သတင်း

နီးလျှက်နှင့်ဝေးနေသည့် RCSS နှင့် PNLO ကြားက စစ်ပဋိပက္ခ ဖြေရှင်းရေး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခမှာ ဖြေရှင်း၍ မရဘဲ အခြေအနေ ပိုဆိုးလာနေသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၊ ပန်ပီးဒေသမှာ RCSS နှင့် PNLO ကြား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး ပဋိပက္ခ အရှိန်ပိုမြင့်လာခဲ့ပြီး အပြန်အလှန် စွပ်စွဲ ပြစ်တင် နေကြသည်။

အဆိုပါ ပြဿနာများကို ၂ ဖက် စလုံးက တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် ဆန္ဒရှိသည်ဟု ပြောဆိုနေကြ သော်လည်း တွေ့ဆုံ ဆွေးနွေးမှုများ မဖြစ်မြောက်ဘဲ စစ်ရေး ပဋိပက္ခ ဆက်လက်ရှိနေကာ ယခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ပန်ပီးဒေသမှာ တကြိမ်၊ မောက်မယ်မြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁၃ ရက်က တကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

PNLO မှ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “ ရှိပါတယ် တွေ့ဆုံ ဆွေးနွေးဖို့ကတော့ ကျနော်တို့ မနှစ် ကတည်းက ဗုံးကြုတ်မဲသကြီး အရေးအခင်းကတည်း က ကျနော်တို့ ၂ ဖွဲ့ ဥက္ကဋ္ဌတွေ ညှိနှိုင်းပြီးတော့ ကျနော်တို့ ပြဿနာ ပေါ်ရင် ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းဖို့ သဘောတူထားတာရှိတယ်၊ ဒါပေမယ့် ဆုံချက်က မရသေးဘူး ဖြစ်နေတယ်၊ PPST အစည်းအဝေး ခေါ်ဆိုတာလည်း မခေါ် အဲသလိုပေါ့ဗျာ၊ ဟိုအကြောင်း ဒီအကြောင်းနဲ့ မဆုံ နိုင်သေးဘူး ဖြစ်နေတယ်၊ ဟိုဘက်က မအား ဒီဘက်က မအား”ဟု ပြောသည်။

PNLO နှင့် RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အပါအဝင် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral စာချုပ်)များကို လက်မှတ် ရေးထိုးထားကြသည့် အဖွဲ့များ ဖြစ်ကြသည်။

သို့သော် နယ်မြေ အငြင်းပွားမှုများကြောင့် ၂၀၁၄ ခုနှစ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်အတွင်း လည်းကောင်း၊ ၂၀၁၇ ခုနှစ်ကလည်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်းလည်းကောင်း၊ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလက မိုင်းပန်မြို့နယ်၊ ပန်ပီးဒေသမှာလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထဲမှာ မိုင်းပန်နှင့် မောက်မယ် ဒေသ အတွင်း လည်းကောင်း စစ်ရေး ပဋိပက္ခများ ရှိလာခဲ့ကြသည်။

အဆိုပါ စစ်ရေး ပဋိပက္ခများအနက် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော စစ်ရေး ပဋိပက္ခကို ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့မှ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမှုများဖြင့် ဖြေရှင်းနိုင်ခဲ့ကြသည်။

လက်ရှိ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက စတင်၍ မိုင်းပန်မြို့နယ်၊ ပန်ပီးဒေသမှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထဲထိ ဖြစ်တည်နေသော စစ်ရေးပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ကြားဝင် စေ့စပ်ပေး မည့် အဖွဲ့ (သို့မဟုတ်) တပ်ပေါင်းစု မရှိသည့်အတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းများ မပြုလုပ်နိုင်ဘဲ ဖြစ်နေ သည်ဟု PNLO ဘက်က ဆိုသည်။

“၂ ဖွဲ့တည်း ဆုံဖို့ဆိုရင်လည်းပဲ ကြားခံပေါ့၊ အင်အားစု တခုခု တပ်ပေါင်းစု တခုခုဝင်ရောက် ပါဝင်ပေးမှ ကြည့် ကောင်းတာကိုးဗျ၊ ပဋိပက္ခဖြစ်တဲ့ ၂ ဖွဲ့တည်း တွေ့ဆုံရင်လည်း သက်သေမရှိ ဘာမရှိနဲ့ဆိုရင် ဘာမှ သဘော ထား မရမှာလည်း ကြောက်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

