အကြိမ်တရာမြောက်အဖြစ် ယနေ့ဇန်နဝါရီ ၁၁ ရက်နေ့တွင်ရုံးထုတ်ခဲ့သည့် ဦးကိုနီလုပ်ကြံခံရမှုတွင် သက်သေ ၃ ဦးသာ စစ်ဆေးရန် ကျန်ရှိတော့သဖြင့် မကြာမီအပြန်အလှန်လျှောက်လဲချက်ပေးကာ အမိန့်ချမှတ်နိုင် ဖွယ်ရှိကြောင်း ရှေ့နေများကပြောသည်။
စစ်ဆေးရန် ကျန်ရှိသည့် သက်သေ ၃ ဦးတွင် ဦးကိုနီလုပ်ကြံခံရချိန်၌ ရန်ကုန်လေဆိပ် လုံခြုံရေးအကြီးအကဲ တာ ဝန်ယူထားသူ ရဲမှူးကြီး ဝင်းမင်းသိန်း၊ ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်နှင့် ဆရာတော် ဦးအဂ္ဂတို့ဖြစ်ကြောင်း သိရသည်။
ရဲမှူးကြီး ဝင်းမင်းသိန်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်း ဆောင်နေကြောင်း သိရပြီး လုပ်ကြံမှုမဖြစ်မီ လေဆိပ်သို့ ရောက်ရှိနေသည့် အောင်ဝင်းခိုင် နှင့် အောင်ဝင်းဇော် တို့မှ ၎င်းထံ အလုပ်ကိစ္စဖြင့် တွေ့ဆုံရန် လေဆိပ်သို့လာရောက်ခြင်းသာဖြစ်ကြောင်း ထွက်ဆိုထားသည်။
တရားလိုရှေ့နေ ဦးနေလ က “ဒီအမှုက ဖေဖော်ဝါရီ လမကုန်မီ ပြီးမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောထားသည်။
ယနေ့ရုံးချိန်းတွင်လည်း ဇေယျာဖြိုးမှ တင်ပြထားသည့် သက်သေ ၃ ဦးအား စစ်ဆေးရန်ခေါ်ယူထားသော်လည်း လာရောက်ခြင်း မရှိခဲ့သဖြင့် သက်သေစာရင်းမှပယ်ဖျက်ခဲ့ပြီး လာမည့်ရုံးချိန်းတွင်လည်း ကျန်ရှိသည့် သက်သေများအနေဖြင့် လာရောက် ထွက်ဆိုနိုင်ခြင်းမရှိပါက ပယ်ဖျက်သွားမည့် အခြေအနေတွင်ရှိနေသည်။
လုပ်ကြံမှုမှာ ၂ နှစ်ပြည့်တော့မည့်ဖြစ်ပြီး ရုံးချိန်းတရာပြည့်ခဲ့သည့် အချိန်တွင် အမှုအားကြန့်ကြားသည်ဟုဆိုကာ ဝေဖန်မှုများ ရှိနေသည့်အပေါ် စွပ်စွဲဖမ်းဆီးခံထားရသူများက ၎င်းတို့အနေဖြင့် အချိန်ဆွဲမှုများ လုံးဝမရှိကြောင်း တုန့်ပြန်ပြောဆိုသည်။
ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက် က “ရုံးချိန်းတရာမှာ စွပ်စွဲခံရသူတွေဘက်က ၄ ပုံ ၁ ပုံပဲသုံးရသေး တယ်၊ ဒီရုံးချိန်း အချိန်တွေဟာ သူကမတရား ရယူထားတာမဟုတ်ဘူး၊ ခေါ်ထားတဲ့ သက်သေတွေရုံးကို မရောက် လာနိုင်တဲ့အခါ သူ့ကိုပေးထားတဲ့ အချိန်ထဲနေ ပယ်ပေးနေရတာ” ဟု ပြောသည်။
သက်သေများစစ်ဆေးမှု ပြီးဆုံးတော့မည်ဖြစ်သော်လည်း အမှုတွင် နောက်ကွယ်မှအဓိက စေခိုင်းသူအဖြစ် ရဲ တပ်ဖွဲ့က အလိုရှိနေသည့် အောင်ဝင်းခိုင်းအား ယနေ့အထိ ဖော်ထုတ်ဖမ်းမိခြင်းမရှိသေးဘဲ တရားခံပြေးအဖြစ် ကြေညာထားသည်။
အောင်ဝင်းခိုင်နှင့် ပတ်သက်ပြီး တရားလိုရှေ့နေ ဦးခင်မောင်ဌေး က “ရဲတပ်ဖွဲ့အနေနဲ့ ခုထိဖမ်းမိဖို့ ကြိုးစားတယ် နေတယ်လို့ ယုံကြည်ပါတယ်၊ သူ့ကိုဖမ်းမိရင် အမှုအတွက် ပိုပြီးပြည့်စုံသွားမှာပါ၊ မိခြင်းမမိခြင်းသည် တရားခံ စုံလျင်ခြင်း မစုံလျင်ခြင်း လောက်သာလျှင်ရှိနေပြီးတော့ အမှုအတွက် ရှိနေတဲ့ရှိနေတဲ့ ကွင်းဆက်တွေမပျက်သွား ပါဘူးလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည်၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
လုပ်ကြံမှုနှင့်ပတ်သက်ပြီး ကြည်လင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က)၊ ၁၉ (စ) တို့ဖြင့် စွဲချက်တင်ထားသည့်အပြင် လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းအား သေဆုံးစေခဲ့သည့်အတွက်လည်း လူသတ်မှု ပုဒ်မ ၃၀၂(၂)ဖြင့် စွဲချက်တင်ထားသည်။
အမှုတွင် ပူးပေါင်းကြံသည်မှုဖြင့် စွပ်စွဲဖမ်းဆီးထားသူ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့်လည်းကောင်း စွဲချက်တင်ထားပြီး အောင်ဝင်းထွန်းအား တရားခံအားလက်ခံမှု ပုဒ်မ ၂၁၂ ဖြင့်စွဲချက်တင်ကာ အာမခံပေးထားသည်။