မြန်မာနိုင်ငံ တဝန်း ၂၀၁၈ ခုနှစ် အတွင်း၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၈ ခုနှစ်၌ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၂၂၀၄ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီး နှိမ်နင်းရေး စီမံချက် မန်နေဂျာ ဒေါက်တာ ဇော်လင်း က ပြောသည်။
“၂၀၁၈ ခုနှစ် အတွင်း ကမ္ဘာမှာ ရောဂါ ဖြစ်သူ၊ သေဆုံးသူ များလာတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ မြင့်တက် လာမှု မရှိခဲ့ပါဘူး၊ သွေးလွန်တုပ်ကွေးရော ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူလူထု ကိုယ်တိုင် တက်ကြွစွာ နဲ့ ပါဝင် ဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်တက်လာတာကို ကြည့်မယ် ဆိုရင် ဒီရောဂါ အန္တရာယ် မသေးဘူးလို့ ပြနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၃၁၂၈၈ ဦး ရှိပြီး ၁၉၂ ဦး သေဆုံးခဲ့ကာ ၂၀၁၈ ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ ၂၂၂၀၄ ရှိပြီး သေဆုံးသူ ၁၀၇ ဦး ရှိခဲ့ကြောင်း၊ ယခုနှစ် ဖြစ်ပွားမှုသည် ယခင်နှစ်ထက် ၉၀၈၄ ဦး လျော့နည်းပြီး သေဆုံးသူ ၈၅ ဦး လျော့နည်းခဲ့ကြောင်း ဝန်ကြီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။
သွေးလွန် တုပ်ကွေး ရောဂါသည် ခြင်ကျား(Aedes) ခြင်မျိုးမှ သယ်ဆောင်လာခြင်း ဖြစ်ကာ ရောဂါ သွင်ပြင် လက္ခဏာ များ အနေဖြင့် အပြင်းဖျားခြင်း၊ ခန္ဓာကိုယ် အပူချိန် ၁၀၂/၁၀၃ ဒီဂရီ အထိရောက်ရှိခြင်း၊ ကော်ဖီရောင်၊ အညိုရောင်၊ အနီရောင်များ အန်တတ်ခြင်းနှင့် ဖြစ်ပွားမှု အဆင့်ဆင့် အပေါ် မူတည်၍ သွေးအန်သည့် အခြေအနေ အထိ ရောက်ရှိ တတ်ကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နင်းရေး ဌာနမှ ဒေါက်တာ တင့်ဝေက “သွေးလွန်တုပ်ကွေးမှာ အဆင့် ၄ ဆင့် ရှိတယ်။ အရင် လူနာကို လွှဲပြောင်းပေးတဲ့ စနစ်က အဆင့် ၃ လောက် ရောက်မှ လွှဲပြောင်း ပို့ဆောင်မှု များခဲ့တာပေါ့။
လက်ရှိမှာတော့ အဆင့် ၁ မဟုတ်ဘဲ သံသယ အဆင့်မှာ ကတည်းက လွှဲပြောင်းပေးခိုင်းပါ တယ်။ ဆေးရုံ တက်သင့် မတက်သင့်က ကုသရေး ပိုင်းက ဆုံးဖြတ်တာပေါ့နော်။ ကြိုတင် ကာကွယ်မှု လုပ်ငန်းတွေကိုတော့ မြို့နယ် အဆင့် အလိုက် အဓိက တာဝန်ယူ ဆောင်ရွက်ပါတယ်”ဟု ပြောသည်။
ရောဂါ ဖြစ်ပွားမှုနှုန်းကို နှစ်အလိုက် ကြည့်ပါက သုံးနှစ် တကြိမ်ခန့် ဖြစ်ပွားမှုနှုန်း မြင့်တက်တတ်ပြီး တချို့ နှစ်များ၌ လူသေဆုံးမှုများပါ တွေ့ရှိ ရခြင်းသည် သွေးလွန်တုပ်ကွေး ရောဂါပိုး ပြင်းထန်မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရောဂါဖြစ်မှ ဆေးရုံတင် ကုသမှုထက် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ပေးခြင်းနှင့် ကုသ ကာကွယ်ရေး အခြေအနေများ ကို ပြင်ဆင်ထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(မန္တလေး)မှ ဒေါက်တာ ဇော်ဝင်းက ပြောသည်။
