိုဆိုးလာမယ်”ဟု နိုင်တင်ရှိန်က ဆိုသည်။
ထိုပြဿနာ၏ အကြောင်းရင်းတခုမှာ မွန်လူငယ် အများအပြားသည် ဘွဲ့ရပြီးသော်လည်း အလုပ်လက်မဲ့ ဖြစ်နေကြ သော ကြောင့်ဟု သူက ရှင်းပြသည်။
သူတို့၏ အနာဂတ် ပျောက်ဆုံးနေသောကြောင့် တချို့က မက်သာ ဖက်တမင်း သုံးစွဲကြကြောင်းလည်း နိုင်တင်ရှိန် က ဆက်ပြောသည်။
ယခု တည်ဆောက်နေသော ပြန်လည်ထူထောင်ရေး ဌာနသည် မုဒုံ၊ သံဖြူဇရပ်နှင့် မော်လမြိုင် စသည့် မြို့နယ်များနှင့် အလှမ်း ဝေးကြောင်း၊ သို့သော်လည်း အသိုင်းအဝန်း အများစုသည် ၎င်းတို့ကြားတွင် မူးယစ်ဆေးစွဲ ပြန်လည် ထူထောင် ရေး စခန်းဖွင့်မည့် အစီအစဉ်ကို လက်မခံသောကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ဖွင့်လှစ်ရ ခြင်း ဖြစ်ကြောင်းလည်း နိုင်တင်ရှိန်က ရှင်းပြသည်။
မွန်ပြည်နယ် အစိုးရသည် မူးယစ်ဆေး သုံးစွဲသူများ ကိစ္စကို ကိုင်တွယ်ရန် ပျက်ကွက်နေကြောင်း ၎င်းက ပြောသည်။
ရာနှင့်ချီသော မွန် တိုင်းရင်းသားများသည် မူးယစ်ဆေးစွဲနေပြီး ကုသရန် လိုအပ်နေသော်လည်း တခုတည်းသော ကုသ ပေးနိုင်သည့် နေရာမှ မော်လမြိုင်ဆေးရုံမှ အခန်းငယ် တခုသာဖြစ်ကြောင်း နိုင်တင်ရှိန်က ဆိုသည်။
ယခုတည်ဆောက်မည့် ပြန်လည်ထူထောင်ရေး ဌာနသည် အခမဲ့ ကုသပေးမည့် နေရာဖြစ်ပြီး အစားအစာ၊ ဆေးကုသ မှုနှင့် နေထိုင်ရန် နေရာ စသည့် လိုအပ်ချက်များကို စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေး အန္တရာယ် ဆိုင်ရာ ပညာပေးမှု များကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မွန်အသိုင်းအဝန်း၏ စီးပွားရေး၊ ပညာရေး အပါအဝင် ကဏ္ဍ အများအပြားမှာလည်း ဆိုးရွားစွာ ထိခိုက်နေကြောင်း တခြားသော ကော်မတီဝင် တဦးဖြစ်သူ နိုင်အောင်ထူးက ပြောသည်။
မွန် အသိုင်းအဝန်းကြား မူးယစ်ဆေးသုံးစွဲမှု ပြဿနာသည် အကျပ်အတည်း အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းနှင့် ပြဿနာသည် စာသင်ကျောင်းများ အထိပင် ပျံ့နှံ့ နေကြောင်းလည်း သူက ပြောသည်။
မူးယစ်ဆေး သုံးသူများကို ပစ်မှတ်ထား ဖမ်းဆီးပြီး ရောင်းချသူများ လွတ်မြောက်နေသည်ကို ထောက်ပြကာ ရဲတပ်ဖွဲ့ ကိုလည်း နိုင်အောင်ထူးက ဝေဖန်သည်။
လဝီဝမ်သည် ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။