သတင်း

အလှကုန် ပစ္စည်းများ လူသတ်လက်နက် မဖြစ်ရန် ကျန်းမာရေး ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

ပြည်ပမှ အလှကုန် ပစ္စည်းများ တင်သွင်းရာ၌ အရည်အသွေး မမီသည့် ပစ္စည်းများ ဖြစ်ပါက ဖြည်းဖြည်းချင်း လူသတ်သ လို ရောဂါ ရစေနိုင်သဖြင့် အသိအမှတ် ပြုထားပြီး စိတ်ချရသည့် ပစ္စည်းများကိုသာ တင်သွင်းရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် ပြုလုပ်သည့် အွန် လိုင်း ရက်ချိန်း ကြိုတင် လျှောက်ထားမှု စနစ် အသိပေး မိတ်ဆက်ပွဲ အဖွင့်မိန့်ခွန်း၌ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဒေါက်တာ မြင့်ထွေးက“ကျနော်တို့ လုပ်ငန်းရှင်ကြီးများကို မေတ္တာ ရပ်ခံချင်တာက တင်သွင်းတဲ့ ပစ္စည်းများကို စိတ်ချရတဲ့ ကုမ္ပဏီက ပစ္စည်းကို တင်သွင်းစေချင်ပါတယ်။ နယ်စပ်မှာ ရှိတဲ့ စက်ရုံက ထုတ်တဲ့ဟာမျိုးကို မတင်သွင်းစေချင်ဘူး။ ဟိုနိုင် ငံမှာ အသိအမှတ် ပြုပြီး၊ သုံးနေတဲ့ဟာမျိုးကိုပဲ တင်သွင်း စေချင်တယ်။ မဟုတ်ရင် ကျနော်တို့က ဖြည်းဖြည်းချင်း လူသတ် သလို ရောဂါရအောင် ဖြစ်စေပါတယ်”ဟု ပြောသည်။

အထူးသဖြင့် အလှကုန် ပစ္စည်းများမှာ အမျိုးသမီးများ နေ့စဉ် အသုံးပြုနေသည့် အတွက် တရက်ချင်း သုံးသည့် ပမာဏမှာ နည်းသော်လည်း အချိန် ကြာမြင့်လာ၍ အရည်အသွေး မမီသည့် အလှကုန် ပစ္စည်းများ ဖြစ်ပါက အမျိုးသမီးများ အန္တရာယ် များကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ယင်း အလှကုန် ပစ္စည်းများတွင် ဓာတုပစ္စည်းများ မည်မျှ ပါဝင်မှုကို လေ့လာမှုများ၊ ဓာတ်ခွဲ စမ်းသပ်မှုများ ပြု လုပ်ပြီး အဖြေရရှိအောင် လုပ်ဆောင်စေလိုကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောဆိုသည်။

၂၀၁၈ ခုနှစ် အတွင်း FDA အနေဖြင့် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန် ပစ္စည်းများကို စစ်ဆေးခဲ့ရာတွင် အလှကုန် ပစ္စည်း ၁၁၆ မျိုးသည် FDA ၏ မှတ်တမ်း တင်ထားခြင်း မရှိသည့် အပြင် ကျန်းမာရေး အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင် သော တားမြစ် ဓာတုပစ္စည်းများနှင့် တားမြစ် အရောင်ဆိုးဆေးများ ပါဝင်နေသည်ဟု သိရသည်။

အဆိပ်သင့် ဓာတု ပစ္စည်းများသည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီ အကွက်များ ဖြစ်ခြင်း၊အရေပြားမှ တဆင့် ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျ ရောဂါများ အပြင် ရေရှည် သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းနှင့် အခြား ရောဂါများ ဖြစ်ပွားနိုင်ကြောင်း FDA က ဆိုထားသည်။

ထို့ပြင် FDA က တားမြစ်ထားသည့် အရောင်ဆိုးဆေး (Rhodamine B) သည် အဝတ်အထည်များ အရောင် ဆိုးရာ၌ အသုံးပြုသော ဓာတုပစ္စည်း ဖြစ်၍ ရေရှည် သုံးစွဲပါက နှုတ်ခမ်း ကင်ဆာ၊ အစာအိမ် အူလမ်းကြောင်း ကင်ဆာနှင့် ကျောက် ကပ် ရောဂါများ ဖြစ်ပွားနိုင်သည် ဟု သိရသည်။

အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန် ပစ္စည်းများကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချနေခြင်း ပြုပါက ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူ ဆောင်ရွက်သွားမည်ဟု FDA ၏ ဝက်ဘ်ဆိုက်တွင် တရားဝင် ကြေညာထားသည်။

အလှကုန်ပစ္စည်း အရည်အသွေးနှင့် ပတ်သက်၍ ပျဉ်းမနားမြို့နေ မရွှေရည်ဝင်းက“အွန်လိုင်းက မှာလိုက်တာ။ သူက ပစ္စည်း တမျိုးယူရင် ဈေးကြီးတယ်။ တစုံလုံး ယူရင် ဈေးသက်သာတော့ အစုံလိုက် ဝယ်လိုက်တာ။ မျက်နှာသစ်ဆေးက အစ ပါတယ် လူးပြီး ၃ ရက်လောက်မှာ မျက်နှာ တပြင်လုံး အနီစက်တွေ ဖြစ်လာလို့ ဆက် မသုံးရဲတော့ဘူး”ဟု ပြောပြ သည်။

ထိုသို့ အွန်လိုင်းမှ ဝယ်ယူသည့် အဆီကျဆေး၊ အသားဖြူဆေး၊ အလှကုန် ပစ္စည်းများ မှာယူ အသုံးပြုရာတွင် FDA ထောက်ခံချက် မပါရှိသော ကုန်ပစ္စည်းများနှင့် ဘေးထွက် ဆိုးကျိုးများရှိသည့် ပစ္စည်းများ ပါဝင်နေသည့် ပစ္စည်းများကိုပါ ရောင်းချကြလျက် ရှိသော်လည်း စစ်ဆေးမှု၊ အရေးယူပိုင်းတွင် အားနည်းနေသေးကြောင်း ပြည်သူများက ပြောဆိုကြ သည်။

FDA အနေဖြင့် လူသုံးကုန်၊ စားသောက်ကုန် ဆေးဝါး အစရှိသည့် ကုန်ပစ္စည်းများစွာကို စစ်ဆေးပေးနေရသော အရေးကြီး သည့် ဌာန တခုဖြစ်နေသည့်အတွက် မကြာခင် ဆရာဝန်အင်အား ဖြည့်တင်း ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီး က ပြောဆိုသည်။

ဒေါက်တာ မြင့်ထွေးက“သစ်လွင် ဆရာဝန် အသစ်တွေကလည်း FDA ကိုလာချင်တဲ့ သူတွေဆိုရင် မကြာခင် ကာလမှာ ရပါမယ်။ လျှောက်တာ ၁၀၉၉ ယောက် ရှိပါတယ်။ FDA လာချင်ရင် တခါတည်း ပေးမယ်။ FDA ကို ဝန်ထမ်းတွေ အားဖြည့် မယ်”ဟုလည်း ပြောကြားသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading