၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြုစုရာတွင် အမှားရှိပါက တာဝန်ယူမှု၊ တာဝန် ခံမှု ရှိရမည် ဖြစ်ပြီး ကော်မရှင် အနေနဲ့နှင့်လည်း အလျှော့ပေးမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
ဦးလှသိန်းက“ကျနော့် မှာလည်း တာဝန် ရှိတယ်။ ရွေးကောက်ပွဲ အရာရှိတွေ၊ တိုင်း အရာရှိတွေ၊ အဆင့်ဆင့် ပေါ့လေ။ တိုင်း အရာရှိတွေ အရေးကြီးဆုံးပဲ။ ကိုယ့်တိုင်းဒေသကြီး၊ ပြည်နယ်မှာ ဖြစ်ထားတဲ့ ကိစ္စ မှန်သမျှ မဲစာရင်း ပြဿနာ ဆရာတို့ တာဝန် ယူရပါမယ်။ ဒီကိစ္စမှာ အလျှော့အတင်း မရှိဘူး”ဟု ပြောသည်။
ဇန်နဝါရီလ ၉ ရက်က နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ပြုလုပ်သည့် တနိုင်ငံလုံး အဆင့် မဲဆန္ဒရှင် စာရင်းပြုစု ခြင်း လုပ်ငန်း စတင်ခြင်း သင်တန်း ဖွင့်ပွဲ အခမ်းအနား ရပ်နားချိန်တွင် ပြောခြင်း ဖြစ်သည်။
ဦးလှသိန်းက“ကျနော်တို့ ၂၀၁၇၊၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်းကတော့ ၂၀၁၅ မဲစာရင်းကို အခြေခံပြီး လုပ် ပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကတော့ မဲစာရင်း အသစ် ပြုစုတာ ဖြစ်ပါတယ်။ ဒီလို ပြုစုတဲ့ နေရာမှာ အမှား အယွင်း တွေ နည်းအောင် ပြည့်စုံ မှန်ကန်မှု ရှိအောင် ဒီလို သင်တန်းတွေ ပို့ချရခြင်း ဖြစ်ပါတယ်။ မဲစာရင်းက အရေး ကြီးဆုံး ပါပဲ”ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှ အားနည်းချက်များ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ မဖြစ် စေရန် ကြိုတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကော်မရှင်ရယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရယ်၊ လူဝင်မှု ကြီးကြပ်ရေးရယ် ဒီ ၃ ခု ပေါင်းစပ်ပြီး ဆောင်ရွက် တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် တခု၊ တဖွဲ့က ချို့ယွင်းသွားရင် အားနည်းချက် ဖြစ်လာမှာပေါ့။ ကော်မရှင် ဘက်တော့ အား နည်းချက် မရှိအောင် ဆောင်ရွက်ပေးမှာပါ။ ဝန်ကြီးဌာန ၂ ခုကလည်း ကျနော်တို့ကို အားဖြည့်ပြီး ကူညီပေးရင် ပြည့်စုံ မယ်လို့ ထင်ပါတယ်”ဟု ဦးလှသိန်းက ဆက်ပြောသည်။
International Foundation for Electoral Systems (IFES) Myanmar ၏ ဌာနေ ညွှန်ကြားရေးမှူး Mr. Paul Guerin ကလည်း“မဲစာရင်း ပြုစုခြင်း လုပ်ငန်းက ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်ပါ တယ်။ နိုင်ငံသား တယောက် မဲစာရင်း မပါဘူး ဆိုရင် သူ့မှာ မဲပေးပိုင်ခွင့် မရှိပါဘူး။ ကျနော်တို့ဆီမှာ ကောက်ယူထား တဲ့ စစ်တမ်းတွေ အရ ဆိုရင်၂၀၂၀ ပြည့်နှစ်မှာ မဲစာရင်းထဲမှာ ထည့်သွင်းရမယ့် မဲဆန္ဒရှင် အသစ် စုစုပေါင်း ၅ သန်း ခန့် ရှိပါတယ်။ ဒီအသစ် ထည့်ရမယ့် မဲဆန္ဒရှင်တွေကို စနစ်တကျ ပါဝင်ဖြစ်အောင် ဆိုရင် လိုအပ်တဲ့ သင်တန်းတွေ ပေးပြီးတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ မဲစာရင်းကို ပြုစုရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲ အရာရှိများ အနေဖြင့် အခက်အခဲများရှိပါက ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ထံသို့ ၂၄ နာရီ တင်ပြနိုင်ကြောင်း၊ ထိုသို့ တင်ပြမှု မရှိ၍ မိမိတိုင်း ဒေသကြီး၊ ပြည်နယ် အတွင်း ဖြစ်ပေါ်လာသည့် မဲစာရင်းပြဿနာများကို မိမိကိုယ်တိုင် တာဝန်ယူရမည် ဟုလည်း ဦးလှသိန်း က ပြောဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း“UEC အနေနဲ့ အတွေ့ အကြုံ သိပ်မရှိသေးဘူး။ အတွေ့အကြုံ မရှိလို့ အမှားအယွင်း ရှိတာကို နားလည် လက်ခံလို့ ရတယ်။ သို့သော် လည်း ရည်ရွယ်ချက် ရှိရှိနဲ့ မိမိကို ခန့်အပ် တာဝန်ပေးထားတဲ့ ပါတီ အစိုးရကို ဘက်လိုက်တာမျိုးတေ့ာ မဖြစ်စေချင် ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ယခင် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လက်ထက်တွင် လိုအပ်ချက်များ ရှိခဲ့ပြီး ယခု ဦးလှသိန်း လက်ထက်တွင်လည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း ကော်မရှင် အနေနှင့် ရိုးသား ဖြောင့်မတ်ရန်၊ ဘက်မလိုက်ရန် လိုအပ်ကြောင်း လည်း ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်း မြင်သာမှု ရှိရမည်ဖြစ်ပြီး အများ ယုံ ကြည်သည့် ရွေးကောက်ပွဲ ဖြစ်၍ ရွေးကောက်ပွဲ ရလဒ်သည် ပြည်သူ့ ဆန္ဒနှင့် တထပ်တည်း ဖြစ်ရမည် ဟူသော အဓိက စံသတ်မှတ်ချက် ၅ ချက်ဖြင့် ဦးတည် ဆောင်ရွက်နေကြောင်း ဦးလှသိန်း က ပြောသည်။
အဆိုပါ သင်တန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် IFES အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး မဲစာရင်း ပြုစုခြင်း ဆိုင်ရာ မူဝါဒများတွင် ပါဝင်သည့် အချက်လက် ရိုက်သွင်းခြင်း၊ ဆိုက်ဘာ သန့်ရှင်း လုံခြုံခြင်း၊ ထိန်းသိမ်းခြင်းနှင့် အရန် Data ထိန်းသိမ်း ထားရှိခြင်း စသည်များကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက် အထိ သုံးရက်ကြာ သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။