နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်လျက် ရှိသည့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံ အမှတ် ၅၄ ကို ပြည်သူတချို့က သမိုင်းဝင်ပြတိုက် ဖြစ်လာစေရေး ပြောဆိုမှုများ ရှိနေခြင်းကို ၎င်းအနေဖြင့် သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ နေအိမ်နှင့် ခြံဝင်း ကိစ္စ အထူးအယူခံ တင်ပြခွင့်ပြုရန် တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ၎င်း၏ ရှေ့နေနှင့်အတူ လာရောက် တင်ပြစဉ် ဦးအောင်ဆန်းဦးက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
ဦးအောင်ဆန်းဦး က “ဒါကြီးက သမိုင်းဝင်တယ်ဆိုတော့ ဘာဖြစ်လို့ သမိုင်းဝင်လဲ။ ဟီလာရီ ကလင်တန်နဲ့ အိုဘားမား လာတယ်။ အဲဒီ သမိုင်းဝင်တယ် ဆိုတဲ့ဟာကြီးကလည်း ဒေါ်ခင်ကြည်နဲ့ သူတို့ တွေ့တာ မဟုတ်ဘူး။ ဒေါ်ခင်ကြည် ပြတိုက်အနေနဲ့ ဘာမှ သမိုင်း ဝင်တာ မဟုတ်ဘူး။ နောက်တခုက သူတို့ မလာခင်ကတည်းက ၂၀၁၂ မှာ ကျနော့်မှာ ပိုင်ဆိုင်မှု ရှိတယ်ဆိုတာ ပဏာမ ဒီဂရီ မှာ ဆုံးဖြတ်ပြီးသား။ ဘာမှ မဆိုင်ဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေသည့် နေအိမ် အမွေခွဲဝေမှု ပြဿနာသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ ဖြစ် ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင် တရားရုံးက အပြီးသတ် အမိန့်ချခဲ့ သော်လည်း ဦးအောင်ဆန်းဦးက မကျေနပ်သဖြင့် တရား လွှတ်တော်ချုပ် အထိ တက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြေအကျယ် ၁ ဒဿမ ၉၂၃ ဧကရှိ မိခင်ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် ၅၄ အား နှစ်ထပ် အိမ်နှင့် မြေတဝက် ကို ဒေါ်အောင် ဆန်းစုကြည်၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးတို့ ခွဲဝေရယူရန် တရားရုံးက ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ဦးအောင်ဆန်းဦးက ထပ်ခါတလဲလဲ ပြောဆိုလေ့ရှိပြီး ခြံအမှတ် ၅၄ နေ အိမ်ကို လေလံပစ်၍ ရသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တယောက်တဝက် ယူရန် တောင်းဆိုလျက် ရှိသည်။
ဦးအောင်ဆန်းဦး က “ပြတိုက်က ကျနော့် အဖေ အတွက် ပြတိုက်က ရှိပြီးနေပြီ။ မိခင်ဒေါ်ခင်ကြည်လည်း သူလည်း အဲဒီပြတိုက်နဲ့ ပတ်သက်လို့ ပါသင့်တဲ့ နေရာမှာ ရှိနေပြီး။ ကျနော် ကတော့ မိသားစုအနေနဲ့ ပါနေပြီ။ အခု ပြတိုက် ဆိုတာက ကျနော်က မိသားစုနဲ့ ပါမယ့် ပုံလည်း မပေါ်ဘူး။ အမေကရော ပါလား ဆိုတော့ မဟုတ်ပါဘူး” ဟု ပြော သည်။