အလားတူ ပဋိပက္ခမျိုးကို ၂၀၁၄ ခုနှစ် သြဂုတ်လကလည်း ဖြစ်ဖူးပြီး ထိုအချိန်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကကြားဝင်ပေးခဲ့ဖူးပြီး၊ ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင်တော့ အပစ်ရပ် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ကြားဝင် ဖြေရှင်းပေးခဲ့သည်။

“အခု ဒီအချိန်ကျတော့ ကြားဝင်ဖို့ အင်အားစုက လောလောဆယ် မရှိသေးဘူး ဖြစ်နေတယ်။ ကျနော်တို့လည်း အဲဒါ ရှာနေတယ်၊ PPST ကလည်း မခေါ်နိုင် တခြား လောက်လောက်လားလားနဲ့ကြားဝင် ပေနိုင်မယ့် တပ်ပေါင်းစုမျိုးကလည်း မရှိတော့ ဆုံချက်က ပျောက် နေသလို ဖြစ်နေတာ”ဟု ဆိုသည်။

တွေ့ဆုံ ဆွေးနွေး၍ စစ်ရေး ပဋိပက္ခအပေါ် ဖြေရှင်းလိုသော်လည်း PNLO ထံ တရားဝင် စာဖြင့် ဖိတ်ကြား ခြင်း မရှိသေးကြောင်း၊ မိမိတို့သည် PPST အဖွဲ့ဝင်များ ဖြစ်သည့်အတွက် တွေ့ဆုံရန် အခက်အခဲမဖြစ်နိုင်ပါ ကြောင်း RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “အခု တလောအတွင်းတော့ အခြေအနေ ထွေထွေထူးထူးတော့ မရှိသေးပါဘူး၊ သူတို့ကလည်း အကြောင်းပြန် တာ မရှိသေးပါဘူး၊

လောလောဆယ်တော့ ကျနော်တို့ အပြန်အလှန် တရားဝင် စာရေးပြီးတော့ ဖိတ်ကြားတာ မရှိသေးဘူး၊ ကျနော်တို့ တွေ့ဆုံဖို့ ဘာတို့ပေါ့နော်၊ ကျနော်တို့ကတော့ ဆန္ဒရှိပါတယ်၊ ကျနော်တို့ အမှန်ဆို PPST အဖွဲ့ဝင်တွေပဲ ဆိုတော့ ကျနော်တို့ တွေ့ဆုံဖို့ကတော့ အခက်အခဲ မရှိလောက်ပါဘူး”ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်နှင့် မောက်မယ်မြို့နယ်သည် RCSS တပ်ဖွဲ့ဝင်များ ဌာနချုပ်သို့ သွားသည့် အခါ ဖြတ်သန်း သွားလာနေသည့် ဒေသများ ဖြစ်ပြီး ပြဿနာ မရှိခဲ့ကြောင်း ယခု နောက်ပိုင်းတွင် ပြဿနာရှိလာခြင်းမှာ စဉ်းစား စရာဖြစ်လာသည်ဟု RCSS ဘက်က သုံးသပ်နေကြသည်။

ထို့ပြင် RCSS ဘက်မှ PNLO နှင့် ဖြစ်ပွားလာခဲ့သည့် စစ်ရေး ပဋိပက္ခအပေါ် သုံးသပ်လျက်ရှိပြီး တပ်မတော်၏ ထောက်ပံ့မှု မကင်းဟုလည်း မှတ်ယူလျက်ရှိကြောင်း သိရသည်။

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က “PNLO အနေနဲ့ သူတို့ရဲ့ ရပ်တည်မှု အနေအထားကို သုံးသပ်နေတဲ့ အနေအထား ပေါ့နော်၊ ဘယ်လို ရပ်တည်မှု ရှိလည်းဆိုတာကိုပေါ့၊ ကျနော်တို့ အနေနဲ့ သုံးသပ်တာကတော့ တဖက်ကတော့ ဒီတပ်မတော်ရဲ့ အားပေး အား မြောက်မှုပေါ့လေ၊ သူတို့ အဲအကွက်ထဲ ဝင်သွားတယ်လို့ မြင်ရတာပေါ့၊ အမှန်ဆိုရင် ဖြေရှင်းလို့ရပါတယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိပြီးသားလေ၊ အမှန်ဆိုရင် ပအိုဝ့်ဆိုရင် အဲဒေသမှာပဲ နေရာမှာပေါ့လေ၊ ဒါပေမယ့် ကျနော်တို့ အဲလောက်ထိ တင်းမာမှုမရှိဘူး၊ အခုကတော့ တပ်မတော်ရဲ့ နှိုးဆော်မှုတို့ ၊ တိုက်တွန်းမှုတို့ ပါမယ် ထင်တယ်၊ အဲဒီ နယ်မြေထဲမှာ အရှုပ်အထွေးဖြစ်တာပေါ့”ဟု ဆိုသည်။

PNLO ဘက်ကတော့ မိမိတို့အနေဖြင့် တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ လူထု အကျိုးပြု လုပ်ငန်းများအတွက်သာ ကူညီပေးလေ့ရှိသည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ တပ်မတော်က ထောက်ပံ့ပေးနေတယ်ဆိုတာ အဲဒါကလည်း ကျနော်တို့ တခါမှ မရဖူးဘူး၊ ရှိလည်း မရှိဘူး။ တပ်မတော်ကလည်း သူ့ဟာနဲ့သူနေတာ ပန်ပီးဒေသမှာ ရှိတဲ့ တပ်မတော် ကိုယ်၌က သူ့ရိက္ခာတွေ ဘာတွေ တင်ပို့မယ်ဆိုရင် လူထုအတွက်ဆိုပြီးတော့ ရိက္ခာတွေ ဘာတွေ ကျနော်တို့ ကူညီပေးနေရတာ။ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်တာတော့ လုံးဝ မရှိဘူး။ လူထုအကျိုးပြုအတွက်ကတော့ ဒီရိက္ခာသယ်တဲ့ လမ်းကြောင်းကို ကျနော်တို့ ကူညီပေးရတာတော့ရှိတယ်”ဟု ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းကိုင်ဖြေခြင်းမရှိသည့်အတွက် မသိရပေ။

လက်ရှိတွင် RCSS နှင့် PNLO ကြား မိုင်းပန်မြို့နယ်၊ ပန်ပီးဒေသမှာ စစ်ရေး ပဋိပက္ခဖြစ်ပွားလျက်ရှိပြီး ဒေသခံ ၅၀၀ ဝန်းကျင် နေရပ်စွန့်ခွာ၍ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ တောင်ပိုင်း ၁၇၁ စစ်ဒေသ ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထို့သို့ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများ မရှိခင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က ပန်ပီးကျေး ရွာက ဘုန်းကြီးကျောင်း မီးလောင်မှု တခု ဖြစ်ပွားခဲ့ပြီး ကိုရင် ၂ ပါး ပျံလွန်တော်မူပြီး ကိုရင် ၂ ပါး ဒဏ်ရာ ရရှိခဲ့ကြသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှာလည်း ပန်ပီးဒေသနေ ခွန်ပီဆိုသည့် ကလေးငယ် တဦး မြေမြှုပ်မိုင်း နင်းမိကာ ခြောထောက်နှင့် လက်များ ဒဏ်ရာရရှိသွားကာ မိုင်းပန်မြို့နယ် ဆေးရုံမှာ ဆေးကုသခဲ့ရသေးသည်။

အခြေအနေ ပိုဆိုးစေသည့် ဖြစ်ရပ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နားဟူး (ဆိုင်းငင်း) ကျေးရွာ ဘက်မှာ RCSS နှင့် ပအိုဝ့်လူမျိုး တချို့ကြား ဒီဇင်ဘာ ၁၁ ရက်က ပဋိပက္ခဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်သည်။

ထိုဖြစ်ရပ်တွင် RCSS တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိသွား (ဒဏ်ရာ ရရှိသူထဲက တယောက် ပြီးခဲ့တဲ့ လက ဆုံးသွား) သည့် အခြေအနေ ဖြစ်ခဲ့သည်။

ထိုအခြေအနေများအပေါ် ပအိုဝ့်အဖွဲ့အစည်းများ (PNLO နှင့် PNO အပါအဝင် တခြား ပအိုဝ့်အဖွဲ့အစည်းများ) က RCSS လုပ်သည်ဟု စွပ်စွဲကြသလို RCSS မလိုမရှိကြောင်း၊ လူသတ်မှုကို အလိုမရှိဆိုကာ တောင်ကြီးမြို့ပေါ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဆန္ဒပြခဲ့ကြသေးသည်။

RCSS ဘက်တော့ ပန်ပီးဒေသတွင် ဘုန်းကြီးကျောင်း မီးလောင်မှုနှင့် ဒေသခံများ နေရပ်စွန့်ခွာမှု၊ မြေမြှုပ်မိုင်း ကိစ္စ မိမိတို့ မလုပ်ကြောင်းနှင့် လွိုင်လင် ပဋိပက္ခမှာလည်း ဒေသခံများ မဟုတ်ပဲ ကိုရင်လေး (ထမ့်ဆန်းဂူ ရှိ ပြည်သူ့စစ်အဖွဲ့) တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ပြန်လည် မှတ်ချက်ပြု ဖြေရှင်းခဲ့သည်။

ထိုအခြေအနေများ အားလုံးကို လွှမ်းခြုံကြည့်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူများက ရှမ်းနှင့် ပအိုဝ့် ကြား လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာမည်ကို စိုးရိမ်လာခဲ့ကြပြီး အမြန်ဆုံးတွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းမှုများ ရှိခဲ့ကြသည်။

သို့သော် ယနေ့ထိတိုင် RCSS နှင့် PNLO ကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် ၂ ဖက်စလုံးက ဆန္ဒရှိသည့်တိုင် မတွေ့ဆုံနိုင်ပဲ ဖြစ်နေသည်။

ထို့ကြောင့် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) ကလည်းကောင်း၊ NCA ထိုးထားသည့် အဖွဲ့များ ဖွဲ့စည်းထားသော PPST ကလည်းကောင်း ကြားဝင် စေ့စပ်မှုဖြင့် အသိသက်သေ လုပ်ကာ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိသည်။

ထို့ပြင် PNLO နှင့် RCSS ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကလည်းကောင်း၊ ရှမ်းပြည်နယ်အဆင့် JMC-S ကလည်း ကောင်း ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံ ဆွေးနွေး ဖြေရှင်းရန်လည်း ကြိုးပမ်းသင့်သည်ဟုဆိုသည်။

သို့သော် RCSS သည် JMC အဆင့်ဆင့် အစည်းအဝေးများသည် တရားမျှတမှု မရှိသည့်အတွက် ဟုဆိုကာ JMC အဆင့်ဆင့် အစည်းအဝေးများ တက်ရောက်ခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်၍ ယာယီ ရပ်ဆိုင်း ကြောင်း ကြေညာထားခြင်းကြောင့် JMC-U နှင့် ရှမ်းပြည်နယ်အဆင့် JMC-S အစည်းအဝေးများ မကျင်းပနိုင် ဘဲ ဖြစ်နေရာ တွေ့ဆုံ ဆွေးနွေးမှုလည်း အထမမြောက်ပဲ ဖြစ်နေသည်။

ထို့နောက် NCA လက်မှတ်ထိုးထားသည့် NCA အဖွဲ့များ ဖွဲ့စည်းထားသည့် PPST အစည်းအဝေးတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့်အတွက် KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ တရားဝင် အစည်းအဝေးများတွင် ပါဝင်တက်ရောက်နေခြင်းကို ယာယီရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၂၇ ရက်က ကြေညာခဲ့ခြင်းကြောင့် PPST အစည်းအဝေးလည်း မကျင်းပနိုင်ပဲ ဖြစ်နေကာ PNLO နှင့် RCSS တို့ တွေ့ဆုံမှုအတွက်ပါ လမ်းပိတ်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading