နေပြည်တော်တွင် သံရုံးဖွင့်ရန် ၁၉ နိုင်ငံအဆိုပြုထားပြီး သုံးနိုင်ငံ မြေရယူထား
အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ နိုင်ငံတကာ သံတမန်ဇုန်တွင် သံရုံးဖွင့်လှစ်ရန်အတွက် ၁၉ နိုင်ငံ အဆိုပြုထားပြီး ၃ နိုင်ငံက စာချုပ်ချုပ်ဆိုကာ မြေနေရာရယူထားပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဇန်နဝါရီလ ၁၂ ရက်က နိုင်ငံတကာသံရုံးများ ပြောင်းရွှေ့မည့်အခြေအနေနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးမင်းသူ က “ငွေသွင်းပြီးတဲ့နိုင်ငံကတော့ အတိအကျအားဖြင့်ပြောရရင် စာချုပ်ချုပ်ပြီးသားနိုင်ငံ သုံးနိုင်ငံ ရှိသွားပြီပေါ့။ နောက်ထပ် ကာတာလိုမျိုး စာချုပ်ချုပ်ဖို့ ဆောင်ရွက်နေတာတွေက နောက်ဆုံးအဆင့် ရောက်နေပါပြီ” ဟု ပြောသည်။
ကာတာနိုင်ငံအနေဖြင့် စာချုပ်ချုပ်ဆိုရန်အတွက် လုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြကာ မြေနေရာရယူရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နေပြည်တော်သံတမန်ဇုန်၌ ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံက စာချုပ်ချုပ်ဆို မြေဝယ်ယူကာ မြေနေရာရယူထား သကဲ့သို့ ဘရူနိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် သံရုံးမြေနေရာလဲလှယ်သည့် စနစ်ဖြင့် မြေနေရာရယူထားသည်။
“ကိုရီးယား(တောင်)၊ သြစတေးလျနိင်ငံတို့ကလည်း သံရုံးမြေနေရာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ စည်ပင်ပိုင်မြေ သံတမန်ဇုံထဲမှာ လာကြည့်တာ၊ အခြေအနေတွေမေးတာ လိုအပ်တဲ့အချက်အလက်တွေ တောင်းတာ ဒါတွေတော့ ရှိနေတယ်” ဟု ဦးမင်းသူက ဆက်ပြောသည်။
သံရုံးမြေနေရာအတွက် တဧကလျှင် ဒေါ်လာ ငါးသိန်းသတ်မှတ်ထားကာ နိုင်ငံတနိုင်ငံကို တကွက်လျှင် ငါးဧကကျော် အကျယ်ရှိသည့် အကွက် ၂ ကွက်အထိ ဝယ်ယူခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိတွင် မြေနေရာ အဆိုပြုထားသည့် နိုင်ငံများအနက် အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော အင်အားကြီး နိုင်ငံကြီးများကလည်း ၎င်းတို့၏ လိုအပ်ချက်အရ ခွင့်ပြုထားသည့်အကွက်ထက် ပိုမိုရယူလိုသည်ဟု ကမ်းလှမ်းထားသည်များလည်း ရှိကြောင်း ဦးမင်းသူက ပြောသည်။
ဦးမင်းသူ က “မြေကွက်ပေါင်းကလည်း တချို့အများဆုံး ငါးကွက်ပေးရမယ်လို့ သတ်မှတ်ထားတာပေါ့လေ။ တကွက်ကိုလည်း ငါးဧက ကျော်ကျော် လောက်ရှိတာပေါ့။ အခုအချိန်မှာ တချို့ထပ်ဆင့်ပြီးမှ အိန္ဒိယနိုင်ငံလိုဆိုရင် ပုံမှန်တစ်ကွက်ကနေပြီးတော့မှ ထပ်ပြီးတော့ အဆိုပြုလာတာတွေ ရှိတယ်” ဟု ပြောသည်။
နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့ကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုမရှိ၍ အစည်းအဝေးများ၊ အခမ်းအနားများ တခုနှင့်တခု တနေရာမှ တနေရာကူးသန်း လုပ်ကိုင်ရခြင်းအတွက် အနှောင့်အယှက်မရှိဘဲ အလုပ်လုပ်ရာတွင် ပိုမိုတွင်ကျယ်လာမည့် အားသာချက်များရှိကြောင်း၊ သံရုံးများပြောင်းရွေ့လာပါက ဒေသလည်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်၍ ကြိုဆိုရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် က ဆိုသည်။
ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင် က “သံတမန်အသိုင်းအဝိုင်းတွေ ရောက်လာရင် သူတို့မိသားစုတွေ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့၊ သူတို့ပညာရေးတို့ အဲဒါတွေနဲ့ ဆက်နွယ်တဲ့ ရင်းနှီးမြုပ်နှံမှုတို့ အဲဒါနဲ့ဆိုင်တဲ့ အခြေခံအဆာက်အဦ ဖွံ့ဖြိုးမှုတို့ ဒါတွေလည်းပဲ ရနိုင်တာပေါ့။ ကောင်းပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံကြီးများအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းအင်အားနှင့် အတည်တကျဖြစ်မှုအခြေအနေ၊ ရန်ပုံငွေများ အပေါ်မူတည်ကာ နေပြည်တော်သို့ ပြောင်းရွေ့ရန် အချိန်ယူရနိုင်ကြောင်းလည်း ဒေါ်ပြုံးကေသီနိုင်က သုံးသပ်သည်။
သံတမန်ဇုန်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိပြီး ဧက ၁၅၀၀ ကျော်ရှိသည့် မြေအကျယ်တွင် မြေကွက် ၁၂၀ ဖော်ဆောင်ထားကြောင်း၊ သံရုံးများပြောင်းရွှေ့ရာတွင် လွယ်ကူစေရန် လမ်း၊ လျှပ်စစ်မီး နှင့် ရေ ရရှိနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ သံရုံးမိသားစုဝင်များအတွက် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးရုံများ၊ တက္ကသိုလ်များတည်ဆောက်ရန်လည်း ညှိနှိုင်းပြင်ဆင်နေပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။