မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အတွင်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားသည့် အဆောက်အအုံ အတွင်းသို့ ကျုးကျော် ဝင်ရောက်နေထိုင်ခဲ့သည့် ပန်ဆေး ပြည်သူ့စစ်မှ ဗိုလ်မှုးအဆင့်ရှိသူ အပါအဝင် ၆ ဦးအား ဖမ်းဆီးအရေးယူ အမှုဖွင့်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း| လမ်း ၆၀ နှင့် ၆၁ လမ်းကြားရှိ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားသည့် အဆောက်အအုံတွင် ပန်ဆေး ပြည်သူ့စစ် မှ ဝင်ရောက်ကျူးကျော် နေထိုင်သူအား ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီး ကာ အမှုဖွင့်အရေးယူခဲ့ခြင်းဟု သိရသည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး မျိုးအောင် က “ကျနော်တို့ဆီကို လာပြီးအမှုဖွင့်လို့ ဖမ်းဆီး အရေးယူထားပါတယ်။ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတာကို ကျုးကျော်ဝင်ရောက် နေထိုင်တာကြောင့် ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေနဲ့အမှုဖွင့် အရေးယူထားပါတယ်” ဟု ပြောသည်။
အဆိုပါနေအိမ်မှာ ပြည်သူ့ ဘဏ္ဍာအဖြစ် မသိမ်းဆည်းခင်က ပန်းဆေး ပြည်သူ့စစ် (မန္တလေးရုံးခွဲ) အဖြစ် ဖွင့်ထားခြင်း ဖြစ်ပြီး ထိုရုံးမှ ဗိုလ်မှူး အဆင့်ရှိ ဦးအောင်ခိုင်မြင့်နှင့် အဖွဲ့က ချိတ်ပိတ်ထားသော သော့များကိုဖျက်၍ ဝင်ရောက် နေထိုင်ခဲ့ခြင်းဟု သိရသည် ။
အဆိုပါနေအိမ်ကို ရာဇဝတ်ကြီးအမှတ် – ၁၅၀ အမှုမှ မန္တလေးခရိုင်တရားရုံး အနေဖြင့် ၂၀၀၉ ခုနှစ်က ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းထားခြင်းဟု သိရသည် ။
ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားသည့် အဆောက်အအုံ အတွင်းသို့ ကျုးကျော်ဝင်ရောက် နေထိုင်ခဲ့သူများကို မန္တလေး ခရိုင်တရားရုံး ဒုတိယဦးစီးမှူး ဘိလစ်အရာရှိ ဒေါ်အေးအေးကျင် က တရားလိုပြုလုပ် တိုင်တန်းသည့်အတွက် အမှတ် (၁၁) ရဲစခန်းတွင် (ပ)၂၁/၂၀၁၉ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။