မော်လမြိုင် တက္ကသိုလ် နယ်မြေနှင့် တဆက်တည်း ဖြစ်နေသည့် မြိုင်သာယာ ရပ်ကွက်ထဲ၌ အရက်ဆိုင်၊ KTV နှင့် အနှိပ် ခန်း များ ရှိနေသဖြင့် မရှိစေလိုကြောင်း မော်လမြိုင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ မင်းစန်းသိန်းဝင်းက ပြော သည်။
“တက္ကသိုလ် အနီးအနား တွေမှာ KTV ဆိုင်တွေ၊ အရက်ဆိုင်မျိုးတွေ ရှိနေတာ ကျနော်တို့ အနေနဲ့ လုံးဝ ကန့်ကွက် ပါ တယ်”ဟု ၎င်းက ဆိုသည်။
ယင်း KTV ဆိုင်များတွင် သီချင်းဆိုခြင်း အပြင် အရက် သေစာ သောက်စားမှုများ ပါလာလေ့ ရှိသဖြင့် ထိုသို့ သောက်စား မူးယစ်မှု နောက်ဆက်တွဲ အဖြစ် ယာဉ်တိုက်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိလာသည့် အပြင် ခိုးမှု၊ ရာဇဝတ်မှုတို့ ဖြစ်ပွား တတ်ခြင်းကြောင့် တက္ကသိုလ် အနီး၌ ယင်းဆိုင်များအား မရှိစေလိုကြောင်း မင်းစန်းသိန်းဝင်းက ရှင်းပြသည်။
မွန်ပြည်နယ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက“ကိုယ့်ဆိုင်ကယ် ကုန်သွားတဲ့ အခါ သူများ ဆိုင်ကယ် ယူမယ် ဒီလိုတွေပေါ့။ တဖြည်းဖြည်းချင်း ကျောင်းအတွင်းမှာ မူးယစ်ဆေး ကိစ္စကနေ လုံခြုံရေး ကိစ္စထိကို အကျိုး သက်ရောက်မှု တွေက ဖြစ်လာနိုင်တယ်”ဟု ပြောဆိုသည်။
မော်လမြိုင် တက္ကသိုလ် အနီး KTV နှင့် အနှိပ်ခန်း စသည့် ဆိုင်များ မဖွင့်ရန် တားမြစ် ဧရိယာမြေပုံကို မွန်ပြည်နယ် အစိုးရ အဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် သတ်မှတ်ပေးခဲ့ပြီး ယင်းဧရိယာကို မော်လမြိုင် တက္ကသိုလ်အား ဗဟိုထား၍ ၇၁၆ ဧက သတ်မှတ်ထားခြင်း ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောသည်။
မော်လမြိုင် တက္ကသိုလ် နယ်မြေ အဖြစ် သတ်မှတ် ဧရိယာအတွင်း ဟိုတယ်၊ တည်းခိုခန်းနှင့် အဆောင်များ ဖွင့်လှစ်ခွင့် လုပ်ငန်း လိုင်စင်ယူ၍ ပြည့်တန်ဆာ လုပ်ငန်းနှင့် အနှိပ်ခန်းများ ဖွင့်လှစ်နေမှု မရှိစေရန်၊ KTV ဆိုင်များ မရှိစေရန် မွန် ပြည်နယ် အစိုးရက တားမြစ် ထားကြောင်း သိရသည်။
ထို့ပြင် အရက်သေစာများကို လိုင်စင်ပါ စည်းကမ်းနှင့် အညီ ရောင်းချရန်၊ တရားမဝင် ယစ်မျိုးဆိုင်များ မရှိစေရန်၊ စား သောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ မူးယစ် ဆေးဝါး ရောင်းချခြင်းနှင့် သုံးစွဲခြင်း မရှိစေရန်၊ တက္က သိုလ် စာမေးပွဲ အချိန်တွင် ဇာတ်သဘင်ပွဲကျင်းပခြင်း မပြုလုပ်ရန်၊ TV ဂိမ်းနှင့် ကွန်ပျူတာ ဂိမ်းဆိုင်များကို ည ၁၀ နာရီ ပိတ်သိမ်းသွားရန်၊ ဘာသာရေး၊ တိုင်းရင်းသား ယဉ်ကျေးမှုကို စိတ်ဝမ်းကွဲစေသော လှုံ့ဆော်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေးခြင်းနှင့် ဟောပြောခြင်းများ မပြုလုပ်ရန် စသည့် အချက်များကိုလည်း တားမြစ် ထားကြောင်း မော်လမြိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရှင်းပြသည်။
မင်းသံစဉ်ဦးက“သူတို့ရဲ့ စီးပွားရေး အရ ကျောင်းသားတွေကို ပစ်မှတ် ထားခြင်းအားဖြင့်လည်း သူတို့ အနေနဲ့ အဆင်ပြေ စေမယ် ထင်လို့လည်း ဒီအနီးနားမှာ ဖွင့်တာ ဖြစ်နိုင်တယ်ပေါ့နော်။ ကျောင်းတက်နေသူ ဆိုရင် Day ဆိုရင်ပဲ ၃ သောင်း ကျော် ရှိတယ်။ အဝေးသင် ဆိုရင် ၄ သောင်းနီးပါး ရှိတယ်ပေါ့နော်။ အားလုံးပေါင်းရင် ၆ သောင်း ၇ သောင်းနီးပါး ရှိတယ်” ဟု ဆိုသည်။
မော်လမြိုင်မြို့နယ် အတွင်း လိုင်စင်ရ အရက်ဆိုင်ပေါင်း ၃၇၀ ကျော် ရှိကြောင်း သိရသည်။