သတင်း

AA ကြောင့် ဒုက္ခသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် မထိခိုက်နိုင်ဟု ဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိနိုင်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ဇန်နဝါရီလ ၁၀ ရက်က ပြုလုပ်သော အခမ်းအနားတခုတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က “ပြန်လည်လက်ခံရေး အတွက်ကို နိုင်ငံတော် အစိုးရအနေနဲ့ အလေးနက်ထား ဆောင်ရွက် နေတယ်။ AA ဒီလိုဆောင်ရွက်တဲ့အတွက် ပြန်လည်လက်ခံရေးကို ထိခိုက်မယ်လို့ မယူဆပါဘူး။ ဒါကြောင့်မို့လည်း တာဝန်ရှိတဲ့ သူတွေအနေနဲ့ တစ်ဖက်နိုင်ငံနဲ့ ညှိနှိုင်းပြီးတော့ အမြန်ဆုံး ပြန်လည်လက်ခံနိုင်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ပြန်လည်လက်ခံရေး စခန်းများဖြစ်သည့် ငါးခူရ နှင့် တောင်ပြိုလက်ဝဲ စခန်းတို့တွင် အချိန်မရွေး ပြန်လည် လက်ခံနိုင်ရေး အတွက် ဌာနပေါင်းစုံက ဝန်ထမ်းများက အသင့်အနေအထားဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပြန်လည်လက်ခံနိုင်ရေး အတွက် မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ သက်ဆိုင်ရာ UNHCR၊ UNDP စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ အနေဖြင့် မြန်မာအစိုးရထံ ၎င်းတို့အား တိုင်းရင်းသား အဖြစ် လက်ခံရေး ကဲ့သို့သော တောင်းဆိုမှုများရှိနေ၍ မြန်မာနိုင်ငံသို့ ပြန်လာရေးမှာ အခြားအရာများထက် ၎င်းတို့၏ သဘောထားနှင့် အဓိက သက်ဆိုင်နေသည်ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်သည်။

မိမိဆန္ဒဖြင့် နေရပ်ပြန်လာလိုသူများ အနေဖြင့်မူ AA နှင့် တပ်မတော်တိုက်ပွဲများ သတင်းကြောင့် ပြန်လာရန် စိုးရိမ်မှုများ ရှိနေနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

ဒေါ်ခင်စောဝေ က “ဒီဘက်မှာ မငြိမ်မသက် ဖြစ်လာရင် သူတို့ သွားရင် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးလည်း ပေါ်လာနိုင်ပါတယ်။ စိုးရိမ်မှု ရှိမှာပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့လည်း သတင်းတွေကို အမြဲ မပြတ် တွေ့နေရမှာပေါ့။ တိမ်းရှောင်နေတဲ့ သူတွေကြောင့် ငါတို့ မြန်မာနိုင်ငံ ဘက်ကို ရောက်ရင် နောက်တခါ ထွက်ပြေးလာရရင် ဆိုတဲ့ အသိတွေ၊ ခံစားချက်တွေ နည်းနည်း ရှိကြမှာပေါ့။ အဲ့အတွက်ကြောင့် သူတို့ စိုးရိမ်စိတ်တွေရှိမယ်လို့တော့ ထင်ပါတယ်”ဟု ပြောသည်။

နေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အစိုးရလုပ်ဆောင်နေသော ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် လက်ရှိအခြေအနေအရ တိုးတက်သည့် လက္ခဏာမတွေ့ရဘဲ ယခုကဲ့သို့ နယ်မြေမငြိမ်မသက်ဖြစ်မှုများကြောင့် ပြန်လာလိုသူများ အနေဖြင့် စိုးရိမ်မှုရှိနိုင်ပြီး လက်ခံရေးလုပ်ငန်းစဉ်ကို တနည်းတဖုံ နှောင်းနှေးစေနိုင်သည်ဟု အစ္စလာမ်ဘာသာဝင်တဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်သည်။

ဦးထွန်းကြည်က “နဂိုတုန်းက ဒီလိုတိုက်ပွဲတွေ မရှိဘူးလေ။ မရှိတဲ့အချိန်မှာတောင် ဒီလိုနှောင့်နှေးကြန့် ကြာနေတယ်ဆိုရင်၊ အခု ပဋိပက္ခ တိုက်ပွဲတွေ ရှိနေတယ်ဆိုရင် ဒီလုပ်ငန်းစဉ်တွေက ပိုကြန့်ကြာနိုင်တဲ့အပြင် လာမယ့်သူတွေအတွက်ကလည်း ဒါတွေက အနှောင့်အသွားတွေလို့ မြင်သွားမယ်ဆိုရင် ပိုအခက်တွေ့မယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ပြန်လာလိုသူ နှစ်သောင်းကျော်၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာအစိုးရထံ ပေးပို့ထားသည့်အနက် မြန်မာဘက်မှ စိစစ်ခဲ့ပြီး သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီသူ ဦးရေ ၁ ထောင်ကျော်၏ စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲသည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများကို အကြမ်းဖက် တိုက်ခိုက် ခံရသည့် ဖြစ်စဉ်ကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဦးရေ သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြောင်းရွေ့သွားခဲ့သည်။

ယင်းအတွက် ဒုက္ခသည်များပြန်လည် လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ၁၉၉၃ သဘောတူညီ ချက်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading