သတင်း

အတိတ်သမိုင်းကို ထွေးပွေ့ထားဆဲဖြစ်သည့် မြန်မာနိုင်ငံမှ ဂျူးအသိုင်းအဝိုင်း

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်လက ဂျူးလူမျိုးတို့၏ မီးထွန်းပွဲဖြစ်သည့် ဟနွတ်ကပါတီ (Hanukkah party)ပွဲကို ရန်ကုန် မြို့ ချက်ထရီယမ် ဟိုတယ်တွင် ဧည့်ပရိတ်သတ် ၂၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။

ထိုပွဲကို ကြိုတင်သိမထားဘဲ တက်ရောက်ဖြစ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တဦးအတွက်မူ “ဒီနေရာမှာ ဂျူးလူမျိုး တွေရှိ နေပါလား” တအံ့တသြ ဖြစ်စေမည်ဖြစ်သည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံရှိ လက်ရှိ ဂျူးလူမျိုးအသိုင်းအဝန်းမှာ အယောက် ၂၀ သာရှိ၍ လျော့ကျနေ ပြီဖြစ်ပြီး၊  ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ချိန် ဂျူးအများစုမှာ ထွက် ပြေးခဲ့ရသည်။

အကြောင်းမှာ ဂျူးတို့သည် အင်္ဂလိပ်တို့နှင့် နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ ထားသဖြင့် ဝင်ရိုးတန်း အင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်က လိုက်လံချေမှုန်း နေခြင်းကြောင့်ဖြစ်သည်။

၁၉၆၀ ပြည့်လွန်နှစ်များ၏ အလယ်အပိုင်းအထိ ဂျူးအများစု မြန်မာပြည်တွင်း၌ ရှိနေခဲ့ကြပြီး တော်လှန်ရေးကောင်စီက စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ရာ ဂျူးများအတွက် မြန်မာ ပြည်ကို စွန့်ပစ်ထွက် ပြေးရန် ထပ်မံအကြောင်း ဖန်လာခဲ့လေသည်။

ယခုအခါ မြန်မာမြေရှိ လက်ကျန် ဂျူးအသိုင်းအဝိုင်းကို လက်တွေ့အားဖြင့်ခေါင်းဆောင်နေရသူမှာ အသက် ၃၈ နှစ်ရှိ ဆမ်မီ ဆင်မျူရယ်ဖြစ်ပြီး၊ ဤရေမြေတွင် ဂျူးတို့ ပြန်လည် ခေါင်းထောင် မလာနိုင် စေကာမူ ၎င်းတို့အနာဂတ်အတွက် တောင့်ခံ ထားဆဲရှိသည်။

မကြာသေးမီနှစ်များက ဆင်မျူရယ်၏ ဖခင် မိုရှေးက ကမ္ဘာလှည့်ခရီးသွားများကို ကြိုဆိုရန် ရည်ရွယ် ၍ ရန်ကုန်မြို့ရှိ တခု တည်းသော ရဟူဒီ(ဂျူး)ဘုရားကျောင်းကို နေ့စဉ်ဖွင့်လှစ်ပေးပြီး ဂျူး အသိုင်း အဝိုင်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

၂၀၁၅ ခုနှစ် သူ့ဖခင် ကွယ်လွန်သွားပြီးနောက် ဆင်မျူရယ်က ယင်းတာဝန်ကို ဆက်ခံခဲ့ပြီး သူ၏ အသိုင်းအဝိုင်းလေး ရှင်သန်နေစေရေး လူမှုမီဒီယာနှင့်ခရီးသွားလုပ်ငန်းကို အားပြုခဲ့ရသည်။

သို့သော် ခြောက်သွေ့နေသော သမိုင်းတခုကို လတ်ဆတ်သော ရေစင်တို့ဖြင့် တဖန် ဆန်းသစ်နေချိန် ဝယ် မြန်မာ့နိုင်ငံရေး က ရခိုင်ရှိ မွတ်ဆလင်များကို စစ်တပ်က နှိမ်နင်းသည်ဟု ကင်ပွန်းတပ်ခံရကာ ခရီးသွားလုပ်ငန်း ကျဆင်းပြီး စွန့်စားလုပ် ကိုင် ရသည့်အခြေသို့ ဆိုက်ရောက်သွားရပြန်သည်။

“ကျနော်တို့က အသိုင်းအဝိုင်းကျဉ်းပြီးတော့ ဘာဆောင်ရွက်ချက်မှ မရှိဘူးလို့ (လူတိုင်း)က ထင်နေကြ တယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးကိုတော့ ကျနော်တို့ ကျင်းပပါတယ်။ အစိုးရဘက်က တာဝန်ရှိသူ တွေ လည်း လာပါတယ်။ သံရုံးနဲ့၊ မိတ်ဆွေတွေနဲ့ မိသားစုတွေရော လာကြတယ်ပေါ့” ဟု ဒီဇင်ဘာလ ၇ ရက်က ကျင်းပသည့် ဟနွတ်ကပါတီပွဲနှင့်ပတ်သက်၍ ဆင်မျူရယ် က ရှင်းပြသည်။

ဂျူးအသိုင်းအဝိုင်းသည် ၁၈၀၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းမှ ၁၉၄၂ ခုနှစ်အထိ တဟုန်ထိုး ကျယ်ပြန့်လာခဲ့သည်။

ယင်းသို့ ဂျူးလူဦးရေ အထွတ်အထိပ် ရှိခဲ့စဉ်က ယနေ့အထိ ဘားမားဟု ခေါ်နေကြသော မြန်မာ့မြေ ပေါ်တွင် ဂျူးလူမျိုး ၃၀၀၀ နေထိုင်ခဲ့ကြသည်။

ယင်းဂျူးတို့အနက် အချို့မှာ ပြည်တွင်း၌ အာဏာပိုင်များအဖြစ် ရပ်တည်ခဲ့ရာ ၁၉၃၀ ပြည့်လွန်နှစ် များက ဒေးဗစ်ဆိုဖား ဆိုသူသည် ထိုစဉ်က ရန်ဂွန်း (Rangoon) ဟုခေါ်သည့် ရန်ကုန်တွင် မြို့တော် ဝန်ဖြစ်ခဲ့ဖူးသည်။ ယင်းကာလ၌ မြန်မာနိုင်ငံ သည် ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်းတခု အဖြစ် သာ ရှိနေဆဲဖြစ်သည်။

တချိန်က ရန်ကုန်မြို့တော်၏ လမ်းများတွင် ဂျူးစားသောက်ဆိုင်များ၊ ဆေးဆိုင်များနှင့် ကျောင်းများ ရှိနေခဲ့သည်။

ယင်းလုပ်ငန်းများတိမ်မြုပ်သွားပြီဖြစ်သော်လည်း ဂျူးအမှတ်အသား ၆ ထောင့်ကြယ်ပုံပါ ဒါဝိဒ်ကြယ် များ(Stars of David)က ရန်ကုန်မြို့ရှိ အဆောက်အဦအချို့တွင် ထင်ရှားစွာမြင်နေရဆဲဖြစ်ပါသည်။

မြို့လယ်မှ လာလျှင် မိနစ် ၄၀ သာကြာသည့် စာသင်ကျောင်း တကျောင်း၊ ရန်ကုန်မြို့လယ်ခေါင်ရှိ အသားအရေ ထိန်း သိမ်းမှု အလှပြင်ဆိုင်၊ ဂျူးဘုရားကျောင်းမှ လမ်းကူးလိုက်လျှင် တွေ့ရမည့် အိမ်သုတ်ဆေးဆိုင်တို့တွင် အဆိုပါ ဂျူး ၆ ထောင့် ကြယ်အမှတ်အသားကို မြင်နိုင်ကြသည်။

၁၉၂၀ ပြည့်လွန်နှစ်များက ထင်ရှားသော ဗြိတိသျှစာရေးဆရာ ဂျော့အော်ဝဲလ်သည် မြန်မာနိုင်ငံ၌ ကိုလိုနီရဲအရာရှိ အဖြစ် အမှုထမ်းစဉ်က သည်ရေမြေတွင် ဂျူးများရှိနေခြင်းကို အမြင်မကြည်စွာဖြင့် မှတ်တမ်းတင်ခဲ့သည်။

ဤနိုင်ငံအတွင်း ဗြိတိသျှ လှုပ်ရှားလည်ပတ် နေမှုများသည် “အင်္ဂလိပ်(သို့မဟုတ်) ဂျူးနှင့် စကော့ တလန်ဂိုဏ်းများ ကုန်သွယ်ရေး လက်ဝါးကြီး အုပ်နိုင်ဖို့ ကိရိယာတခုအဖြစ်ရှိနေကြောင်း” သူက ပြစ်တင်ရှုတ်ချခဲ့သည်။

“ကျနော်တို့ အဘိုးရဲ့အဖေက ရန်ကုန်ကို ၁၉ ရာစုအလယ်ပိုင်းမှာ ရောက်လာခဲ့ပါတယ်” ဟု ဂျေရုဆလင်ပို့စ် သတင်း ဌာနနှင့် အင်တာဗျူးတွင် ဆင်မျူရယ်က ပြောပြသည်။

စာရေးဆရာကြီး ဂျော့အော်ဝဲလ်က ဂိုဏ်းဟုဆိုခဲ့သော ဆင်မျူရယ်၏ မိသားစုကဲ့သို့ ဂျူးအသိုင်း အဝိုင်းသည် အများအပြား တိုးပွားလာခဲ့သည်။ ၎င်းတို့သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှ စီးပွားရေး ရှာရန် ရည်ရွယ်၍ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ၁၉ ရာစုလက်ရာ မတ်စ် မီးယား ရေရှူအာဘုရားကျောင်းသည် ရွှေတဝင်းဝင်းဖြင့် စေတီ ပုထိုးများရှိသည့် နိုင်ငံပေါ် ခိုင်မာစွာရပ်တည်နေပြီး မြို့လယ်ရှိ မွတ်ဆလင် အိမ်နီးချင်း အများစု နေထိုင်ရာကြားတွင် အစောင့်အကြပ် အပြည့်အ၀ မရှိဘဲနှင့် ကျန်ရှိနေပါသည်။

“ဒီက လူတွေက ဂျူးမုန်းတီးရေးဝါဒ ဆိုတာကို နားမလည်ကြဘူး။ အဲဒီစကားလုံး ဒီမှာမရှိလို့ ဘုရားသခင်ကို ကျေးဇူးတင် ရပါတယ်” ဟု မြန်မာအမည် အောင်စိုးလင်းဟုခေါ်သည့် ဆင်မျူရယ်က ရှင်းပြသည်။

ဂျူးဘုရားကျောင်း ပတ်ပတ်လည်ရှိ ဆိုင်ပိုင်ရှင်များမှာ ရိုးရာမြန်မာလုံချည်နှင့် မွတ်ဆလင် ခေါင်း ဆောင်း၊ ဝတ်စုံရှည် ဝတ်ထားသူ အများစုဖြစ်သည်။

သူတို့သည် ဂျူးဘာသာအပေါ် သဘောထား တင်းမာသူများ မဟုတ်ကြဘဲ အိမ်သုတ်ဆေးနှင့် ကော် များကို ရောင်းဝယ် ဖောက်ကားနေကြပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းအချို့လည်း ရောင်း ကြဝယ်ကြသည်။

ယင်းဆိုင်ရှင်များမှာ ဆယ်ကျော်သက် လူငယ်များ၊ လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းများ ဖြစ်ကြပြီး ကွမ်းယာဝါး၍ ကွမ်း တံထွေးများ လမ်းပေါ်ထွေးကြရာ လမ်းတလျှောက်မှာ ကတ္တီပါရောင်ထကာ နီရဲနေသည်။

မြန်မာလူမျိုးနှင့် ဘာသာရေးအဖွဲ့များကို အစ္စရေးနှင့် တိုက်ရိုက် ထောက်ရှုသဖြင့် လေးစားမိကြောင်း ဆင်မျိူရယ်က ပြောပြသည်။

မြန်မာနိုင်ငံသည် အာရှတွင် အစ္စရေး၏ပထမဆုံးမိတ်ဆွေဖြစ်ကြောင်း Tablet မဂ္ဂဇင်းတွင် ဂျိုးဖရီး မန်းက ရှင်းပြထားသည်။

နှစ်နိုင်ငံစလုံးသည် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်တွင် ပြိုင်တူရခဲ့ကြ၍ မြန်မာ့ ပထမ ဆုံးဝန်ကြီးချုပ် ဦးနုက အစ္စရေးအပေါ် ပျော့ပျောင်းသည့် သဘောထားရှိခဲ့ပြီး အစ္စရေးပထမဆုံး ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်နှင့် အနီးကပ် ဆက်ဆံရေးရှိခဲ့သည်။

