နေပြည်တော် လေဆိပ်၌ လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့် ဆန်း အမှုတွင် သက်သေများ လာရောက်နိုင်ခြင်း မရှိသဖြင့် ယနေ့ ရုံးချိန်း ပျက်ကြောင်း သတင်း ရရှိသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ခရိုင် တရားသူကြီး မအားလပ်ခြင်းနှင့် ရဲတပ်ဖွဲ့ဝင် သက်သေများ မအား သဖြင့် ရုံးချိန်း ပျက်ကွက်မှုများ ရှိခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ တရား လွှတ်တော်ရှေ့နေ ဦးမြင့်အောင်က“အဓိကက ရန်ကုန်က တရားစွဲထားတဲ့ အမှုတွေ မှာ ရယက တွေ၊ ရဲသက်သေတွေက တခြား တာဝန်တွေ ရှိလို့၊ မအားလို့ ရံုံးရှေ့ကို မရောက်နိုင်ဘူး။ ဒါကြောင့် ရုံးချိန်း ပျက် တာပါ”ဟု ပြောသည်။
ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရား လွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ သီရိ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများကို နေပြည် တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ တနင်္လာနေ့တိုင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အပတ်စဉ် အမှုများကို အလှည့်ကျ စစ်ဆေးမည်ဟု ရုံးချိန်းရက် သတ်မှတ်ထားသော်လည်း ရုံးထုတ် စစ်ဆေးရန် ပျက်ကွက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။
ရှေ့နေ ဦးမြင့်အောင်က“အမြန်စစ်နိုင်အောင် ကြိုးစားနေတယ်။ အဲဒါကြောင့်မို့လို့လည်း ပုံမှန်ဆိုရင် ဒီပြစ်မှုတွေက ၂ ပတ် ချိန်းတယ်။ ၂ ပတ်ဆိုတော့ ၁၅ ရက်ပေါ့။ ဒီမှာ မချိန်းဘူး တပတ်တခါ ချိန်းတယ်”ဟု ဆိုသည်။
ရုံးချိန်း သက်မှတ်ရက်တွင် သက်သေများ၊ နှစ်ဘက်ရှေ့နေနှင့် တရားသူကြီး အားလုံး ဆုံမှ တရားခွင်အတွင်း စစ်ဆေးမှု ပြုလုပ်ရသဖြင့် ယခုကဲ့သို့ သက်သေ လာရောက်ခြင်း မရှိသဖြင့် ရုံးချိန်း ပျက်ကွက်ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ တို့ဖြင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် ပဲခူး မြို့ကြီးတို့ရှိ တရားရုံးများတွင် ၂၀၁၇ ခုနှစ်မှ စ၍ Case Management Program (CMP) စီမံ ခန့်ခွဲသည့် စီမံချက်များ ရှိကြောင်း၊ သို့သော် နေပြည်တော်တွင် ယင်းကဲ့သို့ CMP မရှိသေးကြောင်း၊ အဆိုပါ စီမံချက် ရှိခြင်းအားဖြင့် တရားရုံးသို့ အမှုများ ရောက်ရှိလာပါက အမှုများကို အဆင့် ၃ ဆင့်ခွဲ၍ သတ် မှတ်ထားကြောင်း၊ နိုင်ငံ တ ကာတွင်လည်း ထိုကဲ့သို့ စနစ်ရှိကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ရှေ့နေ ဦးခင်မောင်ဇော်က“CMP ရှိတဲ့ ရုံးတွေမှာ အမှုကို စပြီး စစ်ကတည်းက ညှိတယ်။ ဒီအမှုက ဘယ်လိုအမှု ဖြစ်တယ်။ အဆင့် ၃ မျိုး ခွဲထားတယ်။ ပထမ တမျိုးဆို ဘယ်နှလနဲ့ ပြတ်၊ ဒုတိယ တမျိုးဆိုရင် ဘယ်နှလ နဲ့ ပြတ်၊ တတိယ တမျိုး ဆိုရင် တနှစ်လား အဲဒီလို မျိုးပေါ့။ စီမံချက် တခါတည်း ချတယ်။ ဘယ်သက်သေကို ဘယ်နေ့စစ်၊ သက်သေကို ရအောင် ခေါ်ခဲ့ရတာပေါ့”ဟု ပြောဆိုသည်။
နေပြည်တော်တွင် CMP မရှိခြင်းမှာ တရား လွှတ်တော်ချုပ် အနေဖြင့် နှိုင်းနှိုင်း ယှဉ်ယှဉ် လုပ်နေသည် ထင်မြင်ကြောင်း၊ CMP ရှိပါက အကုန်လုံး အတွက် တင်းကြပ်သွား၍ CMP ရှိသည့် နေရာများတွင် ရှေ့နေများလည်း ညည်းကြောင်း၊ ရုံးချိန်း ကို ကြိုချိန်းပြီး သတ်မှတ်ရခြင်းဖြစ်ခြင်းကြောင့် ရုံးချိန်းရက်တွင် မဖြစ်မနေ ရုံးကိုလာရကြောင်း ဦးခင်မောင်ဇော် က ရှင်းပြ သည်။
၂၀၁၈ အောက်တိုဘာလ အတွင်းက ရုံးချိန်းတွင်လည်း ခရိုင် တရားသူကြီး ဦးတင့်လွင် တာဝန်နှင့် အစည်းအဝေး နှစ်ခု တက် နေရသည့် အတွက် ရုံးချိန်း ပျက်ကွက်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင်လည်း သက်သေမှာ ရဲတပ်ဖွဲ့ဝင် ဖြစ်သည့် အတွက် စစ်ဆေးနိုင်ခြင်း မရှိဘဲ ရုံးချိန်း ပျက်ကွက်မှုများ ရှိခဲ့သည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တွင် လက်နက်၊ မူးယစ်ဆေးဝါးများစွာဖြင့် ဖမ်းဆီးရမိခဲ့သော ဖြိုးကိုကိုတင့်ဆန်း အမှု အတွက် စုစုပေါင်း တရားလို ပြသက်သေ ၄၀၀ ကျော်မှ လက်ရှိ အချိန်ထိ ၁၈၄ ဦး စစ်ဆေးပြီး ဖြစ်သည်။
နောက်ထပ် ရုံးချိန်းကို ဇန်နဝါရီ ၂၁ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။