တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိနိုင်ရေး အစိုးရငြိမ်းချမ်းရေး ကေ်ာမရှင် (PC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုမှာ တိုးတက်မှုရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အလွတ်တွေ့ဆုံကြပြီးနောက် ယင်းကဲ့သို့ နှစ်ဖက်ကိုယ်စားလှယ်များက သတင်းမီဒီယာများကို ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများအကြား စိုးရိမ်ပူပင်မှုများလျော့ကျရန်၊ နှစ်ဘက် အမြင် ရှင်းလင်းစေရန် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့အကြား ကျေကျေ လည်လည် ဆွေးနွေးနိုင်ခဲ့ကြသဖြင့် အနှစ်ချုပ်ဆိုပါက တိုးတက်ကောင်းမွန်မှု ရှိသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
ဦးဇော်ဌေး က “ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့သူတွေကြားမှာ စိုးရိမ်မှုတွေ ပူပန်မှုတွေ ဒါတွေ ကျေလည်ဖို့ လိုတယ်။ အမြင်ရှင်းဖို့လိုတယ်။ အဲဒါတွေလည်း ကျနော်တို့ ကျေကျေ လည်လည်ဆွေးနွေးပါတယ်။ တိုးတက်မှုရှိတယ်။ ကောင်းတယ်” ဟု ဆိုသည်။
ငြိမ်းချမ်းရေး ကော်မရှင်က အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ အတိုင်း ဆက်လက် အကောင်အထည် ဖော်နေပြီး “ကျေကျေလည်လည်နဲ့ နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှု ပြန်ရလာပီဆိုရင် တရားဝင် ငြိမ်းချမ်းရေး စကားဝိုင်း လမ်းကြောင်းသို့ ပြန်ရောက်ဖို့ မျှော်မှန်းပီး နှစ်ဖက်စလုံးက လုပ်နေပါတယ်။ အမြန်ဆုံး ရအောင် ကြိုးပမ်းနေပါတယ်။ ဒီကနေ့ဆွေးနွေးပွဲက အလွတ်သဘောဆွေးနွေးမှုတွေကနေ တရားဝင် ဆွေးနွေးမှုသွားနိုင်ဖို့ အများကြီး အထောက်အကူ ပြုတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
အစိုးရနှင့် KNU တို့ နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဟုလည်း အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုမူးက ဆိုသည်။
KNU က လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားရန် အောက်တိုဘာလ နှောင်းပိုင်းက ဆုံးဖြတ်ခဲ့ပြီးနောက်၊ နိုဝင်ဘာလလယ်တွင် အစိုးရနှင့် အလွတ်သဘော ပြန်လည် တွေ့ဆုံခဲ့သည်။ ထို့နောက် ဒီဇင်ဘာလတွင်လည်း အစိုးရနှင့် KNU မှ စစ်ရေးနိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး ထူးထူးလေး တို့ ရန်ကုန်တွင်တွေ့ဆုံခဲ့သေးသည်။
ဖဒိုစောတာဒိုမူးက အလွတ်သဘော တွေ့ဆုံမှုများမှတဆင့် မတူညီမှုများ အဖြေရှာဖွေကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားရန် ၎င်းတို့ KNU အဖွဲ့အတွင်းတွင်လည်း သန္နိဌာန်ချထားပြီး ဖြစ်သည်ဟု ဆိုသည်။
KNU အနေဖြင့် NCA အပစ်ရပ်လက်မှတ် ရေးထိုးထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) မှ ခွဲထွက်ပီး တဖွဲ့တည်းသီးသန့် ဆက်သွားမည်ဆိုသော ပြောဆိုချက်များသည် မဟုတ်မှန်ဟုလည်း ဖဒိုစောတာဒိုမူးက ငြင်းဆိုသွားပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ရှိနေမည်ဖြစ်သည်ဟု ဆိုသည်။
ဇန်နဝါရီ ၁၃ ရက်နေ့ကတွေ့ဆုံမှုတွင် အစိုးရဘက်မှ PC အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်ပြီး၊ ဦးဇော်ဌေး၊ PC အဖွဲ့ဝင် ဦးအောင်စိုး၊ အကြံပေး ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦး တို့ပါဝင်သည်။
KNU ဘက်ကမှ အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုမူး၊ စစ်ရေး၊ နိုင်ငံရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးနှင့် KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ဖဒိုစောတောနီး နှင့် အဖွဲ့ဝင်တချို့ ပါဝင်ဆွေးနွေးခဲ့သည်။