ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနမှ ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ နေပြည်တော်တွင် အမြန်ဆုံးတွေ့ဆုံသွားရန် ရှိကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင် နှင့် RCSS တို့ ဇန်နဝါရီ ၁၄ ရက် အလွတ်သဘော တွေ့ဆုံမှုအပြီး နှစ်ဖက် ခေါင်းဆောင်များက သတင်းထောက်များကို ပြောကြားခဲ့သည်။
တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပစ်ရပ် လက်မှတ်ထိုးထားပြီးသားနှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် ၄ ဖွဲ့အား ယခုအပတ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖွဲ့ချင်းစီ လာရောက်တွေ့ဆုံနေခြင်း ဖြစ်သည်။
ယနေ့တွေ့ဆုံပွဲတွင် အစိုးရဘက်မှ PC အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အဖွဲ့ဝင် ဦးအောင်စိုး၊ အကြံပေးဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦးတို့ပါဝင်သည်။ RCSS ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ပေါင်ခေး ဦးဆောင်ပြီး၊ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင် စိုင်းလျန်း နှင့် ဗိုလ်မှူးစင်းသျဲန်မိုင် တို့ပါဝင်သည်။
“ကျနော်တို့ ချင်းမိုင်မှာပဲ အရင် တခေါက်က RCSS ဥက္ကဌ နဲ့ ဆွေးနွေးခဲ့တယ်။ ဒီတခေါက် RCSS နဲ့ ထပ်ဆွေးနွေးတော့ အများကြီး တိုးတက်မှုရတယ်။ ဒီကြားထဲမှာ ဆက်ဆွေးနွေးဖို့က နေပြည်တော် NRPC မှာ RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးဖို့ ရှိတယ်။ တဆက်တည်းမှာပဲ RCSS နဲ့ တပ်မတော်နဲ့ ဆက်လက်ဆွေးနွေးဖို့ရှိတယ်။ အဲဒါတွေလည်း ဒီနေ့ ရက်တွေ ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့တော့ ရှိတယ်။ ဒါပေမယ့် ကျနေ်ာတို့ ၂ ဖက်လုံးကတော့ ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေကို ဒါတွေ အားလုံး ပြေပျောက်သွားဖို့ နည်းလမ်းတွေ နှစ်ဖက်စလုံးက အားလုံး ဝိုင်းဝန်းကြိုးပမ်းရှာတယ်။ ရှာပြီးရင် ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ဆုံး ပြန်လည် စတင်နိုင်ဖို့။ ဒါပြီးသွားရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စတင်နိုင်ဖို့ ဆောင်ရွက်သွားဖို့လည်း ရှိတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
ယခုလမကုန်ခင်တွေ့ဆုံနိုင်ရေး အစိုးရဘက်က အဆိုပြုထားပီး နှစ်ဘက် တွေ့ဆုံနိုင်မည့်ရက်နှင့် မည်သူများက ဦးဆောင်တွေ့မည်ကို ပြန်လည်ညှိနှိုင်းရဦးမည်ဟု ဆိုသည်။
RCSS က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ စစ်ရေးဆိုင်ရာ ဆွေးနွေးမှု ယန္တရားဖြစ်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC) သည် NCA ကို လိုက်နာခြင်း မရှိဟုဆိုကာ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် JMC အစည်းအဝေးများတွင် မပါဝင်တော့ဟု နိုဝင်ဘာလဆန်းက ပြောဆိုထားပီး၊ ထိုအတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် အလွတ်သဘောဆွေးနွေးနေကြခြင်း ဖြစ်သည်။
RCSS ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် အတွင်းရေးမှူးတဦးလည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းငင်းက “တပ်မတော်နှင့် သီးသန့်တွေ့ဆုံတဲ့အခါ ယခင် တစ်ဆို့မှုများ ဖြစ်နေတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စ နှင့် bilateral စာချုပ် ကိစ္စတွေ ပြန်ပြီးဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို ကျနော်တို့ ချုပ်ပြီးကြည့်လိုက်မယ်ဆိုရင် ရလဒ်ကောင်းတွေ ကျနော်တို့ရရှိတယ်။ အပြုသဘောလည်း ဆောင်တယ်။ လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကျနေ်ာတို့ ဘယ်လိုမျိုး ဆက်လုပ်ရင်ကောင်းမလဲဆိုတာ နည်းနာတွေ နည်းလမ်းတွေ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတာ အရမ်းအဆင်ပြေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။
RCSS က ၎င်း၏ဆက်ဆံရေးရုံးများမှတဆင့် တပ်မတော်နှင့်ပုံမှန် ဆက်ဆံမှုများ ရှိသော်လည်း လာမည့်ဆွေးနွေးပွဲများတွင် အကျေအလည်ဆွေးနွေးစရာများလည်း ကျန်ရှိသေးကြောင်း ဆိုသည်။ ထိုအတွက် နှစ်ဘက် လက်ခံနိုင်သည့် အဖြေ ထွက်ပေါက်ရအောင် ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်ဘက်က လေးလ အပစ်ခတ် ရပ်စဲထားချိန် လက်ရှိ RCSS က တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲများ ဖြစ်နေမှုအပေါ် ငြိမ်းချမ်းရေးကော်မရှင်က တိုင်းရင်းသားအဖွဲ့များကြား ကြားဝင်ညှိနှိုင်းခြင်းထက် ဟိုဘက်ဒီဘက် သတင်းအချက်အလက် ဖလှယ်ဖြင်းမျိုးသာ ကူညီပေးနိုင်သည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။