ဦးနုသည် ဂျူးတို့တိုင်းပြည်ဖြစ်သော အစ္စရေးနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံတကာမှ ပထမဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သည်။

“မြန်မာပြည်သူလူထုကို ခင်ဗျားက ဂျူးဝါဒအကြောင်းပြောမယ်ဆိုရင် သူတို့ သိပ်မသိကြဘူး။ ဒါပေ မယ့် အစ္စရေးလို့ ပြော လိုက်ရင်တော့ အစ္စရေးဟာ ဘာသာတခုလို့ပဲ သူတို့ ခံစားရတယ်။ မြန်မာတွေ က အစ္စရေးကို တကယ့်ကို လေးစားကြပါ တယ်” ဟု ဆင်မျူရယ်က ပြောသည်။

သို့သော် ရန်ကုန်၏ ဘာသာရေး မတူကွဲပြားမှုရှိသော်လည်း ဂျူးဘာသာမှာ အစဉ်အဆက် လုံခြုံအေးချမ်းစွာ ရပ်တည်နိုင် ခဲ့ပြီး မြန်မာတို့၏ ရောင်ပြန်ဟပ်မှု ကြီးကြီးမားမား မခံစားရပေ။

ဂျူးလူမျိုး အများစုတို့မှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နေထိုင်ခဲ့ကြောင်း သမိုင်းနောက်ခံရှိပြီး၊ မြန်မာနိုင်ငံရှိ နေရာ အများစုသည် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများရှိနေခြင်းကြောင့် ကမ္ဘာ့လှည့်ခရီးသည်များ အတွက် သွားရောက် ရန် ကန့်သတ်ခြင်း ခံထားရသည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂ ါလီမွတ်ဆလင်အချို့ကို မြန်မာစစ်တပ်က နှိမ်နင်းခဲ့ရာ ပြည်ပ နိုင်ငံအချို့က မြန်မာ ကို အကြမ်းဖက်မှုဟု စွပ်စွဲကြပြီး၊ သူတို့ ကိုယ်သူတို့  ရိုဟင်ဂျာဟု အမည်တပ် ထားသည့် ဘင်္ဂါလီ ၇သိန်းခန့် မြန်မာနိုင်ငံမှ ထွက်ပြေးခြင်းကြောင့် လူမျိုးတုံးရှင်းလင်းရန် ကြံရွယ် လုပ်ဆောင်ခြင်းဟု ဆိုကြသည်။

ရန်ကုန်မြို့နေ လူထုသည် အများစုမှာ ဗမာလူမျိုးဖြစ်ကြသော်လည်း ရခိုင်ပြည်နယ်ရှိ ဖြစ်စဉ်များနှင့် ဆက်စပ်မှုမရှိပေ။ သို့သော် မြန်မာလူမျိုးများ ဝင်ရောက်ရေးသားကြသော လူမှုမီဒီယာတွင် ဘင်္ဂ ါလီဆန့်ကျင့်ရေးလွှင့်တင်မှုများရှိသည်။

ဆင်မျူရယ်သည် အနောက်တိုင်းပညာရေးနှင့် ထိတွေ့ခဲ့သူဖြစ်ပြီး လူမျိုးရေးအခြေခံ၍ ဂျူးဝါဒ အတွက် ကြောက်မက်ဖွယ် အနိဋ္ဌာရုံများကို ကောင်းစွာနားလည်သူဖြစ်သည်။

အစ္စရေးအစိုးရက မြန်မာစစ်တပ်ကို စစ်လက်နက် ရောင်းချခွင့် ပြုခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် အဟော သိကံဖြစ်သွား သည်။ မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး ရိုနန်ဂီလာက အင်တာဗျူး တခုတွင် ယင်းကိစ္စအပေါ် သဘောထား မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

“ရခိုင်ပြည်နယ် ဖြစ်စဉ်ကြောင့် ကံမကောင်းတဲ့ ဖြစ်စဉ်တခုပါ။ ကျနော်တို့က သူတို့အပေါ် တကယ် စာနာမိပါတယ်” ဟု ဆင်မျူရယ်က ပြောသည်။ ယင်းသို့ပြောရာတွင်လည်း သတိကြီးကြီးဖြင့် ထိန်း ၍ပြောခြင်းဖြစ်သည်။

