တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများတွင် တပ်မတော်က စစ်လေယာဉ်၊ ရဟတ် ယာဉ် များ အသုံး ပြု တိုက်ခိုက်လေ့ ရှိသည့်အပေါ် ဝေဖန်မှုများရှိရာ လေယာဉ် မသုံးရဆိုသည့် ကန့်သတ်ချက်မျိုး မရှိကြောင်း တပ်မတော်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည့် ရက္ခိုင့် တပ်မတော် (AA) နှင့် ဇန်နဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ် တွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်မတော်ကို ရဟတ်ယာဉ် သုံးခွင့်ပြုကြောင်း နောက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးက အတည်ပြုခဲ့သည်။
“ကျနော်တို့ လေကြောင်း စစ်ဆင်ရေးဆိုတာ သောင်းကျန်းသူ နှိမ်နင်းရေးမှာ လိုအပ်သလောက်ပဲ သုံးပါတယ်။ မီဒီယာ တွေ တခု သိထားဖို့က ပြည်တွင်းစစ်မှာ စစ်လေယာဉ် မသုံးရတာတို့ ဘာတို့ဆိုတာ ဘယ်ကန့်သတ်ချက် ဘယ်ဥပဒေ မှာ မှ မရှိပါဘူး။ ကျနော် တို့က စစ်ဆင်ရေးကို လိုအပ်သလောက် အသုံးပြုရေးဆိုတဲ့ စံချိန်စံညွှန်းတွေအတိုင်းပဲ လုပ် တာ ရှိပါတယ်”ဟု တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်တွင် ရှိသည့် လက်နက်နှင့် တပ်မတော်တွင် ရှိသည့် အင်အား အပေါ်တွင်သာ မူတည်၍ သောင်းကျန်းသူ အချိုးအစားကို ချိန်ပြီး လိုအပ်သလောက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂတွင် အဖွဲ့ ဝင်အဖြစ် သွားရောက် လျှောက်ထားစဉ်က ပေးအပ်ထားသည့် နယ်နိမိတ် အတိုင်း ဆက်လက် တည်ရှိစေရန် မည်သည့် အစိုးရမဆို ကြိုးစားရသည် ဖြစ်ရာ ယင်းနယ်နိမိတ်ကို နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်အောင် လုပ်သည့် မည့်သည့် တိုက်ပွဲမျိုးတွင် မဆို စစ်လေယာဉ် သုံးခွင့် ရှိကြောင်း ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (PNLO) မှ ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ဒီနိုင်ငံ နယ်နိမိတ်ကို အပြောင်းအလဲဖြစ်အောင် နိုင်ငံရေးအရ နယ်နိမိတ်ကို အပြောင်းအလဲ ဖြစ်အောင်လုပ်တဲ့ တိုက် ပွဲ မျိုးဆိုရင် သုံးလို့ရတယ်။ ဟိုဘက်က AA က ကွန်ဖက်ဒရေးရှင်း လုပ်မယ်တို့၊ လွတ်လပ်တဲ့ ရခိုင်ပြည်လုပ်မယ် ဆိုတာတွေမျိုး အော်ပြီး အဲဒီ သဘောတရားရေးရာနဲ့ တိုက်ရင် ရဟတ်ယာဉ်က သေးသေးတယ်။ ကျန်တာလည်း သုံးလို့ရတယ်”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စု၏ နယ်နိမိတ်ကို ထိန်းသိမ်းရေး အာဏာရှင် အစိုးရ ဖြစ်စေ၊ ဒီမိုကရေစီ အစိုးရဖြစ်စေ ယင်းနယ်နိမိတ်ကို မပြိုကွဲ အောင် လုပ်နိုင်ကြောင်း၊ သို့သော် တိုင်းပြည်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲတွင် ပါဝင်နေပြီး မတော်တဆ ကား လမ်း ဖောက်၍ ဖြစ်စေ၊ လူများ အဖမ်းခံရ၍ ဖြစ်စေ တိုက်ပွဲ ပြန်ဖြစ်ပါက ယင်းပြဿနာကိုမူ တမျိုး စဉ်းစားရမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။
လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မင်းဇော်ဦးက စစ်ဘက်ဆိုင်ရာ များတွင် လိုက်နာရသည့် ဂျနီဗာ ကွန်ဗန်း ရှင်း ၌ ပြည်တွင်းစစ်တွင် လေယာဉ် သုံးခွင့် ရှိ၊ မရှိကို ရေးမထားကြောင်း၊ ပြည်တွင်းစစ်နှင့် ပတ်သက်၍ လက်နက် သုံးစွဲသည့် နိုင်ငံများကို ကြည့်ရာတွင် ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ် မည်သည့် စနစ်ပင်ဖြစ်စေ လက်နက်သုံးစွဲ မှုနှင့် ပတ်သက်၍ သီးခြား သဘောမျိုး မရှိကြောင်း ပြောသည်။
“ကိုလံဘီယာဆိုရင် ဒီမိုကရေစီ နိုင်ငံပဲ။ ဟယ်လီကော်ပတာတင် မကဘူး။ လေယာဉ်ပျံနဲ့ ဗုံးကြဲတာ အရမ်းလုပ်တယ်။ ဗုံးကြဲရင် ဗုံးက ပေါင် ၅၀၀၊ ၁၀၀၀ ဗုံးတွေ ကြဲတာ။ ရိုးရိုးဗုံးတောင် မဟုတ်ဘူး။ GPS Guided ဗုံးတွေ သူတို့ သုံးတာ ကိုး။ သီရိလင်္ကာမှာ ဆိုရင်လည်း ဟယ်လီကော်ပတာရော ဂျက်ကော သုံးတာပဲ။ အိန္ဒိယမှာကျ ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခမှာကျရင် လက်နက် သုံးစွဲမှုကို ကန့်သတ်တာမျိုး ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် လေယာဉ်၊ ရဟတ်ယာဉ် သုံးစွဲမှုသည့် နိုင်ငံတကာ ဥပဒေများနှင့်လည်း မဆိုင်ဘဲ နိုင်ငံတခုချင်းစီတွင် ရှိ သည့် တပ်မတော်များ၏ စစ်ရေး စစ်ရာများအပေါ်တွင် စဉ်းစားပုံနှင့်သာ သက်ဆိုင်ကြောင်း၊ မြန်မာ့ တပ်မတော်၏ လက်နက်သုံးစွဲပုံကို ကြည့် မည်ဆိုပါက ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် တွက်ချက်ပြီး ခြိမ်းခြောက်လာမှုကို အချိုးတူ တုံ့ပြန်ခြင်းမျိုး ဖြစ်နိုင်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ရက္ခိုင့် တပ်မတော် (AA) ကလည်း တပ်မတော်၏ ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုများကို ဝေဖန်ပြောဆိုလေ့ ရှိသည်။
ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြည်တွင်းစစ်တွင် ရဟတ်ယာဉ် မသုံးရဘူးဆိုသည့် သဘောတူညီ ချက်မျိုး တိုင်းရင်းသား လက်နက်ကိုင်းအဖွဲ့ များနှင့် အစိုးရကြား မရှိနိုင်ဘဲ စစ်ပွဲဆိုသည်မှာ မိမိ အနိုင် ရ သည့် လက်နက်၊ အင်အား ကို သုံး၍ သူနိုင်ကိုယ်နိုင် တိုက်ကြမည် ဖြစ်ကြောင်း ပြောသည်။
ဦးဖေသန်းက“ရဲစခန်းတွေကို တိုက်တုန်းကလည်း နယ်ခြားစောင့် ရဲ မို့လို့ မတိုက်သင့်ဘူးဆိုတဲ့ ဆင်ခြေမျိုးပေါ့။ သူတို့ လည်း လုပ်လာတဲ့ အခါမှာ အခုလည်း ဒီဘက်ကလည်း ပြောဖို့က မတိုက်သင့်ဘူးလို့ ပြောဖို့က မဖြစ်နိုင်ဘူး။ ဒေသ အခြေအနေကို လိုက်ပြီးတော့ သူ နိုင် ကိုယ်နိုင် နိုင်တဲ့နည်းနဲ့ တိုက်နေကြတာပဲ”ဟု ပြောသည်။
ပြည်တွင်းစစ်တွင် လေယာဉ်သုံးသည်မှာ ၁၉၄၈ ခုနှစ် နောက်ပိုင်း ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) နှင့် တိုက်ခိုက် ခဲ့စဉ် ကတည်းက သုံးစွဲ လာခြင်း ဖြစ်ပြီး ယနေ့ခေတ် ပြည်တွင်း၌ လေယာဉ်သုံးစွဲခြင်းသည် အထူးအဆန်း မဟုတ် ကြောင်း နိုင်ငံရေးနှင့် တိုင်းရင်းသားရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
“တဖက်အင်အားက လေကြောင်းပစ်ကူ မလိုဘူးဆိုရင်သာ မသုံးတာ။ လေကြောင်းပစ်ကူ လိုရင်တော့ သုံးတာပါပဲ။ ဗကဗနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ တော်တော်များများကတော့ လေကြောင်း ပစ်ကူသုံးတာပါပဲ”ဟု ၎င်းက ပြောဆိုခဲ့ သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား တန်းတူးရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး တို့အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှ စတင်ကာ အစိုးရကို တော်လှန် တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့များ အပါအဝင် လက်နက် ကိုင် အဖွဲ့မှာ ရာနှင့်ချီ၍ ရှိနေသည်။
ထို့ကြောင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ဒီမိုကရေစီ အစိုးရ၊ အာဏာရှင် အစိုးရ အဆက်ဆက်သည် ပြည်တွင်း ငြိမ်း ချမ်းရေး ရရှိရန် ပုံစံအမျိုးမျိုး ကြိုးစားခဲ့ကြသော်လည်း ယနေ့အချိန်အထိ အောင်မြင်မှု မရရှိသေးပေ။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး၍ ကြိုးစား အကောင်အထည် ဖော်လျက် ရှိသော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများ မရရှိသေးပါ။
ဆက်စပ် ဖတ်ရှုရန် – တပ်မတော်က AA ကို ရဟတ်ယာဉ်သုံး၍ မတိုက်ခဲ့ကြောင်း သမ္မတရုံး ပြော