မြန်မာဘက်ခြမ်း ပြန်ပို့ခံရမည်ကို စိုးရွံ့နေသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီများသည် အိန္ဒိယဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာသေးမီ ရက်သတ္တပတ်များက ခိုလှုံလာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
ဟိုက်ဒါပရာဒတ်၊ ဂျန်မူး-ကက်ရှမီးယား၊ ရာဂျစ္စသန်နှင့် ပန်ဂျပ်စသည့် အိန္ဒိယပြည်နယ်များတွင် နှစ်များစွာနေထိုင်ခဲ့ဖူးသည့် ဘင်္ဂါလီအနည်းဆုံး ၇၄ ဦးတို့သည် အိန္ဒိယ၊ ထရီပူရ ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ဝင်ရောက်လာခဲ့ပြီး ယခုအခါ ကူမီလာနှင့် ဖီနီတို့တွင် ရောက်ရှိနေကြသည်။
ဒုက္ခသည် တဝက်ခန့်မှာ မွေးကင်းစနှင့် လမ်းလျှောက်တတ်ခါစ အရွယ်များ အပါအဝင် ကလေးသူငယ်များပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ၎င်းတို့ကို ကော့ဘဇားနယ်နှင့် ကပ်လျက်ရှိ ဘန်ဒါဘန်ခရိုင်ခွဲ၊ နိုင်ခွန်ချရီ၊ ဂန်ဒမ်ရှိ UNHCR တထောက် စခန်းသို့ ပို့လိုက်ပြီး ယင်းနေရာသည် ဒုက္ခသည် အများအပြား လတ်တလော နေထိုင်သည့် နေရာဖြစ်သည်။
ဘရန်မန်ပူရနှင့် ကူမီလာခရိုင် ဌာနချုပ်တို့တွင် ဇန်နဝါရီလ ၁ ရက်နေ့ တရက်တည်း၌ ရိုဟင်ဂျာခေါ် ဘင်္ဂ ါလီ ၄၈ ဦး ဖမ်းမိခဲ့ကြောင်း ကူမီလာခရိုင်ရှိ ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့သည် ဂျန်မူးကက်ရှမီးယား၊ ရာဂျစ္စသန်၊ ဟိုက်ဒါရာဘတ်နှင့်ပန်ဂျပ်တို့မှ အိန္ဒိယမြောက်ပိုင်း ထရီပူရ ပြည်နယ်ကို ဖြတ်သန်းလျက် ဝင်ရောက်လာကြခြင်း ဖြစ်သည်။
ကော့ဘဇားခရိုင်ခွဲ၊ အူခီရာ၊ ကူတူပလောင်ရှိ အကြီးဆုံးဘင်္ဂါလီဒုက္ခသည်စခန်း၏ အကြီးအကဲဖြစ်သူ မိုဟာမက်ရီဇဲ ကရိန်က ပြောကြားရာတွင် ပြီးခဲ့သည့် ၆ နှစ် (သို့မဟုတ်) ၇ နှစ်က ဘင်္ဂါလီများကို အိန္ဒိယဘက်သို့ လူကုန်ကူးခဲ့ ကြကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခံရမည်ကို စိုးရွံ့နေကြကြောင်း ပြောသည်။ အိန္ဒိယအာဏာပိုင်များက မကြာသေးမီကပင် မြန်မာဘက်ပြန်ပို့ရန် စတင်လုပ်ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်မှ တာဝန်ရှိသူများက ယင်းကိစ္စအတွက် ၎င်းတို့ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားသည်။ မကြာသေးမီက ရောက်ရှိလာသူ အားလုံးသည် ကော့ဘဇားရှိ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) ၏ ကြီးကြပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်သည်။
ဖမ်းထားသူများသည် အိန္ဒိယမြို့များတွင် ၆ နှစ်မှ ၇ နှစ်အထိ အစေအပါးလုပ်၍ အသက်မွေး နေထိုင်ခဲ့သူများ ဖြစ်ကြောင်း ကူမီလာရှိ ဘရမ်မန်ပရာ ရဲစခန်းမှ တာဝန်ခံအရာရှိ ရှာဂျဟန်ကာဘီယာက ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခြင်း မရှိသော အိန္ဒိယသည် ၂၀၁၈ ခုနှစ်က ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ၂၃၀ ဖမ်းဆီးခဲ့ကြောင်း ဒေသခံ မီဒီယာ၏အဆိုအရ သိရသည်။ အိန္ဒိယရှိ ဘင်္ဂါလီများသည် မြန်မာနိုင်ငံ ပြန်ပို့ခံရမည်ကို စိုးရွံ့ နေကြပြီး ၎င်းတို့ကို အိန္ဒိယရဲတပ်ဖွဲ့က နှိမ်နင်းခဲ့၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာခဲ့ကြောင်း ရှာဂျဟန်ကာဘီယာက ပြောသည်။
မကြာသေးမီ ရက်သတ္တပတ်က ဝင်ရောက်ခိုလှုံလာမှုမှာ ပထမအကြိမ် မဟုတ်ကြောင်း ၎င်းက ပြောသည်။ ဘင်္ဂါလီ နှစ်ဒါဇင်သည် ၂၀၁၈ ခုနှစ်က အဆင့်နှစ်ဆင့်ဖြင့် ထရီပူရကို ဖြတ်သန်းလျက် ဘရမ်မန်ပရာသို့ ရွှေ့ပြောင်းလာခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားခဲ့ပြီး ထိုသူအားလုံးကို ဖမ်းဆီးကာ ကော့ဘဇား အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကာလ အတွင်း နယ်စပ်လုံခြုံရေး တာဝန်ရှိသူများ၏ ရဲလုပ်ငန်း အားနည်းနေချိန်၌ ယင်းရိုဟင်ဂျာခေါ် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ရှင်းပြသည်။
ကူမီလာတွင် အခြေစိုက်ထားသော ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး (BGB) တာဝန်ရှိသူများက နယ်စပ်တလျှောက် လုံခြုံရေး တင်းကြပ်ထားရန် ၎င်းတို့ ရဲအရာရှိများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဘယ်လို ကျူးကျော်မှုမျိုးမဆို တားဆီးဖို့ ပိုပြီး နိုးကြားကြပါလို့ ကျနော်တို့တပ်ဖွဲ့တွေကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ဆာရေးဒေသ အခြေစိုက် BGB အဆင့်မြင့် အရာရှိတဦးက ပြောသည်။ ၎င်းသည် ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် ၎င်း၏ အမည်ကို ထုတ်ဖော်ခြင်းမပြုပေ။
ရခိုင်ပြည်နယ်တွင် ညှဉ်းပန်းနှိပ်စက်မှု အုပ်စုများ ရှိနေချိန်၌ ဘင်္ဂါလီများကို မြန်မာဘက်ပြန်ပို့ရန် အတင်းအကျပ် စီစဉ်ခဲ့သော အိန္ဒိယအစိုးရကို တခြားသော အခွင့်အရေး အုပ်စုများအကြား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အိန္ဒိယ AI အဖွဲ့က တနင်္လာနေ့က ကြေညာချက်တစောင် ထုတ်ပြန်ရာတွင် ခိုလှုံခွင့် တောင်းခံနေသော ဘင်္ဂါလီများကို အိန္ဒိယအစိုးရဘက်မှ နှင်ထုတ်ခြင်းသည် နိုင်ငံတကာဥပဒေကို မထီမဲ့မြင် ပြုရာ ရောက်ကြောင်း ဆိုထားသည်။
ပြီးခဲ့သည့်ရက်တွင် မြန်မာဘက်ပြန်ပို့ခံရသော ဘင်္ဂါလီမိသားစု ၅ စုမှာ ၎င်းတို့အေဂျင်စီနှင့် အိန္ဒိယတွင် ခိုလှုံခွင့် မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်က UNHCR က ထုတ်ပြန်ခဲ့သည်။
“ခိုလှုံခွင့် မှတ်ပုံတင်ထားတဲ့ အဲဒီမိသားစုတွေကို ခွင့်ပြုဖို့ UNHCR ရဲ့တောင်းဆိုချက်ကို အစိုးရက လျစ်လျှူရှုတဲ့အတွက် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ အစိုးရရဲ့အပြုအမှုဟာ နိုင်ငံတကာ ဒုက္ခသည်ကာကွယ်စောင့်ရှောက်ရေး ယန္တရားနဲ့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီရဲ့ လုပ်ပိုင်ခွင့်တွေ အပေါ် ပြောင်ပြောင်တင်းတင်း လျစ်လျှူရှုတာပဲ ဖြစ်ပါတယ်” ဟု အိန္ဒိယ AI အဖွဲ့မှ အကြီးတန်းစည်းရုံးရေးမှူး အေဘဟာဗီပီက ဇန်နဝါရီလ ၇ ရက် ကြေညာချက်တွင် ပြောကြားထားသည်။
“ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေကို ပြန်ပို့တာဟာ နိုင်ငံတကာဥပဒေကို လိုက်နာဖို့ အိန္ဒိယဘက်က ပျက်ကွက်မှု ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေအရ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတဲ့ နယ်မြေပိုင်နက်ထဲ လူတွေ ပြန်ပို့တဲ့ကိစ္စ မလုပ်ဖို့ အစိုးရတွေကို တားမြစ်ထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လက မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် ဘင်္ဂါလီအမျိုးသမီး၊ အမျိုးသားနှင့် ကလေးပေါင်း ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာကြသည်။
အိန္ဒိယနိုင်ငံရှိ အေဂျင်စီတွင် ခိုလှုံခွင့် မှတ်ပုံတင်ထားသူနှင့် ဘင်္ဂါလီဒုက္ခသည်ပေါင်း ၁၈၀၀၀ ရှိမည်ဟု UNHCR အဆိုအရ သိရသည်။ အိန္ဒိယတွင် ခိုလှုံခွင့်တောင်းသူများအား UNHCR ဒုက္ခသည် အသိအမှတ်ပြု ကတ်ပြားနှင့် စာရွက်စာတမ်းများ ထုတ်ပေးထားပြီး မတရားဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြည်နှင်ခြင်းတို့မှ ကာကွယ်ရန်အတွက် ရည်ရွယ်၍ ယင်းသို့ ထုတ်ပေးထားခြင်း ဖြစ်သည်။
(Muktadir Rashid သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဧရာဝတီ သတင်းထောက်ဖြစ်သည်။ ၎င်း၏ Fearing Deportation to Myanmar, India-Based Rohingya Flee to Bangladesh ကို ဆီလျော်အောင် ဘာသာပြန်သည်။)