ကယားပြည်နယ် လွိုင်ကော်မြို့တော်တွင် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာန(DICA) ရုံးခွဲတည်ဆောက်ရန် ခွင့်ပြုထားသည့် မြေနေရာသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ရာ နောင်ယားရေကန်အနီးရှိတောအုပ်ငယ်အတွင်း ဖြစ်ပြီး ထိုအဆောက်အဦဆောက်လုပ်ပါက သစ်ပင်ကြီးများကို ခုတ်ထွင်ရန် လိုအပ်နေသောကြောင့် တည်ဆောက်ရေးလုပ်ငန်းများကို ဒေသခံများက တားဆီးရန်ကြိုးစားကြသော်လည်း အစိုးရက စီမံကိန်းကို ဆက်လက်ဆောင်ရွက်ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ရင်းနှီးမြှုပ်နှံရေးကော်မတီဥက္ကဌဖြစ်သည်။ အထက်ပါ တည်ဆောက်ရေးလုပ်ငန်းကို စာဖြင့် ခွင့်ပြုချက်မရှိဘဲ လွန်ခဲ့သောနှစ်က ခွင့်ပြုခဲ့သည်ဟု သိရသည်။
အဆောက်အဦအတွက် ပေ ၈၀ ပတ်လည်အတွင်းရှိ ကျွန်းပင်ကြီး ၁၁ ပင် အပါအဝင် သစ်ပင်ကြီးပေါင်း ၂၁ ပင် ခုတ်လှဲခြင်းကို ရပ်တန့်ရန် ဒေသခံများက ဇန်နဝါရီလ ၉ ရက်နေ့က တောင်းဆိုခဲ့ကြသည်။ သို့သော် အာဏာပိုင်များက ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟုဆိုကာ နောက်တရက်တွင် သစ်ပင်ကြီးများကို ခုတ်လှဲရန် အမှတ်အသားများပြုလုပ်ခဲ့ကြပြီး ယနေ့ ခုတ်လှဲနေပြီဟု သိရသည်။
ပြည်နယ်၏ အထင်ကရ နောင်ယားကန်နှင့် ကပ်လျှက်ရှိသည့် ထိုနေရာကို သစ်တောဥယာဉ်အဖြစ် ထားရှိသင့်သည်ဟု လွယ်ကော်အခြေစိုက် Lobbyists, Advocators, Innovators and Negotiator (LAIN) အမည်ရှိ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ကိုကျော်ထင်အောင်က ပြောသည်။ တဧကမျှပင် မကျယ်ဝန်းသော ထိုနေရာကို စစ်အစိုးရခေတ်က သစ်တောဥယျာဉ်အဖြစ် သတ်မှတ်ထားခဲ့ပြီး ယခင်အစိုးရကလည်း ထိုအတိုင်းသာ ဆက်လက်ထားရှိခဲ့သည်။ သို့သော် ထိုမြေသည် ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုအောက်သို့ မကြာသေးမီက ရောက်ရှိသွားသည်ဟု ၎င်းက ဆိုသည်။
“နောင်ယားကန်ဆိုတာ ပြည်နယ်ရဲ့ အထင်ကရ နေရာဖြစ်တယ်။ နောင်ယားကန်က ရေဝင်လမ်းကြာင်းတွေ ပျောက်ဆုံးတဲ့အနေအထားဖြစ်နေတယ်။ ရေသေကန်လို ဖြစ်လာပြီ။ အဲဒီမှာ ဒါကို ထိန်းသိမ်းတဲ့ သစ်တောဥယျာဉ်၊ သစ်ပင်အုပ်သာ မရှိတော့ဘူးဆိုရင် ပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ ဒီနောင်ယားကန် ရေရှည်တည်တံ့ခိုင်မြဲဖို့က အလွန်စိုးရိမ်စရာ ဖြစ်သွားမယ့် အနေအထားပါ” ဟု ၎င်းက ရှင်းပြသည်။
