နိုင်ငံတော် လျှိူ့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက် ၂ ဦး ကိစ္စသည် တရားမျှတမှု မရှိသည့်အတွက် သမ္မတ ဦးဝင်းမြင့် အနေဖြင့် အမှားကို ပြင်ဆင်သင့်ကြောင်း ဥရောပသမဂ္ဂ (EU) ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာခရစ်ရှန် ရှမစ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဇန်နဝါရီ ၁၁ ရက်တွင် ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့၏ အယူခံ ပယ်ချလိုက်ပြီးနောက် ယင်းတရားရုံးအထွက်တွင် EU သံအမတ်က သတင်းထောက်များကို အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
မစ္စတာ ခရစ်ရှန် ရှမစ်က “ဒီသတင်းထောက် ၂ ယောက်နဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂအတွက် ဒါက ကြီးမားတဲ့ စိတ်ပျက်မှုဖြစ်ပြီး သတင်းထောက် ၂ ယောက်အပေါ် ကျူးလွန်ထားတဲ့ အမှားကို ပြင်ဖို့ အခွင့်အရေးကို လက်လွတ်သွားတယ်၊ မြန်မာ သမ္မတ အနေနဲ့ လုပ်ဆောင်ထားတဲ့ ဒီတရားမမျှမှုကို ပြင်ဆင်ဖို့ တောင်းဆိုတယ်၊ ဒီသတင်းထောက် တွေကို ချွင်းချက်မရှိ ချက်ခြင်း လွတ်ပေးမယ်လို့ ဥရောပသမဂ္ဂက ယုံကြည်တယ်၊ တောင်း ဆိုတယ်”ဟု ပြောသည်။
ရိုက်တာ သတင်းထောက်များ ဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်၂၅ ရက်က စတင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်က ပဋိပက္ခနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများ စုံစမ်းရေးသား ရန် ကြိုးပမ်းစဉ် ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရမှုသည် သတင်းထောက်များထံတွင် ရက္ခိုင့်တပ်မတော် (AA) မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဖုန်းနံပါတ် ရှိနေခြင်း၊ နိုင်ငံတော်လျှိူ့ဝှက်ချက် စာရွက် စာတမ်းများ တွေ့ရှိခြင်းတို့ ကြောင့်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထို့နောက် နိုင်ငံတော် လျှိူ့ဝှက်ချက် အက်ဥပဒေ ချိူးဖောက်မှုဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ထောင်ဒဏ် (၇) နှစ်စီ ချမှတ်ခံလိုက်ရပြီး နိုဝင်ဘာလမှာ အယူခံလွှာ တင်သွင်းခဲ့ကာ ယနေ့ (ဇန်နဝါရီ ၁၁ ရက်- ၂၀၁၉ ခုနှစ်) တွင် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က အယူခံလွှာကို ပလပ်လိုက်ပြီး အောက်ရုံးက ချမှတ်ထားသည့် အတိုင်း ဆုံးဖြတ်ခဲ့သည်။
ရိုက်တာ သတင်းထောက်များ၏ ရှေ့နေ ဦးသန်းဇော်အောင် က “ ကျနော်တို့ အယူခံတင်တဲ့ အယူခံလွှာ မှာပါတဲ့ သုံးသပ်ချက်တွေ အားလုံးကို တရားရုံးက ထည့်သွင်းသုံးသပ်ခဲ့တာ မဟုတ်ပါဘူး၊ အောက်ရုံးမှာ ဆုံး ဖြတ်ချက် ချတဲ့အတိုင်းပဲ၊ ပြစ်ဒဏ် ၇ နှစ်ကို အတည်ပြုပြီးတော့ ဒီနေ့ ကျနော်တို့ အယူခံ တင်တဲ့ဟာကို ပလပ် လိုက်တာပါ ခင်ဗျ၊ အဲတော့ ဥပဒေပိုင်း အရတော့ ကျနော်တို့ ရှေ့ဆက်ဖို့ကတော့ မိသားစုဝင်တွေ၊ နောက် ကာယကံရှင် ကိုဝလုံးတို့၊ ကိုကျော်စိုးဦးတို့နဲ့ တိုင်ပင်ပြီးတော့ ဆက်ပြီေးတာ့ ဥပဒေပိုင်းဆိုင်ရာတွေ ဆက်လုပ် လို့ရတာတွေ လုပ်သွားမှာပါ” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် က အယူခံလွှာကို ပလပ်လိုက်သဖြင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးသို့ ရက်ပေါင်း ၆၀ အတွင်း နောက်တဆင့် အယူခံလွှာတင်နိုင်ကြောင်း၊ အဆိုပါ အခြေအနေ နှင့် ပတ်သက်ပြီး မိသားစုဝင်များ၊ ကာယကံရှင် ၂ ဦးနှင့် ရှေ့နေတို့ တိုင်ပင်ပြီးမှသာ ဆုံးဖြတ်မည်ဟု မိသားစု ဝင်တို့က ပြောသည်။
သတင်းစာဆရာ ဦးစိန်ဝင်း ကတော့ ရိုက်တာ သတင်းထောက် ၂ ဦးအယူခံ ပယ်ချလိုက်မှုအပေါ် စိတ်ပျက်မိကြောင်း နှင့် တရားမျှတမှု ရရှိရေးအပေါ် မေးခွန်းထုတ်လိုက်သည်။
ဦးစိန်ဝင်း က “စိတ်မကောင်းစရာပါပဲ။ သူတို့ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေဟာ အကျဉ်းထောင်ထဲမှာ ဆုံးရှုံး နစ်နာနေရတယ်။ ဒီအမှုက ရယ်တော့ ရယ်ရတယ်။ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ ဒီလူသတ်မှုကြီးကို ဖော်ထုတ်တဲ့ သတင်းသမားနှစ်ယောက်ကလည်း နိုင်ငံတော်လျို့ဝှက်မှုနဲ့ ထောင်ကျသွားတယ်။ ရဲက ထောင်ဖမ်းတာပါလို့ ဝန်ခံထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်လည်း ထောင်ကျသွားတယ်။ အမှန်တရားကို လက်မခံနိုင်ကြတာ ဘယ်လိုလူစားတွေပါလိမ့်လို့ တွေးတွေးမိနေတာပါပဲ။ တရားရုံးတွေ ဘယ်နားရှိလဲဗျ” ဟုပြောသည်။
ကိုဝလုံး၏ ဇနီး မပန်းအိ က “အဲဒါကတော့ ညီမတို့ ရှေ့နေနဲ့ ပြန်တိုင်ပင်ရမယ်၊ သတင်းကောင်းမဟုတ်တဲ့ အတွက် ဘာမှ မပြောချင်ဘူး။ စိတ်မကောင်းဖြစ်မိတယ်။ အားလုံးကတော့ အကောင်းဆုံးကို မျှော်လင့်ထားတာ ပေါ့၊ အခုကတော့ ဘာမှ မထူးတော့ မပြောချင်တော့ဘူး စိတ်မကောင်းဖြစ်မိတယ်”ဟု ပြောသည်။
ကိုကျော်စိုးဦး၏ ဇနီး မချစ်စုဝင်းကလည်း “ညီမတို့က သူတို့ကို လွှတ်မယ်လို့ မျှော်လင့်ထားတာ၊ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာတဲ့ အတွက် စိတ်မကောင်း ဖြစ်ရတယ်၊ မိသားစုအနေနဲ့ သူတို့ ၂ ယောက် ပြန်ပြီးတော့ လွှတ်မယ်လို့ အခုချိန်ထိ ယုံကြည်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံမတ် မစ္စတာ ခရစ်ရှန် ရှမစ်က တော့ မိမိတို့အနေဖြင့် ယခုအမှုအပေါ် မြန်မာအစိုးရနှင့် ဆက်လက်ပြီး စကားပြောသွားမည်ဖြစ်ကြောင်း၊ ယခုအမှု၏ အမှားကို ပြင်ရမှာသည် မြန်မာ သမ္မတ၏ အလုပ်ဖြစ်ကြောင်း ဆိုသည်။
သံမတ် မစ္စတာ ခရစ်ရှန် ရှမစ် က “မြန်မာသမ္မတ ဘာလုပ်မယ်ဆိုတာ ခန့်မှန်းဖို့က ကျနော်တို့ ကိစ္စမဟုတ်ဘူးလေ၊ ကျနော် ပြောတာက ဥရောပ သမဂ္ဂက ဒီနေ့ တရားရုံးချုပ်နဲ့ အစိုးရက ကျူးလွန်ထားတဲ့ တရားမမျှမှုကို မြန်မာက ပြင်ဆင်ဖို့ တောင်းဆိုတာပဲ” ဟု ပြောသည်။