အစ္စရေးက မြန်မာစစ်တပ်ကို လက်နက်ကိစ္စ ဆက်သွယ်မှုအပေါ် သဘောထားမှတ်ချက်ပေးရန်လည်း ရန်ကုန် ဂျူး အသိုင်းအဝိုင်းခေါင်းဆောင် ဆင်မျူရယ်က ယဉ်ကျေးစွာဖြင့် ငြင်းဆန်ခဲ့သည်။ စစ်တပ် ၏ လုပ်ဆောင်မှုသည် ခရီးသွား လုပ်ငန်းကို ကျဆင်းစေသည် ဟုသာ သူက ဆိုသည်။

“မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ လူတော်တော်များများက သပိတ်မှောက်ကြပေမယ့် သူတို့က ခရီးသွား လုပ်ငန်းလို့ ပြောတဲ့ အခါမှာတော့ ကျနော်တို့နဲ့ ပတ်သက်ပြီး သိပ်ထည့် မပြောကြပါဘူး။  ဒီကိစ္စက ဧည့်လမ်းညွှန်၊ တက္ကစီမောင်းသမား၊ ဟိုတယ်ဧည့်ကြို ဝန်ထမ်းတို့နဲ့လည်း သက်ဆိုင်ပါတယ်။ ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ဒီလူတွေကို မနစ်နာစေသင့်ပါဘူး” ဟု သူက ပြောသည်။

“ ခင်ဗျား ဒီကို ကမ္ဘာလှည့် ခရီးသည် တယောက်အနေနဲ့ လာကြည့်ရင် ဒီကိစ္စတွေ ကွဲပြားခြားနားနေ တာ မြင်မှာပါ”ဟု ၎င်း ကဆိုသည်။

မြန်မာသည် အပယ်ခံ နိုင်ငံဖြစ်ခဲ့လျှင် တောင်မှ မိုးဇက်ဆင်မျူရယ်က ဂျူးလူမျိုး ခရီးသွားများ ဤတိုင်းပြည် လာရောက်ကြ ရေး စိတ်ဝင်စားစေရန် အထောက်အကူပြုနေခဲ့သည်။

ဂျူးခရီးသွားဧည့်သည်များအတွက် တည်းခိုနေထိုင်ရေး၊ လေယာဉ်ခရီးစဉ်နှင့် စားသောက်ဆိုင်တို့ကို ဆင်မျူရယ်က ဒိုင်ခံဖြေကြားပေးနေသည်။ နောက်ဆုံးတွင် ဖခင်ထံမှ သားဖြစ်သူ တယောက်အနေဖြင့် ဆက်ခံခဲ့သည့်လုပ်ငန်းမှာ Myanmar Shalom ခရီးသွားလုပ်ငန်းဖြစ်သည်။

“၂၀၁၁ ခုနှစ်ကပြီး ဒီတိုင်းပြည်မှာ မယုံနိုင်စရာပြောင်းလဲသွားပြီး စီးပွားရေး လမ်းပွင့်လာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု လူငယ်တဦးဖြစ်သူ ဆင်မျူရယ်က ပြောသည်။

မြန်မာစစ်အစိုးရ လက်အောက်မှ ထွက်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု များကြောင့် စီးပွားရေး လုပ်ငန်းများမှာလည်း တနွယ်ငင်တစင်ပါ တိုးတက်လာခဲ့သည်။

စစ်အစိုးရသည် နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့သည်။ ၎င်းသည် ၁၅ နှစ်နီးပါး တားဆီးခံခဲ့ရပြီး ယခုအခါ အရပ်သားအစိုးရကို ဦးဆောင်မှုပေးနေသည်။

ဂျူးဘုရားကျောင်းပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆင်မျူရယ်တို့ မိသားစုတွဲရိုက်ထားသည့် ဓာတ်ပုံတပုံရှိသည်။

၂၀၁၁ ခုနှစ်ကတည်းက လူမှုကွန်ရက်မီဒီယာတွင် ၎င်း၏ ဂျူး အသိုင်းအဝိုင်းနှင့် ပတ်သက်၍ အရှိန်မြှင့်တင်ကာ ဖော်ပြခဲ့ ကြောင်း ဆင်မျူရယ်က ပြောသည်။

