အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင် အောင်တို့အား ပုဒ်မ ၂ ခုဖြင့် စစ်တွေခရိုင် တရားရုံးမှ စွဲချက်တင်ခြင်းနှင့် ပတ်သက်၍ ပယ်ဖျက် ပေးရန် လျှောက်ထားချက်အပေါ် ရခိုင်ပြည်နယ် တရားလွှတ်တော်က ဇန်န ဝါရီလ ၁၀ ရက်နေ့က ပလပ် လိုက်သည်။
အဆိုပါ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ အမှုအား ရသေ့တောင်မြိုတွင် ပြုလုပ်သည့် စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး အစိုးရ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာ အေးမောင် နှင့် လူငယ်စာ ရေးဆရာ ဝေဟင်အောင် တို့အား တရားရုံးထုတ် စစ်ဆေးခဲ့ရာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စသည့် ပုဒ်မ ၂ ခုဖြင့် စွဲချင်တင်ရန် စစ်တွေခရိုင်တရားရုံးက စက်တင်ဘာလ ၁၀ ရက်နေ့က အမိန့်ခချ မှတ်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ ပုဒ်မ ၂ ခုဖြင့် စွဲချက် တင်ခဲ့သည်ကို မကျေနပ်သည့် အတွက် ပြည်နယ် တရား လွှတ်တော်ထံ ရာဇဝတ်မှု ပြင်ဆင်ချက် လျှောက်ထားခဲ့ရာမှ ယင်းသို့ ပယ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါက်တာ အေးမောင်အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က ပြောသည်။
ဦးကျော်ညွန့်မောင် က “နိုင်ငံတော် ပုန်ကန်မှု ၁၂၂၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ၅၀၅ (ခ) နဲ့စွဲချက် တင်ထားတယ်။ အဲဒီ ၂ မှုလုံးကို အမှု သည်တွေက မကျေနပ်တဲ့ အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ရာဇဝတ်ပြင်ဆင်မှု တက်ပြီးတော့ နှစ်ဘက် လျှောက်လဲချက် ပေးကြပါတယ်။ အဲဒီဟာကို တရား လွှတ်တော်က ပလပ် လိုက်ပါတယ်” ဟု ပြောသည်။
၎င်း စွဲချက်အား ပယ်ဖျက်ပေးရန် ရာဝတ်ပြင်ဆင်မှု လျှောက်ထားချက်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ က ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည် ။
နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ ကို ကျူးလွန်လျှင် သေဒဏ် ဖြစ်စေ၊ တသက် တကျွန်းပို့ဒဏ် ဖြစ်စေ ချမှတ် ခံရမည်ဟု ဖော်ပြထားပြီး နိုင်ငံတော်အကြည်အညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) မှာလည်း နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဟု ဖော်ပြထားသည်။
စာရေးဆရာ ဝေဟင်အောင် အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှွတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ကျမတို့ လျှောက်ထားတဲ့ ရာဇဝတ်ပြင်ဆင်မှု အမှု အားလုံးကို ပလပ်တဲ့ အမိန့် ချမှတ်လိုက်ပါတယ်။ ပလပ်တယ်ဆို တာက မူလ စစ်တွေခရိုင်တရား ရုံးက ချမှတ်ထားတဲ့ အမိန့်ကိုပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်” ဟု သတင်းထောက် များကို ပြောသည်။
ထိုသို့ ပြည်နယ် တရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှုအား ပလပ်လိုက်သည့်အတွက် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ အမှုအား စစ်တွေခရိုင်တ ရားရုံးတွင် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို ၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာ ဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။