သတင်း

မြစ်ဆုံ စီမံကိန်းကို မဆန့်ကျင်ကြောင်း တရုတ် သံရုံး ထုတ်ပြန်ချက် မှားယွင်းနေ ဟုဆို

Want create site? Find Free WordPress Themes and plugins.

ကချင် ဒေသခံများက မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ မဆန့်ကျင်ကြောင်း ပြောဆိုသည်ဟု ရေးသားထားသည့် တရုတ် သံရုံး၏ ထုတ်ပြန်ချက်ပါ အချက်သည် မှားယွင်းနေကြောင်း ကချင် နိုင်ငံရေး ပါတီများက ပြောသည်။

ကချင် ဒီမိုကရက်တစ် ပါတီ (KDP) ဥက္ကဌ ဦးကွမ်ဂရောင် အောင်ခမ်းက “ကျနော်က ဒီဟာကို လုံးဝ သဘော မတူနိုင် ပါဘူး။ ကန့်ကွက်ပါတယ်။ မြစ်ဆုံ ရေကာတာ လုပ်မယ့်ဟာကို ကျနော်တို့ ပါတီအနေနဲ့ပဲ ဖြစ်ဖြစ် လူပုဂ္ဂိုလ်အရပဲ ဖြစ်ဖြစ် သဘောမတူပါဘူး။ ရှင်းရှင်းလင်းလင်းပဲ တရုတ်သံ အမတ်နဲ့ ဖြစ်ဖြစ် တရုတ်ပြည်ကိုပဲ ဖြစ်ဖြစ် ပြောလိုပါတယ်” ဟု ဆို သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ ဟုန်လျန် (Mr.Hong Liang) က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ပြီး KDP ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ-ကချင်ပြည်နယ် (UDPKS) တို့မှ ဥက္ကဋ္ဌ ၃ ဦးနှင့် သီးသန့်စီ တွေ့ဆုံခဲ့သည်။

တရုတ် သံအမတ်နှင့် တွေ့ဆုံစဉ် မြစ်ဆုံ စီမံကိန်းကို ဒေသခံများက မဆန့်ကျင်ကြောင်း မပြောဆိုခဲ့သည့် အပြင် စီမံကိန်း စတင်ချိန်မှ စ၍ ယခုချိန်ထိ မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်နေပြီး နောင်ကာလများတွင်လည်း ဆက်လက် ကန့်ကွက် သွားမည်ဟု ဦးအောင်ခမ်း က ပြောသည်။

KSDP ၊ KDP ၊UDPKS တို့သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တပါတီတည်း အဖြစ် ရပ်တည် ယှဉ်ပြိုင် ရန် ပူးပေါင်းထားပြီး ကချင်ပြည်နယ် ပြည်သူ့ ပါတီ (KSPP) အမည်ဖြင့် မှတ်ပုံတင်ထားသည်။

ကချင်ပြည်နယ်သို့ သံအမတ်ကြီး သွားရောက်သည့် ခရီးစဉ် အကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာ ဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီး ထိုထဲ၌ ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံ ရေအားလျှပ်စစ် စီမံ ကိန်းကို ဆန့်ကျင် ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင်
ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့် အဖွဲ့အစည်း ဖြစ် ကြောင်း ကချင်ပြည်နယ် နိုင်ငံရေး ပါတီများနှင့် လူမှုရေး အဖွဲ့အစည်းများက ပြောသည်ဟု ရေးသားထားသည်။

ထို့ပြင် သံအမတ်ကြီး Mr.Hong Liang က ကချင်ပြည်နယ် နိုင်ငံရေး ပါတီနှင့် လူမှုရေး အဖွဲ့အစည်းများ မြစ်ဆုံ စီမံကိန်းကို မဆန့်ကျင်သည့် သဘောထားကို ချီးကျူးကြောင်း၊ အစိုးရထံသို့ ထိုသဘောထားများကို တင်ပြရန် ပြန်လည် ပြောဆိုခဲ့ သည်ဟု ရေးသားထားသည်။

KSDP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ က “ကချင် တပါတီတည်း အတွက် မှတ်ပုံတင်ထားတဲ့ ၃ ပါတီက ဥက္ကဋ္ဌ ၃ ယောက်ကို သပ်သပ် တွေ့ပါတယ်။ မနက် ၈ နာရီ ၁၅ ကနေ ၉ နာရီထိ တွေ့ပါတယ်။ ထုတ်ပြန်ချက်မှာ ပါတဲ့ အတိုင်း မြစ်ဆုံကိစ္စကို ကျနော်တို့ ၃ ယောက်လုံး မပြောဘူး” ဟု ဆိုသည်။

တရုတ်သံ အမတ်ကြီး အနေဖြင့် အခြား ပါတီများနှင့် တွေ့ဆုံစဉ် အခြား ပါတီများမှ မြစ်ဆုံ စီမံကိန်းကို ထောက်ခံသည်ဟု ပြောမပြောကိုလည်း မသိကြောင်းနှင့် ၎င်းတို့ ၃ ပါတီ ဥက္ကဋ္ဌ ၃ ဦးနှင့် တွေ့ဆုံစဉ် လုံးဝ မပြောကြကြောင်း၊ တရုတ် သံရုံး၏ ထုတ်ပြန်ချက်ပါ အချက်မှာ မှားယွင်းနေပါသည်ဟု ဒေါက်တာ တူးဂျာက ပြောသည်။

“အားလုံး သဘောတူညီ သလိုလို ဖြစ်နေတယ်။ ဘယ်ပါတီက ပြောတယ် ဆိုတာကို အတိကျ မရေးတော့လေ။ ကျနော်တို့ ၃ ပါတီကတော့ လုံးဝ မပြောဘူး” ဟုလည်း ၎င်းက ဆိုသည်။

ဒေါက်တာ တူးဂျာက ကချင် ဒေသခံများ အနေဖြင့်လည်း မြစ်ဆုံ စီမံကိန်း အပေါ်တွင် ဆန္ဒ ပြောင်းသည်ဟု မကြားမိ ကြောင်း၊ ယခင်အတိုင်း ကန့်ကွက်မြဲ ဖြစ်သည်ဟု ပြောသည်။

မြစ်ဆုံ စီမံကိန်း ဧရိယာတွင် ပါဝင် သဖြင့် ဘိုးဘွားပိုင် မြေကွက် အသိမ်းခံရဖူးပြီး စီမံကိန်းကို ဆန့်ကျင်သဖြင့် တရုတ် ကုမ္ပဏီမှ ရိက္ခာ ထောက်ပံ့မှု ဖြတ်တောက် ခံထားရသည့် တတ်ကြွ လှုပ်ရှားသူ ဒေါ်လုရာကလည်း “ကျမတို့ကတော့ မြစ်ဆုံ စီမံကိန်းကို လုံးဝ သဘောမတူဘူး။ ကချင် ခေါင်းဆောင်တွေက သဘောတူခဲ့ရင်တောင် ကျမတို့ ပြည်သူလူထုက သဘော မတူဘူး။ လုံးဝ ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

တရုတ်သံ အမတ်ကြီး၏ ခရီးစဉ်တွင် လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ၊ ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။ ထို့ကြောင့် ဧရာဝတီမှ ဒူးလေးပါတီ ဥက္ကဋ္ဌကို ဆက်သွယ် မရသဖြင့် သီးခြား မှတ်ချက် ရယူနိုင်ခြင်း မရှိခဲ့ပေ။

တရုတ်သံ အမတ်ကြီးနှင့် တွေ့ဆုံခဲ့သည့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ၎င်းကိုလည်း မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးရာ ကချင်လူထုက စီမံကိန်းကြောင့် တာရိုးကျိုးခဲ့ပါက အသက် အန္တရာယ်ကို စိုးရိမ်ပြီး အောက်မြန်မာ ပြည်သူလူထုက စိုက်ပျိုးမွေးမြူရေး အတွက် စိုးရိမ်နေကြောင်း ပြောခဲ့သည်ဟု သိရ သည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က “မြစ်ဆုံဆိုတဲ့ မေခနဲ့ မလိခ ဆုံတဲ့ နေရာမှာ သဘာဝကို ကျနော်တို့ မဖျက်ဆီးချင်ဘူး။ ဒါပေမယ့် မြစ်ဆုံရဲ့ အထက်မှာ သူတို့ လုပ်နေတဲ့ တာတမံတွေ စီမံကိန်းတွေ အများကြီး ရှိတယ်။ ဥပမာ- ချီဖွေ၊ မေခတို့ မလိခတို့ဘက် လုပ်ဖို့ ရှိတယ်။ အဲဒီဘက်မှာဆို ကျနော်တို့ ဘာမှ မပြောလိုဘူး” ဟုလည်း ပြောသည်။

တရုတ်သံ အမတ်ကြီးဘက်မှ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က သဘောထား ပြောင်းလဲနေပြီ ဖြစ်သဖြင့် KBC အနေနဲ့ သဘောထား ပြောင်းလဲလာပြီ ဆိုသည့် အကြောင်း အစိုးရထံ စာပေးပို့ပါဟုလည်း ပြောဆိုကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် က ဆိုသည်။

“ကျနော်ကတော့ လူထုနဲ့ ကျနော်တို့ အသင်းတော် ခေါင်းဆောင်တွေ တွေ့ဆုံပြီးမှ ဆွေးနွေးပြီးမှ ထုတ်ပြန်လို့ ရမယ်။ ကျနော် တယောက်တည်း ဆန္ဒနဲ့ မရဘူးလို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ ကချင်ပြည်နယ်နေ့ အခမ်းအနား၊ ညစာစားပွဲ၌ ဒေါက်တာ ခလမ် ဆမ်ဆွန်က တရုတ် ဘက်မှ ဖိအားများလာကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောရာ ၎င်းက “ဟုတ်လား” ဟုသာ ပြန်ပြောသည်ဟု သိရ သည်။

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို စစ်အစိုးရ လက်ထက်က စာချုပ် ချုပ်ဆိုခဲ့ပြီး ဒေသခံ ပြည်သူများကို အသိပေးခဲ့ခြင်း မရှိပေ။

မြစ်ဆုံ စီမံကိန်းကြောင့် ရွာ ၅ ရွာမှ ဒေသခံ တထောင်ကျော် ဘိုးဘွားပိုင် မြေနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ကာ တရုတ် ကုမ္ပဏီမှ အသစ် ဆောက်ပေးသည့် အိမ်ရာများသို့ ပြောင်းရွှေ့ခဲ့ရပြီး အလုပ်အကိုင် မရှိသဖြင့် တရုတ်ဘက်မှ ထောက်ပံ့ သည့် စားနပ်ရိက္ခာကို မှီခိုနေကြရသည်။

တတ်ကြွ လှုပ်ရှားသူ အချို့က ၎င်းတို့ ပိုင်မြေနေရာများတွင် ပြန်လည် နေထိုင်ကြပြီး ထိုသို့ နေရပ်ပြန်သူများကို တရုတ် ကုမ္ပဏီက ဆန်နှင့် ငွေ ထောက်ပံ့မှုများ မပေးခဲ့ကြောင်း သိရသည်။

ဒေသခံများနှင့် အနယ်နယ် အရပ်ရပ်မှ ဝိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ ကြသဖြင့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက် ၌ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်က မြစ်ဆုံ စီမံကိန်း စာချုပ်ကို ပြည်သူအား ချပြမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထိ ကချင် ပြည်သူလူထုများကို မြစ်ဆုံ စီမံကိန်းနှင့် ပတ် သက်၍ တစုံတရာ ပြောဆို ဆောင်ရွက်ခြင်း မရှိခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading