ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်ရှိ ဂုန်နီ စက်ရုံဝန်း ဆိပ်ကမ်း ဧရိယာတွင် စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ် လုပ်မည့် စက်ရုံကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဓာတ်အားပေး စက်ရုံကို မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) နှင့် ဂျပန်ကုမ္ပဏီ Fujita တို့ ပူးပေါင်း၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း MAPCO ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင် က ပြောသည်။
“ဒီစက်ရုံကို ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ဂျပန်ကုမ္ပဏီနဲ့ MAPCO အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စပါးခွံ က နေ ၁ ဒသမ ၈ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်တဲ့ စက်ရုံ စီမံကိန်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောပြောသည်။
အဆိုပါ စက်ရုံမှ ထွက်ရှိလာသော လျှပ်စစ် ဓာတ်အားကို မဟာ ဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ပြီး ရောင်းချ နိုင် ရန် အတွက် ဧရာဝတီတိုင်း အစိုးရ အဖွဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန တို့နှင့် ညိုနှိုင်း ဆောင်ရွက်သွားမည် ဟု MAPCO က ဆိုထားသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ Fujita ကုမ္ပဏီမှ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း MAPCO မှအစုရှယ်ယာ ၂၀ ရာခိုင်နှုန်းဖြင့် အကျိုး တူ ပူးပေါင်း ဆောင်ရွက်ထားသည့် MyaungMya FM Biomass Power Co.,Ltd (MFM) ကို ဖွဲ့စည်း၍ စပါးခွံ မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မည့် စက်ရုံ အကောင်ထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း စက်ရုံ တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ဧရာဝတီတိုင်းသည် ဆန်စပါး ထွက်ရှိမှု အများဆုံး ဖြစ်ကာ စွန့်ပစ် စပါးခွံမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အဖြစ် ထုတ်လုပ်နိုင်မည့် အပြင် မြန်မာနိုင်ငံ အတွက် Boiler Turbine ဆိုင်ရာ နည်းပညာများ ရရှိနိုင်ရန် အတွက်လည်း ဖြစ်ကြောင်း MAPCO က ထုတ်ပြန်ထား သည်။
စပါးခွံ နှင့် လျှပ်စစ် ထုတ်မည့် စက်ရုံ တည်ဆောက်ရေး လုပ်ငန်းများကို ဧရာဝတီတိုင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Mapco Engineering & Contracting မှ တာဝန်ယူ တည်ဆောက်လျက် ရှိကာ ၈၅ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပြီး ဖေဖော်ဝါရီ လကုန်ပိုင်း၌ စက်ရုံ တခုလုံး စတင် လည်ပတ်နိုင်ရန် လုပ်ဆောင်နေ ကြောင်း ဦးရဲမင်းအောင် က ရှင်းပြသည်။
မြောင်းမြ မြို့နယ် မဲဆန္ဒနယ် ၁ မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း က“အစိုးရ အနေအထားနဲ့ လျှပ်စစ် က ရွာတွေ အထိ မပေးနိုင်ဘူးလေ။ မြို့ပေါ်မှာလည်း မီးအား မနိုင်ဘူး။ တချို့ မြို့နယ်တွေမှာဆို မီးအား ၁၀၊ ၂၀ လောက် ပဲ မှုန်ပျပျလေး လာနေတယ်။ ဒါကို သူတို့ဘက်ကနေ ဝင်လာပြီးတော့ ဆန်စက်တွေ၊
လုပ်ငန်းရှင်တွေကို ပေးမယ် ဆိုရင် အစိုးရ ကနေ တဆင့် ကျနော်တို့ ရပ်ကွက်တွေကို ပေးနိုင်မှာ ဖြစ်တယ်။ တနည်းအားဖြင့် အထောက် အကူ အများကြီး ရပါတယ်။ အဲဒီ စက်ရုံကို ဂုန်နီစက်ရုံဝန်း ငှားပြီး လုပ်မယ်လို့ အကြမ်းဖျင်း သိထားပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ၎င်းက“အခု MAPCO က ပေးမယ့် ဓာတ်အားလိုင်းက မြို့ပေါ် ရပ်ကွက် တရပ်ကွက်စာ လောက်တော့ မီး ပေးလို့ ရမှာပေါ့။ သူကတော့ သီးသန့် ဓာတ်အားလိုင်းနဲ့ ပေးမှာ မဟုတ်ဘဲ ဌာနမှာ ရှိတဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်းနဲ့ ဝင်ပြီး ပေးလိုက်မှာပေါ့။ အဲဒီထဲ ဝင်ပြီးမှ ဌာနကနေ မီတာခ ပြန်ရှင်းပေး၊ ပြန်ညို အဲဒီလို သဘောမျိုးလုပ်မှာပါ”ဟု လည်း ပြောဆိုသည်။
လက်ရှိ မီတာခ အနေဖြင့် စက်ရုံ လုပ်ငန်းသုံး တယူနစ်လျှင် ၇၅ ကျပ်နှုန်းနှင့် အိမ်သုံး မီတာ တယူနစ်လျှင် ၃၅ ကျပ် ပေးဆောင်ရကြောင်း၊ မြောင်းမြ မြို့နယ် အနီးအနားရှိ နေရာများနှင့် တိုက်နယ် ကျေးရွာကြီးများတွင်လည်း လျှပ်စစ်မီး ရရှိရန် လိုအပ်လျက် ရှိနေကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်မီး ရရှိရန် ကမ်းလွန် ငွေသောင်ယံ ဘက်၌ စွမ်းအင်နှင့် လျှပ်စစ်မီး ပေးနိုင်မည့် ဓာတ်အားပေး စက် ရုံ တည်ဆောက်ရန် အတွက် လွှတ်တော် ကော်မတီမှ သွားရောက် စုံစမ်းခြင်းများ လုပ်ဆောင်ထားကာ လာမည့် ၂၀၂၅ ခုနှစ်မှသာ အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းထားကြောင်းလည်း ဦးသန့်ဇော်ဝင်းက ပြောသည်။
ထို့ပြင် မြောင်းမြ မြို့နယ်ရှိ ဂုန်နီ စက်ရုံဝန်း၏ မြေလွတ် ဧရိယာ ၂၆၁ ဒသမ ၂၂ ဧကတွင် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် လယ်ယာ ကဏ္ဍ အခြေခံ စက်ရုံများ၊ လယ်ယာ ပို့ကုန် တန်ဖိုးမြှင့် စက်ရုံများ ဆောင်ရွက်နိုင်ရန် အတွက်လည်း ဧရာဝတီ တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ထောက်ခံ တင်ပြမှုဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့ (စီးပွားရေးရာ ကော်မတီ)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ပြပြီး ခွင့်ပြုချက် ရရှိပါက စက်မှုဇုန် ဖော်ထုတ်ရန် အစီစဉ်များလည်း ရှိကြောင်း MAPCO မှ သိရသည်။
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄၉၀၀ ကျော် ရှိသည့် အနက် ကျေးရွာပေါင်း ၃၉၉၀၀ ကျော်မှာ ယနေ့ အချိန်ထိ လျှပ်စစ် မီး မရရှိသေးကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးအောင်သန်းဦးက ပြီးခဲ့သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောသည်။