“WhatsApp group ထဲမှာ “ရန်ကုန်ဂျူး”ဆိုပြီး ကျနော်တို့ ထောင်ထားပါတယ်”ဟု ဆင်မျူရယ်က ဆိုပြီး ယင်းအွန်လိုင်း စင်မြင့်ကို သုံးခြင်းကြောင့် အဆင်ပြေသွားခဲ့သလို၊ လူမှုမီဒီယာအပြင် ဆင်မျူရယ်က အစ္စရေးသံရုံးသို့လည်း ရန်ကုန်ဂျူး အသိုင်းအဝိုင်းအတွက် ပါဝင်လှုပ်ရှားပေးပါရန် တောင်းခံခဲ့သည်။

“အစ္စရေးသံရုံးနဲ့ ကျနော်တို့ ဆိုတာက မိသားစုလို့တောင် ပြောလို့ရပါတယ်” ဟု သူက ပြောပြီး၊  ယင်းအကြောင်းကို သံအမတ်ကြီး ရိုနန်ဂီလာကလည်း အင်တာဗျူးတခုတွင် ထပ်လောင်း ပြောကြား ခဲ့သည်။

“ဆမ်မီနဲ့ ဂျူး အသိုင်းအဝိုင်းနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ဟာ အင်မတန်ကောင်းတဲ့ကိစ္စပါ” ဟု သံ အမတ်ကြီးက ဂျေရုဆလင်ပိုစ် သို့ပြောကြားခဲ့ပြီး အဆိုပါ ဂျူးအသိုင်းအဝိုင်းသည် မြန်မာ၊ အစ္စရေး နှင့် ဂျူးလောကတို့အတွက် ပေါင်းကူးတံတား တစင်း ဖြစ်ကြောင်း မှတ်ချက်ချသည်။

သံအမတ်ကြီး ရိုနန် ဂီလာသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကဲ့သို့ပင် ဂျူး မီးထွန်းပွဲတော်သို့ တက်ရောက်လာသော အထူးဧည့်သည်တော် ဖြစ်သည်။ ဗုဒ္ဒဘာသာ၊ မွတ်ဆလင်၊ ခရစ်ယာန်၊ ဘဟာအီနှင့် ဟိန္ဒူ ဘာသာရေး ခေါင်းဆောင်များလည်း အတူတက်ရောက်ခဲ့ကြသည်။

Myanmar Shalom သည် ခရီးသွားလုပ်ငန်း အုပ်စုနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး တဖက်က အစ္စရေးနိုင်ငံမှဖြစ်ပြီး ကျန်တဖက်မှာ မြန်မာနိုင်ငံရှိ ဂျူးမိသားစုများမှ ဖြစ်သည်။ ယင်းလုပ်ငန်းစုက ဂျူးတို့၏ ညမီးထွန်းပွဲတော်ကို ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အသက် ၆၀ ရှိ သြစတြေးလျ ဧည့်သည်တော် ဆော်လမွန်က ဂျေရုဆလင်ပိုစ်သို့ အင်တာဗျူးဖြေကြား ရာတွင် ၎င်း၏မိခင် မှာ မြန်မာပြည်ဖွား ဖြစ်ကြောင်း ဆိုသည်။ ဂျပန်များဝင်ရောက်လာစဉ်က သူမ သည် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့သို့ တိမ်းရှောင်ခဲ့ရသည်။

ဆော်လမွန်ကို ကိုးလ်ကတ္တားတွင် မွေးဖွားကြီးပြင်းခဲ့ပြီး နောက်ပိုင်း သူ့မိခင်ရော မိသားစုများပါ မြန်မာပြည်သို့ ပြန်မ ရောက်ခဲ့ကြောင်း ပြောပြသည်။

“စစ်အစိုးရကို အကြောင်းပြုပြီး ကျနော့်အဖေက ကျနော်တို့ကို ပြန်မသွားဖို့ တားပါတယ်” ဟု ဆော်လမွန်က ပြောသည်။

ဆော်လမွန်၏ မိခင်မှာ အသက် ၉၀ ရှိပြီဖြစ်ပြီး ဆင်မျူရယ်တို့ ခရီးသွားလုပ်ငန်း  ဆွဲဆောင်မှု၏ အစိတ်အပိုင်း အနေဖြင့် သူ့ အဖေလည်း နောက်ဆုံးတွင် မတားဘဲ အလျှော့ပေးခဲ့ကြောင်း ဆိုသည်။

“အမေ မှတ်မိနေတုန်းမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ပြီး ပြန်ပြဖို့ ဒီခရီးစဉ်ဟာ ကျနော့်အတွက် နောက်ဆုံးအခွင့်အရေး ပါပဲ” ဟု မြန်မာနိုင်ငံသို့ လာရောက်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ မေးမြန်းရာ ဆော်လမွန်က ပြန်လည်ဖြေကြား ခဲ့သည်။

“ဒီခရီးစဉ်ဟာ ကျနော့်အတွက် အခွင့်အရေးတခုပါ။ အမေ သက်ရှိထင်ရှားရှိနေတုန်းမှာ  ကျနော်က မြန်မာပြည် တခေါက်လာပြီး သူ့ကို ပြန်ပြောပြခွင့်ရပြီလေ။ ဘီးတပ်ကုလားထိုင်ပေါ်ကနေ အဖေ့ iPad နဲ့ ကျနော်တို့ လှမ်း စကားပြောကြတော့ အမေက သိပ်ပျော်တာပေါ့” ဟု ၎င်းကဆိုသည်။

မြန်မာဂျူး အသိုင်းအဝန်းကို ဦးဆောင်နေသူ ဆင်မျူရယ်အတွက် အဖိနှိပ်ခံရသော မြန်မာနိုင်ငံကို ကျော်လွန်၍ Yeshiva တက္ကသိုလ်တွင် ပညာသင်ရန် အခွင့်အလမ်းရခဲ့ပြီး နယူးယောက်မြို့ရှိ အမေရိကန် ဂျူးကွန်ဂရက်တွင် လုပ်ကိုင်ခွင့်ရခဲ့သည်။

မြန်မာနိုင်ငံသို့ လာသည့် ဂျူးခရီးသည်တဦးက ယင်းတက္ကသိုလ်နှင့် ချိတ်ဆက်ပေးပြီး ပညာသင်ဆု အပြည့်အဝရခဲ့၍ ဖြစ်သည်။

ယင်းသို့ ပညာရေးမျိုးကို ဆင်မျူရယ်အနေဖြင့် မြန်မာနိုင်ငံတွင် သင်ယူရန် မလွယ်ကူချေ။ ကျောင်းသားများဆန္ဒပြမှုကို စစ်တပ်က အကြိမ်ကြိမ် နှိမ်နင်းသဖြင့် ဆင်မျူရယ် အရွယ်ရောက်ချိန်က တက္ကသိုလ်များ ပိတ်လိုက်၊ ဖွင့်လိုက် ရှိနေခဲ့ ခြင်းကြောင့် ဖြစ်သည်။

“ကျနော်တို့ အမေရိကန်ကို ပြောင်းပြီး ဒီထက်ပိုကောင်းတဲ့ဘဝတခု နေလို့ရပါပြီ” ဟု ဆင်မျူရယ်က ဆိုသော်လည်း ၂၀၁၅ ခုနှစ်တွင် ဖခင်ကြီးကွယ်လွန်၍ အိမ်ပြန်လာခဲ့ရသည့်အကြောင်း ပြောပြသည်။ ဒါပေမယ့် ကျနော်တို့ ခံယူထားတဲ့တာဝန်က အင်မတန်ရိုးရှင်းပါတယ်။ ဘယ်ဂျူးခရီးသွား မဆို ဒီတိုင်းပြည်ကို လာလည်ရင် အစိမ်းသက်သက် မဖြစ်စေချင်ဘူး”ဟု ဆင်မျူရယ်က ဆိုသည်။

ယင်းသို့ ခံယူချက် အစီအမံအားဖြင့် ဟနွတ်က ဂျူးမီးထွန်းပွဲကို ဆင်မျူရယ်က ကျင်းပပေးခြင်းဖြစ် သည်။

“ပြောင်းလဲမှုတွေ ရှိပါတယ်။ လူအယောက် ၂၀ ထက်နည်းပြီး တချို့နှစ်တွေက ဒီမီးထွန်းပွဲကျင်းပခဲ့ ရတယ်။ ပြီးခဲ့တဲ့နှစ် တွေကဆို မြန်မာလူမျိုးတွေက ဟနွတ်ကပွဲကို ဘယ်သူမှ မသိကြပါဘူး။ အခုတော့ ဗုဒ္ဓဘာသာတွေကပါ ဖေ့စ်ဘွတ်ကနေ “ပျော်ရွှင်စရာ ဟနွတ်ကပွဲပါ … ဆမ်မီရေ” ဆိုပြီး ဆုတောင်းပေးလာကြတယ်” ဟု သူက ရှင်းပြသည်။