ယခုအခါ မြို့နယ် ကျန်းမာရေး ဦးစီးဌာနများ အနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု လျော့ကျရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်မှု အားနည်း
လျက် ရှိပြီး မြို့နယ် တချို့တွင် ပရဟိတ အဖွဲ့အစည်းများက ကျောင်းများ၊ ရပ်ကွက်များတွင် ခြင်ဆေး ဖျန်းခြင်း၊ အမှိုက် ရှင်းလင်းခြင်းများကို ဆောင်ရွက်ပေး နေရကြောင်း ပရဟိတ အဖွဲ့အစည်း တချို့မှ သိရသည်။
နှလုံးသား အလင်း ခြင်ဆေးဖြန်း အဖွဲ့မှ ဦးမြင့်အောင်မိုးက“ကျနော်တို့ အနေနဲ့ စာသင်ကျောင်းတွေကို တပတ်တခါ ဦးစားပေးပြီး လိုက်လုပ် ပေးနေပါတယ်။
ကျန်းမာရေးကလည်း လုပ်တော့ လုပ်နေကြတယ်။ စည်ပင်နဲ့ ပေါင်းပြီး လုပ် နေ တာတော့ ရှိတယ်။ အားနည်းမှုတော့ ရှိနေသေးတယ်။ သူတို့ အနေနဲ့ တလမှ မြို့နယ် တခုရဲ့၂ ရပ် ကွက်လောက် ပဲ သွားနိုင်တယ်။ အဲဒီမှာလည်း လမ်းလေး ၂ လမ်းလောက်ပဲ သွားနိုင် တဲ့ အခြေအနေတွေတော့ ရှိတယ်”ဟု ပြောသည်။
မန္တလေးမြို့တွင် ခြင်ဆေးဖြန်း အသင်း အနေဖြင့် နှလုံးသား အလင်း၊ နှလုံးသား လင်းလက်ကြယ်၊ ချမ်းအေးသာစံ မြို့နယ် ကန်ကောက် ရပ်ကွက် အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရပ်ကျေးရုံးများမှ ခြင်ဆေးဖျန်း စက် များ ဝယ်ယူ၍ လုပ်ဆောင်ပေးနေမှုများ ရှိကြောင်း သိရသည်။
“အစိုးရကတော့ သူ့အခက်အခဲနဲ့ သူ ရှိနေတဲ့ အပေါ် ကျနော်တို့က နိုင်သလောက် တဖက်တလမ်းက ကူညီပေးမယ် ဆိုတဲ့ စိတ်မျိုးနဲ့ တောက် လျှောက် လုပ်ဆောင် ပေးနေပါတယ်။ ကိုယ့်မြို့နယ်တင် မဟုတ်ဘူး၊ အခြား မြို့နယ်တွေက အကူအညီတောင်းရင်လည်း လိုက်လုပ်ပေးနေ တယ်”ဟု ဦးမြင့်အောင်မိုးက ဆက်လက် ပြောဆိုသည်။
သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးမှုတွင် အမျိုးသမီး ဦးရေသည် အမျိုးသား ဦးရေထက် ၂ ဆခန့် ပိုများ ပြီး ဖြစ်ပွားမှုသည် ယခင်က အသက် ၁၅ နှစ်အောက် ကလေးများတွင်သာ အဓိက ဖြစ်ပွားကာ ယခု နောက်ပိုင်းတွင် ကလေးများ သာမက အရွယ်ကြီး ရင့်သူများပါ ဖြစ်ပွားလာသည်ကို တွေ့ရှိလာရကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ ဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ Abate ဆေးခတ်ခြင်း၊ Fogging ဆေးမှုတ်ခြင်း၊ Case Base Managemet ပြုလုပ်ခြင်း၊ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားမှုနှုန်းကို ၂၅ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် မျှော်မှန်းထားသည်ဟု ထုတ်ပြန်ထားသည်။