ကယားပြည်နယ် DICA ရုံးခွဲသည် လွန်ခဲ့သော၂ နှစ်ခန့်က ပြည်နယ်တွင်း စတင်ဝင်ရောက် လုပ်ငန်းဆောင်ရွက်လာခြင်း ဖြစ်သည်။ ထိုရုံးသည် မြို့လည်တွင် ရုံးဖွင့်လိုပြီး၊ ယခင်က အဆိုပြုသော မြို့၏ အရှေ့ဖက်နှင့်တောင်ဖက်ရှိ မြေနေရာနှစ်ခုကို ငြင်းပယ်ခဲ့သည်ဟု ပြည်နယ် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးတီရယ်၏အဆိုအရ သိရသည်။
DICA သည် ရုံးအဆောက်အအုံကို သစ်ပင်ကြီးများရှိသောနေရာတွင် တည်ဆောက်လိုကြောင်းနှင့် အစိုးရက ထိုနေရာကို ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ပြည်နယ်ဝန်ကြီးသည် သစ်ပင်ကြီးများ ခုတ်လှဲခြင်းကို မထောက်ခံသော်လည်း အစိုးရအဖွဲ့အတွင်းတွင်မူ အဆောက်အဦးနေရာအတွက် ထိုနေရာကိုသာ ပေးလိုသူများရှိကာ ထိုသစ်ပင်ကြီးများ ခုတ်ခြင်းကို ထောက်ခံသူ များနေသည်။
“အစိုးရအနေနဲ့ ဒီရုံးကိုဆောက်ဖို့ လိုအပ်ချက်လည်း ရှိတယ်။ သဘာဝလည်း မပျောက်ချင်ဘူး အဲလိုဖြစ်နေတယ်” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများကိုလည်း ၎င်းက ရှင်းပြသည်။
ပြည်နယ်ဝန်ကြီးချုပ်က ထိုရုံးတည်ဆောက်မှု အကောင်အထည်ဖေါ်မည်ကို ကြားသိရပြီးနောက် သစ်ပင်ကြီးများကို ခုတ်ရန် အမှတ်အသားပြုလုပ်လာသောအခါ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန့်ကွက်ရခြင်းဖြစ်သည်ဟု ကိုကျော်ထင်အောင်ပြောသည်။
“ဝန်ကြီးချုပ်က ဒေသခံတွေရဲ့ ပူပန်မှုတွေကို ထည့်မတွက်တော့ဘဲ ခုတ်စရာရှိတာခုတ်ဆိုပြီး ဆုံးဖြတ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေကို ကျနော်တို့ ကန့်ကွက်တယ်”ဟုလည်း ၎င်းက ပြောသည်။
ဧရာဝတီသတင်းဌာနက ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုကို ဆက်သွယ်ခဲ့သော်လည်း ဝေဖန်ပြောကြားခြင်း မပြုဘဲ သက်ဆိုင်ရာအရာရှိများနှင့် ဆက်သွယ်ရန်သာ ပြောဆိုသည်။
DICA ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက သူ၏ဌာနသည် ပြည်နယ်အစိုးရက ချမှတ်ပေးသောနေရာတွင် ရုံးသစ်ဆောက်ရန် ပြင်ဆင်နေကြောင်း၊မြေနေရာ ရှင်းလင်းရန် ကျွန်းပင်ကြီး ၁၁ ပင်နှင့် အခြားအပင်ကြီး ၁၀ ပင်ကို ခုတ်လှဲရန် လိုကြောင်းပြောသည်။ သစ်တောဦးစီးဌာနသို့ ထိုကိစ္စကို အကြောင်းကြားထားပြီး သစ်တောဦးစီးဌာနကလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
DICA အနေဖြင့် မြို့လည်မှ ၂ မိုင် ၃ မိုင်ဝေးသော မြို့တောင်ပိုင်းတွင် ရုံးမဆောက်လိုသည်ကို နားလည်နိုင်သော်လည်း ထိုရုံးကို ဒုတိယနေရာဖြစ်သည့် အစိုးရနှင့် လွှတ်တော်ရုံးနှင့် ၂ ဖါလုံသာဝေးသော လွိုင်ကော်လေဆိပ်နှင့်ကပ်လျှက် ပြည်နယ် ကုန်သွယ်ရေးဇုန်အတွင်း တည်ဆောက်သင့်ကြောင်း ကိုကျော်ထင်အောင်က ပြောဆိုသည်။