မြန်မာနိုင်ငံသည် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပါက အပြောင်းအလဲများကို တနှစ် အတွင်း မြင်ရလိမ့်မည်ဟု ယုံကြည်မှု ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြော သည်။
ယနေ့ ကျရောက်သည့် ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာစဉ် မြစ်ကြီးနားမြို့ မနော ကွင်း၌ ပြောဆိုခြင်း ဖြစ်သည်။
“ကျမတို့ နိုင်ငံသာ အေးချမ်း သာယာသွားမယ် ဆိုရင် ကျမတို့ နိုင်ငံအတွင်းမှာသာ ငြိမ်းချမ်းရေး ရမယ် ဆိုရင် သမ္မတ ကြီး မိန့်ဆိုခဲ့တဲ့ အတိုင်းပဲ ၁၀ နှစ် အတွင်းတောင် မဟုတ်ဘူး။ ၁ နှစ် အတွင်းမှာတောင် အပြောင်းအလဲတွေကို မြင်ရ လိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
ပြည်တွင်း စစ်မီး အမှန်တကယ် ငြိမ်းမည် ဆိုပါက ငြိမ်းပြီးနောက် တနှစ် အတွင်း အပြောင်းအလဲများကို သိသိသာသာ မြင်ရလိမ့်မည် ဖြစ်ကြောင်း၊ သို့သော် လိုချင်သည့် ခိုင်မာသည့် အခြေအနေမူ သမ္မတ ဦးဝင်းမြင့် ဆိုလိုသည့် အတိုင်း ၁၀ စုနှစ် တခုခန့် စနစ်တကျ ခိုင်မာအောင် လုပ်ရမည်မှာ အားလုံး၏တာဝန် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြား သည်။
ယနေ့ ကျရောက်သော ကချင်ပြည်နယ် နေ့သို့ သမ္မတ ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာတွင် ကချင်ပြည်နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းသွားပါက ဆယ်စုနှစ်ကာလ အတွင်းမှာပင် အရှိန်အဟုန်ဖြင့် ထူးထူးကဲကဲ တိုးတက် လာနိုင်မည့် အနေအထားကို စိတ်ကူးပုံဖော် မျှော်မှန်းကြစေလိုကြောင်း ဖော်ပြထားသည်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတွင် အစည်းအဝေးများသို့ ကချင်ပြည်နယ် ကိုယ်စားပြု တက် ရောက်မှုများ မြင်တွေ့ ရမည့်နေ့ကို အားလုံးကလည်း မျှော်လင့်စောင့်စားလျက် ရှိနေကြပါသည်”ဟု သမ္မတ၏ သဝဏ် လွှာတွင် ရေးသား ထားသည်။
“ခရီးတခုကို စဖို့ဆိုတာ ပထမ ခြေလှမ်းက အရေးကြီးဆုံးပါပဲ။ ကျမတို့ရဲ့ ပြည်ထောင်စုကြီး တကယ် ခိုင်မာဖို့ အတွက် တိုးတက်ဖို့ အတွက်၊ ဖွံ့ဖြိုးဖို့အတွက် စပြီးတော့ လှမ်းမယ့် ခြေလှမ်းကတော့ ငြိမ်းချမ်းရေး ခြေလှမ်းဖြစ်တယ်ဆိုတာ ထပ်ပြီးတော့ သတိပေးပါရ စေ။ ဒါဟာလည်း အမြဲပဲ ကြုံတိုင်းလည်း သတိပေးနေတဲ့ ကိစ္စမို့ အထူးအထွေတော့ ပြောဖို့ မလိုပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က မနောကွင်းတွင် ပြောသည်။
ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ငြိမ်းချမ်းရေး ရရှိနိုင်ရန် လက်ရှိ အကောင်အထည် ဖော်နေသည့် အနေအထား၊ အခြေအနေနှင့် တပ်မတော်၏ သဘောထားများကို ခြုံငုံ သုံးသပ်ပါက ငြိမ်းချမ်းရေး ရရှိရန်မှာ မလွယ်သေးကြောင်း၊ နှစ်ပေါင်းများစွာ ကြာခဲ့သည့် ပြည်တွင်းစစ်သည် ယနေ့ အချိန် အထိ အပြီးသတ်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း ပြောသည်။
၎င်းက“တကယ်တမ်းသာ ဆန္ဒရှိရင် မနက်ဖြန် သန်ဘက်ခါတောင် ရနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းရင်းသား တွေ တောင်းဆိုနေတဲ့ တန်းတူ ညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ဆိုတာက တပ်မတော်ရဲ့ သဘောထား အပေါ်မှာ မူ တည်တယ်။ တပ်မတော်က လက်ခံတယ်လို့ ပြောလိုက်တာနဲ့ ချက်ချင်း ပြီးသွားနိုင်တဲ့ အနေအထားမျိုးလို့တောင် ပြောလို့ရတယ်”ဟုလည်း ပြောဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန် ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်သည် တိုင်းရင်းသားများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ အထောက်အကူများ ဖြစ်ခဲ့ပြီး ဒေသဖွံ့ ဖြိုးမှု ရှိစေချင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စေတနာကို ပြည်သူက အသိ အမှတ် ပြုလျက်ရှိကြောင်း ပြောသည်။
“သမ္မတက ငြိမ်းချမ်းသွားရင် ၁၀ နှစ် အတွင်း ဖွံ့ဖြိုးသွားမယ်။ သူ(ဒေါ်အောင်ဆန်းစုကြည်)ကတော့ တနှစ်အတွင်း ကြိုးစားသွားမယ် လို့ ပြောသွားတယ်။ မနောကွင်းမှာ လူမျိုးစုတွေနဲ့ တွေ့တယ်။ ရပ်မိရပ်ဖတွေရော၊ တခြား နိုင်ငံရေး ပါတီဝင်တွေရော။ လူမျိုးစု ခေါင်းဆောင်တွေရော တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်လို့ သိရတယ်။ မနောကွင်းမှာ မိန့်ခွန်း ပြောတယ်၊ ဝင်ကတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အချိန်အထိ ပြည်သူလူထု လိုလားသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အပြည့်အဝ မဖြစ်သေးကြောင်း၊ ထိုသို့ ဖြစ်လာစေရန် အစိုးရ သာမက ပြည်သူလူထု တရပ်လုံးကပါ ဝိုင်းဝန်းကြိုးစားရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။
“အစိုးရ တခုတည်းကိုပဲကို အားကိုးတယ် ဆိုတာ ဒီမိုကရေစီ မဆန်ပါဘူး။ တကယ်တော့ ဒီမိုကရေစီ ဆိုတာ ပြည်သူ လူထုဆီမှာ အခြေခံတဲ့ စနစ်မို့လို့ ပြည်သူ လူထုအားကိုလည်း အစိုးရများက ပြန်ပြီးတော့ အားကိုးရပါတယ်”ဟု ၎င်းက ပြောဆိုသွားသည်။