ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အလုံကျေးရွာအုပ်စုမှ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတဦးမှာ တောအတွင်းမှ ဆေးမြစ်ရှာပြီး အပြန်လမ်းတွင် ဒေသခံမဟုတ်သည့် အမျိုးသမီး ၂ ဦးမှ ဆံပင်ဖြတ်၍ လုယက်သွား သည့်ဖြစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အလုံအုပ်စု၊ ကြာအင်းလေးကျေးရွာနေ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်ခင်မေမှာ တောအတွင်း ဆေးမြစ်ရှာပြီး ရွာသို့ပြန်လာစဉ် ကြံခင်းဒေသ၌ ဆံပင်လိုက်လံ ဝယ်ယူလေ့ရှိသည့် အမျိုးသမီး ၂ ဦးမှ ဒေါ်ခင်မေ၏ ဆံပင်အား ကပ်ကြေးဖြင့်အဓမ္မ ဖြတ်တောက်ကာ အရှည် ၂ ပေခန့်ရှိသည့်ဆံပင်များကို ယူဆောင်ပြီးဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆံပင်ဖြတ်၍ လုယက်ခံရသူ ဒေါ်ခင်မေ က “ကျမက တောထဲကနေ ပြန်လာတာကို သူတို့က ကျမဆံပင်ကိုတွေ့တော့ အမျိုးသမီး တယောက် က ဆိုင်ကယ်ပေါ်က ဆင်းလာတယ်။ ဆံပင်လေးကိုင်ကြည့်ပါရစေဆိုပြီး ကိုင်ကြည့်ပြီးရော နင့်ဆံပင်အရမ်း ကောင်းတယ်၊ ဈေးကောင်း ပေးမယ် ရောင်းမလားဆိုတော့ ကျမက မရောင်းဘူး၊ ဒီဆံပင်က ကျမငယ်ငယ်လေးထဲက ထိမ်းလာတာလည်းဆိုရော ဆံပင်ကို အတင်းဆွဲယူပြီး နောက်စိနားကနေ ကပ်ကြေးနဲ့ဖြတ်ယူတာ။ ကျမဆံပင်တွေ ပါသွားလို့ ငါ့ဆံပင်ပြန်ပေးဆိုပြီး အတင်းလိုက်တောင်းတာ ၂ ယောက်စလုံး ဆိုင်ကယ်ပေါ်တက်ပြီး ထွက်ပြေးသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆံပင်ဖြတ်၍ လုယက်ခံရမှုအား ကာယကံရှင် ဒေါ်ခင်မေမှ ယနေ့ လာရောက် တိုင်တန်းထားပြီး ယင်းအမှုအား မြို့နယ် အုပ်ချုပ်ရေး ဌာနနှင့် ရဲတပ်ဖွဲ့ထံသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း အလုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။
ဦးမြင့်အေး က “ကာယကံရှင် ဒေါ်ခင်မေက လာတိုင်ထားလို့ ကျနော်တို့လည်း ဒီနေ့မှ သိရတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မြို့နယ် အုပ်ချုပ်ရေး ဌာနကို ဆက်တင်ပြသွားပါမယ်။ ပြီးတော့ ဒီကိစ္စကို အမှုမှန်ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နိုင်ရေး ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။
ဆံပင်ဖြတ် လုယက်သွားသူ ၂ ဦးမှာ ကြံခင်းဒေသရှိ ကျေးလက်တောရွာများတွင် ဆိုင်ကယ်ဖြင့် ဆံပင်လိုက်လံ ဝယ်ယူလေ့ ရှိသူများဖြစ်ပြီး လုယက်သူ အမျိုးသမီးနှစ်ဦးစလုံး အသက် ၄၀ ကျော် အရွယ်ရှိပြီး ယခင်ကလည်း သူမဆံပင်ကိုဝယ်ယူရန် တကြိမ်ကမ်းလှမ်းခဲ့သဖြင့် ငြင်းဆန်ခဲ့ဖူးကြောင်း၊ နာမည်များ မသိရှိကြောင်းနှင့် လူမြင်လျှင် မှတ်မိကြောင်း ဒေါ်ခင်မေက ဆိုသည်။
ဒေါ်ခင်မေ၏ ချွေးမဖြစ်သူ မစန်းနွယ်အေး က “ကျမယောက္ခမက သူ့ဆံပင်ဖြတ်ပြီး အလုခံရလို့ စိတ်မကောင်းလွန်းလို့ မနေ့က တညနေလုံး ငိုနေတာ။ သူငယ်ငယ်လေးကတည်းက ထိမ်းသိမ်းလာတဲ့ဆံပင် အလုခံရတော့ သူလည်း တော်တော်စိတ်မကောင်း ဖြစ်သွားတာ” ဟု ပြောသည်။
ကြံခင်းမြို့နယ်တွင် ယခင်က ဆံပင်ဖြတ်၍ လုယက်သည့်ဖြစ်စဉ်မျိုး တကြိမ်တခါမှ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ကြာအင်းလေး ကျေးရွာရှိ ဒေါ်ခင်မေ၏ ဆံပင်ဖြတ် အလုခံရသည့်ဖြစ်စဉ်မှာ ပထမဆုံးဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။