အစိုးရပိုင် ဘဏ်လေးခုတွင် ငွေအပ်နှံသူများ နိုင်ငံခြားငွေဒေါ်လာ အပ်နှံရာတွင် ပေးဆောင်ရသော ဝန်ဆောင်ခ ၀ ဒသမ ၀၃ ရာခိုင်နှုန်းကို ပယ်ဖျက်ရန် အစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောသည်။
ပြည်ထောင်စု ဝန်ကြီး က “ကျနော်တို့ဘဏ်တွေက အခုဆိုရင် မရူံးဘူး အမြဲတမ်းမြတ်နေတဲ့ ဘဏ်တွေပါပဲ။ ဒါပေမယ့် သူတို့ဘဏ်တွေကို ကျနော်တို့ နိုင်ငံခြားငွေ ဒေါ်လာ သွားသွင်းတဲ့ အခါမှာကျရင် သူတို့က ပွိုင့် ၀၃ ရာခိုင်နှုန်း ယူတယ်။ ကိုယ်ကလည်း ငွေသွင်းရသေးတယ်။ ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်။ ဒီဟာက သိပ်ပြီးတော့ ငွေအပ်တဲ့ သူတွေပေါ်မှာ မညှာမတာလုပ်ရာ ကျတယ်လို့ ယူဆပါတယ်။ ဒါကြောင့် လာအပ်တဲ့ ဒေါ်လာတွေပေါ်မှာ ဝန်ဆောင်ခ မယူဖို့ကို ကျနော်တို့ ဘဏ်တွေကို အဆိုပြုထားပါတယ်” ဟု ပြောသည်။
ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္မတ ၁ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးက ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင် က “သာမာန်အားဖြင့်ကြည့်ရင်တော့ လည်းကောင်းပါတယ်။ ဘဏ်တွေမှာ နိုင်ငံခြားသုံးငွေ မြင့်လာအောင် ဆွဲဆောင်တဲ့ နည်းပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ စရိတ်စကတွေ မပေးရပဲနဲ့ လာအပ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ တခုတော့ရှိတယ်။ ဘဏ်က ဘယ်လိုစဉ်းစားမလည်း ဆိုတော့ free တော့ ပေးလေ့မရှိဘူး။ ဝန်ဆောင်ခတော့ များသောအားဖြင့်ကောက်ကျတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ပဘဏ်များတွင် ထောက်ခံစာ၊ ဘဏ်ချေးငွေရယူခြင်း အစရှိသည် ကိစ္စမျိုး ဆောင်ရွက်လျှင် ဝန်ဆောင်ခ အနေဖြင့် ၁ ဒေါ်လာခန့်ပေးရကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကိစ္စကိုဆောင်ရာတွင် အဓိက ကိုင်တွယ်လုပ်ဆောင်ရသော မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာနိုင်ငံ ခြားကုန်သွယ်ရေးဘဏ် (Foreign Trade Bank) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် မြန်မာ့ လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (MADB) တို့တွင် နိုင်ငံခြားငွေ လာရောက်အပ်နှံသော ငွေအပ်နှံသူများထံမှ ဝန်ဆောင်ခ မယူရန် အဆိုပြုထားပြီး ယင်းသို့လုပ်ဆောင်လျှင် ငွေအပ်နှံသူများနှင့် ဘဏ်ဆက်ဆံရေး ပို၍ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
“ဘဏ်ကိုသွင်းရင် ပုံစံတွေ ရောင်းတဲ့ ကိစ္စ ဒါတွေရောင်းပြီးတော့ ဟိုရံပုံငွေ၊ ဒီရံပုံငွေထားတဲ့အခါမှာ ကျနော်တို့ မလိုလားအပ်တဲ့ ပြဿနာ ဝင်လာမှာ ကြောက်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး က “ကျနော်တို့ ကိုင်တွယ်နေရတဲ့ အစိုးရ ဘဏ်လေးဘဏ်ကို နောင်ဆိုရင် စက္ကူကြေးတို့ ပုံစံကြေးတို့ မယူဘဲနဲ့ ဘဏ်က တကယ်ယူရမယ့် ဝန်ဆောင်ခတွေပဲ ယူဖို့ ဆိုပြီး ကျနော်တို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအပြင် ငွေရေးကြေးရေးနှင့် ဘဏ်ဝန်ဆောင်မှု ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကိုလည်း အပြင်းအထန် ကြိုးစား ဆောင်ရွက်နေပြီး လာမည့်နှစ် (မကြာသော ကာလ)တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံတကာ ဘဏ်များနှင့် ယှဉ်ပြိုင်နိုင်အောင်၊ ညီမျှသော ယဉ်ပြိုင်မှုဖြစ်အောင် အတွက်ရည်ရွယ်၍ အတိုင်းအတာ တခုအထိ ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များဘက်မှလည်း ပြုပြင်ပြောင်းလဲမှုများကို လိုက်ရော လုပ်ဆောင်လာခြင်းများ ရှိကြောင်းသိရသည်။