အပစ်ရပ်ဆိုင်းထားသည့် ကာလထဲမှ ရက် ၂၀ ကျော်နေပြီဖြစ်သော်လည်း ပဏာမ အပစ်ရပ် စာချုပ်အတွက် ဆွေးနွေး ရန် မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) တို့ကြား တွေ့ဆုံမည့်ရက် သတ်မှတ်ခြင်း မရှိသေးဟု သတင်း ရရှိသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက“လမ်းကြောင်း ရှာနေတုန်း ဖြစ်တယ်ဆိုတာပဲ ကြားပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ ဘယ်အချိန်၊ ဘယ်နေရာ မှာ ဘယ်လိုဆွေးနွေး မယ် ဆိုတဲ့ ပြည့်စုံတဲ့ အကြောင်းအရာတွေကို ကျနော်တို့ကို ညွှန်ကြားတာ ဘာမှ မရှိပါဘူး”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပဏာမ အပစ်ရပ်စာချုပ် (Bilateral) နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်များ မချုပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်ထိ စုစုပေါင်း ၁၃၁ ရက် အပစ်ရပ်ဆိုင်း ထားသည်။
တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး Bilateral စာချုပ်များ ချုပ်ဆိုထားခြင်း မရှိသေးသည့် KIA ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က Bilateral ကိစ္စများကို အတူတကွ ဆွေးနွေးရန် သဘော ထား ချမှတ် ထားသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က“ကျနော်တို့ကို ကမ်းလှမ်းတာတော့ မရှိသေး ဘူး။ ၁လပိုင်းမှာ တွေ့ဆုံဖို့တော့ သဘောတူထားတယ်။ တွေ့မယ့်ရက် အနီးနားလောက်မှ ညှိနှိုင်းမယ်ထင်တယ်”ဟု ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က လက်ရှိအပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း ပစ်ခတ်မှုများ မရှိသော်လည်း တပ်မတော် ဘက်က TNLA တပ်ဖွဲ့များ လှုပ်ရှားသည့် မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် တပ်စခန်းငယ် ၁၂ခု အသစ် တိုး ဆောက် ထားသည်ဟု ပြောပြသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်၏ ပြောဆိုချက်အပေါ် မေးမြန်းရန် ဧရာဝတီမှ တပ်မတော် ပြောရေးဆိုခွင့် ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။
ဗိုလ်မှူး မိုင်းအိုက်ကျော်က“ရခိုင်ဘက်မှာလည်း ထိုးစစ်တွေလုပ်နေတယ်။ ကြေညာချက်နဲ့ သူတို့လုပ်ဆောင်ချက်က ဘာမှ မသက်ဆိုင်ဘူး။ ကျနော်တို့ သွားလာတဲ့ နေရာတွေမှာ တပ်စခန်းတွေ ချထားတဲ့အတွက် တိုက်ပွဲ မဖြစ် ဖြစ် အောင် တမင်ဖန်တီးတာပဲ”ဟုလည်း ဆိုသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သွေးထွက်သံယိုဖြစ်သည့် တိုက်ပွဲများ လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးနိုင်ရန် အစိုးရနှင့် Bilateral ထိုးရေးကို ညှိနှိုင်းရန် မြောက်ပိုင်းမဟာမိတ် အဖွဲ့များက စိတ်ဝင်စားပါသည်ဟု ဧရာဝတီကို ဇန်နဝါရီ လ ၉ ရက်က ပြောဆိုထားသည်။
သို့သော် AA ဘက်ကိုလည်း ငြိမ်းချမ်းရေးကော်မရှင် (PC) ဘက်မှ မဆက်သွယ်သေးသလို နှစ်ဖက် ထိပ်သီး ခေါင်း ဆောင် အချင်းချင်းလည်း ဖုန်း၊ အီးမေးလ်တို့ဖြင့် အဆက်အသွယ် မရှိပါဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုသည်။
Bilateralထိုးရန် စာချုပ်ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံပြီးမှသာ ညှိနှိုင်းပြင်ဆင်မည်ဟုလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များက ပြောဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက“ဒီ (ချင်းမိုင်) ခရီးစဉ် ပြီးရင် ငြိမ်းချမ်းရေး ကော်မရှင်က ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်ပြီး မြောက်ပိုင်းကို သွားမယ်။ ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွား မယ်။ ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ မရပ်ဘူး။ တောက်လျှောက် သွားနေတယ်”ဟု ပြောသည်။
တပ်မတော်ဘက်မှ အပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း AAဘက်မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်း နယ်ခြားစောင့်ရဲစခန်း ၄ခုကို ဝင်တိုက်ထားသော်လည်း AAကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိတ်ပင်ထားမည် မဟုတ် ဘဲ ဆွေးနွေးသွားမည်ဟု ဦးဇော်ဌေးက ဆိုသည်။
မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့ တွင် Bilateral ထိုးရန် ကျန်ရှိနေသည့် အဖွဲ့များ ဖြစ်သည်။
အစိုးရ၊ တပ်မတော်တို့ဘက်မှ တဖွဲ့ချင်းစီ ဆွေးနွေးရန် ကြေညာ ထားသော်လည်း အဆိုပါ ၄ဖွဲ့က အတူတကွ ဆွေးနွေး ရန် သဘောထား ထုတ်ပြန်ထားသည်။
အစိုးရ၊ တပ်မတော်တု့ိဘက်မှ Bilateral ထိုးရန် ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို Bilateral ထိုးပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ဆက်ဆွေးနွေးရန် သဘောထားရှိ သည်။
သု့ိသော် မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့အပြင် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့က ကွန်ဖက်ဒရိတ် စနစ်ပါ အခြေခံမူများကို ရေးဆွဲထားသည့် စာတမ်းတခု ဆုပ်ကိုင်ထားပြီး အစိုးရကို ဆွေးနွေးပေးရန် တောင်းဆိုထားသည်။