၎င်းက ဆက်၍ “ကျနော် ပိုင်ဆိုင်မှု ရှိတယ် ဆိုတာချည်းကို သူတို့က ပြတိုက်လုပ်ရမယ်ဆိုတာကတော့ လုပ်ချင်ရင် ဥပဒေကို ကျော်ပြီး လုပ်တယ်ဆိုတာတော့ အဓိပ္ပာယ် မရှိတာ”ဟု ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ဝေဖန်ခဲ့ သည်။
ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသွားသည့် အခါ ကျန်ရစ်သူ မိသားစုကို ဂရုဏာ သက်သဖြင့် ထိုစဉ်က ဖဆပလ အစိုးရ သည် ဘဏ်တွင် အပေါင်ဆုံး နေသည့် ယခု နေရာကို တရားဝင် ထုခွဲရောင်းချပြီး ဝယ်ပေးခဲ့ခြင်း ဖြစ်၍ ပြည်သူက ဝယ်ပေးခဲ့သည့် သဘောရှိကြောင်း၊ ထို့ကြောင့် နှစ် ၇၀ ကျော် သမိုင်း သက်တမ်း ရှိသည့် မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာသည့် အိမ်ကို ပြည်သူက ပြတိုက် ဖြစ်စေချင်ကြောင်း ရန်ကုန်တိုင်း NLD ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးဝင်းဦး က ပြောသည်။
ဒေါက်တာ စိုးဝင်းဦး က “ဒီအိမ်ကြီးမှာ လွမ်းဆွတ်ဖွယ်၊ သင်ခန်းစာ ယူဖွယ်၊ ဂုဏ်ယူဖွယ် အကုန်လုံး နှစ်ပေါင်း ၇၀ လုံးလုံး တိုင်းပြည်ရဲ့ သမိုင်းက အဲဒီမှာ ပေါ်နေတယ်။ ခြံလည်း ကျယ်၊ နေရာလည်း ကောင်းတော့ နောက်လာ နောက် သားတွေကို တခုခု ပေးနိုင်တဲ့ နေရာမျိုး ဖြစ်သင့်တဲ့ အတွက် ထုခွဲ ရောင်းချတယ် ဆိုရင် တော်တော်ကို မိုက်မဲရာ ကျ မှာပေါ့” ဟု သုံးသပ်သည်။
၁၉၈၈ ခုနှစ်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းချိန်တွင် ပြည်ပ ရောက်နေသည့် သားသမီး နှစ်ဦး စလုံး ပြန်လာရန် ပြောဆိုသော်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လာပြီး ဦးအောင်ဆန်းဦးသည် ပြန်မလာ ခဲ့ကြောင်း၊ သမီး ဖြစ်သူ ပြန်ရောက်ချိန် ဒေါ်ခင်ကြည်က တူဖြစ်သူ ဦးခင်မောင်အေးကို ပေ ၇၀ x ပေ ၁၀၀ မြေနေရာ ပေးအပ်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်မှု ရှိသူများထံမှ သိရသည်။
ဒေါက်တာ စိုးဝင်းဦးက “တယောက် တဝက် ကိစ္စကတော့ တရားရုံးနဲ့ မောင်နှမ ကိစ္စပဲ ဖြစ်တယ်။ ပြည်သူတွေက အဲဒါကို စိတ်မဝင်စားဘူး။ ဦးအောင်ဆန်းဦး အမွေရထိုက်တယ်ဆိုတာ ပြည်သူတွေ နားလည်တယ်။ ဒါပေမယ့် ဒီအိမ်ကြီးကိုတော့ ရောင်းချယူတာမျိုး မဟုတ်ဘဲနဲ့ ရသင့်တဲ့ တဝက်ကို ပေးလိုက်တယ်ဆိုရင်လည်း ဒေါ်အောင် ဆန်းစုကြည်ဘက်က ရပ်တဲ့ ပြည်သူတွေက ကျေနပ်မှာပဲ။ ဗိုလ်ချုပ် အောင်ဆန်း သားပဲလေ။ ရသင့်တာပေါ့။ ဒါပေ မယ့် ဒီအိမ်ကြီးက ပြည်သူတွေက ဝယ်ပေးခဲ့တဲ့ အိမ်ဖြစ်နေတယ်” ဟု ပြောသည်။
၁၉၄၇ ခုနှစ် နောက်ပိုင်း ယခု အိမ်နေရာသို့ ရောက်မှသာ ဒေါ်ခင်ကြည်မှာ ထင်ရှားလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ်သမိုင်း ရှိခြင်း၊ အမေရိကန် သမ္မတ အိုဘားမားကဲ့သို့ နိုင်ငံတကာ ခေါင်းဆောင်များ ရောက်ရှိ ခဲ့ခြင်း၊ ဂျွန်ယက်တောလို လူများကြောင့် နိုင်ငံရေး အလှည့်များ ဖြစ်ခဲ့ခြင်းတို့သည် မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု နှင့် ဆက်စပ်နေ၍ ယခု အိမ်နေရာသည် ပြတိုက် ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ပြောဆိုသည်။
ဦးအောင်ဆန်းဦးကမူ ယင်းအချက်များကို သဘောမတူကြောင်း ပွင့်ပွင့်လင်းလင်း ပြောသည်။
“နောက်ပြီးတော့ ဟီလာရီ ကလင်တန် ၊ အိုဘားမားတို့ အမေရိကန်က အဆင့်တခုမှာ ရှိတဲ့ လူကြီးတွေ တခြားနိုင်ငံမှာ သွားလည်ပတ်လည်း သူတို့ရောက်သွားတဲ့ အိမ်ကြီးတွေက ပြတိုက် ဖြစ်သွားတာ မဟုတ်ဘူး။ ဘာမှ မဆိုင်ဘူး။ အဓိပ္ပာယ်မှ မရှိတာ”ဟု ဦးအောင်ဆန်းဦးက ဆိုသည်။
၎င်းက ဆက်၍ “ရှင်းရှင်းပြောရင်ရင် စုကြည်က သူ့အတွက် Monument အနေနဲ့ လုပ်ချင်ရင်တော့ ဒါအဓိပ္ပာယ် မရှိဘူး။ အဲဒီ တခုပဲ ရှိမယ်။ အဲဒါကလည်း ဥပဒေ အရ လုပ်ခွင့်ရှိလားဆိုတော့ ဘာမှ မရှိဘူး။ ဘာလို့ဆိုတော့ ကျနော်က တဝက်ပိုင်တာ။ ကျနော့်ကို ကျေနပ်အောင် ကျနော် ပိုင်ဆိုင်မှုကို ဝယ်ပြီးတော့ သူတို့ဟာသူတို့ Monument လုပ်ချင်ရင်လည်း ဒါက ရပါတယ်”ဟု ပြောသည်။
ထို့ပြင် နေအိမ်ခြံဝန်း ကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ၎င်းကို ထောက်ခံသူများ၏ ဖေ့ဘုတ်စ် အကောင့်များ အပိတ်ခံနေရ ကြောင်း၊ ထို့ကြောင့် လူမှုကွန်ရက်တွင် ၎င်းကို ထောက်ခံသူမရှိဟု အများက ထင်နေကြကြောင်း၊ ၎င်းကို ဝေဖန်သူများမှာ ဥပဒေ အရ အချက်အလက်ဖြင့် မဟုတ်ဘဲ လျှောက်ပြောနေသူများသာ တွေ့ရကြောင်း ဦးအောင်ဆန်းဦးက ဝေဖန်ခဲ့သည်။
ယခု တခေါက် ဦးအောင်ဆန်းဦး နေပြည်တော်သို့ လာရောက်ရခြင်းသည် ၎င်းတို့၏ အယူခံအမှုကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က အရှုံးပေးခဲ့ သဖြင့် အထူးအယူခံ တင်ခွင့်ပြုရန် တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ထံသို့ တင်ပြရန် လာရောက်ခြင်း ဖြစ်ကြောင်း ဦးအောင်ဆန်းဦး၏ ရှေ့နေ ဦးအေးလွင်က သတင်းထောက်များကို ရှင်းပြခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် –
အယူခံ ပယ်လိုက်ခြင်းသည် မျှတသည့် ဆုံးဖြတ်ချက် မဟုတ်ဟု ဦးအောင်ဆန်းဦး ပြော
ဒေါ်အောင်ဆန်းစုကြည် နေသည့်အိမ် ရောင်းချ ခွဲဝေရန် အစ်ကိုဖြစ်သူ တောင်းဆို