ဤဂျူးဘုရားကျောင်းသည် ရန်ကုန်မြို့အတွက် ကမ္ဘာလှည့်ခရီးသွားများ အကြံပေးသည့် နေရာများ အနက် တတိယ အဆင့်တွင် ရပ်တည်နေပြီး လာရောက် လေ့လာကြသည့် ကမ္ဘာလှည့် ခရီးသွားများ အတွက် ဧည့်လမ်းညွှန် မပါဘဲနှင့် လျှင်တောင် လုံခြုံစိတ်ချစွာ ကြည့်ရှုနိုင်ရန် ဆင်မျူရယ်က ဝန်ဆောင်မှုပေးထားသည်။

အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားနှင့် မတူဘဲ ရန်ကုန်မြို့ရှိ ဂျူးသုသာန်မှာလည်း နောက်ထပ် ယိုယွင်းမှု သင်္ကေတဖြစ်သည်။

ကိုးလ်ကတ္တားရှိ ဂျူးသုသာန်ကဲ့သို့  ကမ္ဘာလှည့်ခရီးသွား တဦးအတွက် ကွန်ပျူတာ နည်းပညာဖြင့် ရှာဖွေဖို့ မလွယ်ကူ သလို လမ်းညွှန်ချက်လည်း တိတိကျကျမရှိကြောင်း ဆော်လမွန်က စောဒက တက်သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာအစိုးရက သုသာန်ကို ရန်ကုန်မြို့ပြင်သို့ ရွှေ့ရန်ကြေညာ ခဲ့သော်လည်း ဆုံးခန်းတိုင်အောင် ဆောင် ရွက်ပေးခဲ့ခြင်း မရှိပေ။

ပြောင်းရွှေ့ပေးသော သုသာန်နေရာမှာ တောင်ကုန်းတခုတွင် တိမ်မြှုပ်နေပြီး ခွေးလေခွေးလွင့်များက မင်းမူနေပြီး၊ “မြန်မာ ဂျူးအသိုင်းအဝိုင်းထံမှ ခွင့်ပြုချက်ဖြင့်” ဟူသော ဆိုင်းဘုတ်တခုသာ သုသာန်ပြင်ပတွင် ထင်သာမြင်သာ တွေ့ရ သည်။

သွားရောက်လည်ပတ်သူအား ဆင်မျူရယ်က လိပ်စာကတ်ပြားပေါ်တွင် ဗမာလို စာတကြောင်းရေး၍ စာရေးသူကိုပေးပြီး ထိုကတ်ပြားဖြင့် သုသာန်စောင့်ရှောက်သူ အမျိုးသမီးကြီးကို ပေးရန်ဖြစ်သည်။

သုသာန် အထက်ပိုင်းရှိ စောင့်ရှောက်သူ၏ နေအိမ်တွင် တီဗီဂြိုဟ်တုစလောင်း တပ်ဆင်ထားသည်ကို တွေ့ရပြီး ၎င်းနှင့် အတူနေသူ လူငယ်လေးက စာရေးသူကို ပြုံးပြပြီး စီးကရက်သောက်ရင်း သူ့စမတ်ဖုန်းမှ ခေတ်ပေါ်မြန်မာသီချင်းတပုဒ် ဖွင့်ထားသည်။

ခရီးသွား ဧည့်သည့်များ ချထားခဲ့သည့် ကျောက်တုံးများအစား အပျက်အစီး အပိုင်းအစ များစွာ ကြားတွင် ဟီဗရူး သာသာ စကားဖြင့် ရေးထွင်းထားသည့် အုတ်ဂူအနည်းငယ်သာ ကျိုးတိုးကျဲတဲ ရှိနေသည်။ ဆင်မျူရယ်က မြန်မာနိုင်ငံတွင် ယနေ့ ခေတ် လူမှုအသိုင်းအဝိုင်းတခု ဖန်တီးနေသဖြင့် မြန်မာနိုင်ငံရှိ ဂျူးအတိတ်ဟောင်း ရုပ်ပိုင်းဆိုင်ရာ အောက်မေ့ ဖွယ်ရာ များမှာ တစ တစ လဲပြိုလျက်ရှိနေတော့၏။

Did you find apk for android? You can find new Free Android Games and apps.
Loading