နေပြည်တော် ဥတ္တရသီရိ မြို့နယ်၌ မီးသွေး ကားမောင်းနှင်သူကို ဒုရဲအုပ် တဦးက သေနတ်ဖြင့် ပစ်ခဲ့သည့် အမှု တရားရုံး တင် စစ်ဆေးရန် ကြန့်ကြာနေကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။
သေဆုံးသူ၏ ဇနီးဖြစ်သူ မညိုညိုအေးက“ကျမတို့က အမှု အမှန်ကို ပေါ်ပေါက်စေချင်တယ်။ နောက်ပြီး အခုက ၃ လ ကျော် လာပြီ။ အမှန်က အခုလောက် ကြာစရာ အကြောင်းမရှိဘူးလို့ ထင်တာပဲလေ။ အရပ်သား အချင်းချင်း ဖြစ်တယ် ဆိုရင် အချိန် ဆွဲထားမှာ မဟုတ်ဘူး။ အခုက သူတို့ဘက်သားနဲ့ ဖြစ်တာ ဆိုတော့ အမှုကို မပေါ့ ပေါ့အောင်၊ မကြာကြာ အောင် အချိန်ဆွဲနေ တယ် ထင်တာပဲ”ဟု ပြောသည်။
သက်ဆိုင်ရာ တရားရုံးမှ အမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင်များနှင့် အခင်း ဖြစ်ပွားစဉ်တွင် အတူ ရှိနေသည့် သက်သေများအား အကြောင်းကြားခြင်း၊ ခေါ်ယူ မေးမြန်းခြင်းများ မရှိသေးသလို ယနေ့ အချိန် အထိ ရုံးချိန်း တခုမှ မတက် ရောက်ရသေးကြောင်း ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အခင်းဖြစ်စဉ်တွင် မီးသွေးကားအား ရဲများက လိုင်းကြေးတောင်းရာမှ အချေအတင် ဖြစ်ကာ ဒုရဲအုပ် အောင်နိုင်ထွန်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သေဆုံးသူနှင့်အတူရှိနေသော ယာဉ်နောက်လိုက် ၂ဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်သူ ဒုရဲအုပ်အား ရဲစည်းကမ်း ဥပဒေအရ သီးခြားစုံစမ်း စစ်ဆေးခဲ့ သော်လည်း စစ်ဆေးတွေ့ရှိ ချက်ကို ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေး။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်က နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ အရေးပေါ်ဌာနသို့ ယာဉ်မတော်မှု ဖြစ်သည် ဆိုကာ ဥတ္တရသီရိမြို့နယ် ဆားကျင်း ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဦးမျိုးဝင်းဆိုသူ ရောက်လာကြောင်း၊ ဆေးရုံရောက်ချိန် သေဆုံးနေပြီ ဖြစ်၍ စစ်ဆေးရာ အခြား ပြင်ပဒဏ်ရာများ မတွေ့ဘဲ နှာခေါင်းအောက်ဘက် အပေါက် သေး တပေါက်နှင့် ညာဘက် မေးရိုးအောက် အရိုးအက် ဒဏ်ရာတို့သာ တွေ့ရှိ၍ လူနာအား ရင်ခွဲစစ်ဆေးခဲ့ရာ ဦးခေါင်း အတွင်း ကျည်ဆန် တတောင့် တွေ့ရှိခဲ့ပြီး သေနတ်မှန် သေဆုံးခြင်း ဖြစ်သည်ဟု ယူဆရကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှ စုံစမ်း သိရှိရသည်။
သေဆုံးသူနှင့် ဆွေးမျိုး တော်စပ်သူ ဦးနိုင်မျိုးဦး ကလည်း“ကျနော်တို့ကို ဘာမှ အကြောင်းမကြားသေးဘူး။ (စခန်းမှာ) မျက်မြင် သက်သေ ၂ယောက် စစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ဘာမှကို ထူးခြားမှု မရှိတော့ဘူး။ ကားအုံနာ ဘုတ်တွေ သိမ်း ထားတာကလည်း တော်တော် ကြာနေပြီ ပြန်မရသေးဘူး”ဟု ပြောသည်။
ထို့ပြင် အမှု၌ တရားလို အဖြစ် ဥတ္တရသီရိ မြို့နယ် ဘုရားကုန်း မြို့မရဲစခန်းမှ စခန်းမှူးက ဆောင်ရွက်နေသည်ကို နစ်နာသူ မိသားစုဝင်များက တရားလို အဖြစ် ဆောင်ရွက်လိုသော်လည်း ယခုအထိ ဆောင်ရွက်ခွင့် မရသေးကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောဆိုသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးချက် အရ လူသတ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မူလ ဖွင့်လှစ် ထားသည့် လူသေမှု ပုဒ်မ ၃၀၄(က) မှ လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ ဖွင့်လှစ်ကာ ပြစ်မှု ကျူးလွန်သူ ဒုရဲအုပ် အောင် နိုင်ထွန်းအား ဒက္ခိဏခရိုင် တရားရုံးသို့ နိုဝင်ဘာလ ၂၀ ရက်ကတည်းက တရားစွဲတင်ခဲ့ပြီး ဖြစ်ကြောင်း ဘုရားကုန်း နယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မင်းတင်က ပြောသည်။
“အဲဒီ အမှုက စစ်တော့မှာပါ။ သက်သေက ၁၅ ယောက်တောင် ရှိတယ်လို့ သိရတယ်။ အလှည့် မရောက်သေးလို့ ဖြစ်မှာ ပါ။ မစစ်စရာတော့ မရှိပါဘူး”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စခန်းမှူးက တရားလို အဖြစ် ဆောင်ရွက်ခြင်းကြောင့် ဘက်လိုက်ခြင်း၊ အမှု အပေါ် အကျိုး သက်ရောက်စေခြင်း ရှိမည် မဟုတ်ဘဲ အားလုံး ဥပဒေ အတိုင်းသာ ဖြစ်ရမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဒုရဲမှူး မင်းတင်က“ပြောင်းလဲခွင့် မရှိသလို (တရားလိုကို) ပြောင်းလဲတာမျိုးလည်း မရှိဖူးပါဘူး။ အခုလည်း ၃၀၄(က)ကို စစ် ဆေးတယ်။ စစ်ဆေးတဲ့ အခါ ပေါ်ပေါက်လို့ ၃၀၂ ပြောင်းပြီး တရားစွဲတင်တယ်။ ဒါပါပဲ။ ဒီဖြစ်စဉ်မှာ အမှုကို ဒီကလည်း ဖွင့် မယ်။ ဟိုကလည်း ဖွင့်မယ် လုပ်လို့ မရပါဘူး။ တရားလိုကြောင့် အမှုမှာ ပေါ့လျော့သွားတာတွေ၊ တရားခံက ရဲ မို့လို့ တရား လို က ရဲ လုပ်တယ်။ အမှုက ပေါ့လျော့သွားတာမျိုး မရှိပါဘူး။ နောက်ပြီး ကျနော်တို့ ရဲက ပြန်စီရင်တာလည်း မဟုတ် ပါ ဘူး။ တရားသူကြီးက စီရင်မှာပါ”ဟု စခန်းမှူး ဒုရဲမှူး မင်းတင်က ပြောဆိုသည်။
ယင်းအမှုကို နိုဝင်ဘာလကတည်းက တရားရုံးသို့ တင်ပို့ခဲ့ပြီး ဖြစ်သော်လည်း စစ်ဆေး ဆုံးဖြတ်မည့် တရားသူကြီးမှာ ပင်စင် ယူသွားခြင်းကြောင့် အမှု စစ်ဆေးရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီလ ၂၃ ရက်တွင် တရားလို ဖြစ်သူကို စတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုအား ရုံးတင် စစ်ဆေးနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်း အတည်ပြုရန် ဒက္ခိဏခရိုင် တရားရုံးသို့ သွားရောက်ခဲ့သော်လည်း ယင်းအမှုကို စစ်ဆေးသည့် နေ့ရက်တွင်သာ တာဝန်ရှိသူက ဖြေဆိုပေးမည်ဟု အကြောင်း ပြန်ခဲ့သည်။
ယင်းအမှုတွင် တရားလို ဖြစ်ပြီး ယခင်က စခန်းမှူး တာဝန်ကျသူ ဒုရဲမှူး တင်ဌေးက တရားလိုအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့နယ်တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေ ကြောင်း သိရသည်။
လက်ရှိ အခြေအနေအရ ၃လကျော် ကြာမြင့်သည် အထိ အမှုကို မစစ်ဆေးနိုင်သည်မှာ လုပ်ရိုးလုပ်စဉ် အရ ယခုကဲ့သို့ ကြာမြင့်သည်လား၊ အချိန်ဆွဲ လုပ်ဆောင်သည်လား ဆိုသည်ကို မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း နစ်နာသူ မိသားစု၏ ဆွေမျိုး ဖြစ်သူ ဦးနိုင်မျိုးဦးက ပြောသည်။
“တကယ်လို့ ရဲက စစ်တာနဲ့ဘာနဲ့ ကြာရင် တလပေါ့။ ကာယကံရှင် ကိုယ်တိုင်က တရားလို လုပ်ချင်လို့ ပြန်စစ်တာနဲ့ ၁ လ ကြာတယ်ထား။ ၂ လ၊ ဒါနဲ့ တရားရုံးကို ရောက်သွားရင် တရားရုံးက ဘာလို့ ၁ လလောက်ကြီး ကြာနေတာလဲ ဆိုတာ ပြန် စဉ်းစားရမယ်။ ခရိုင်တရားရုံးကရော ဘယ်လောက်အထိ အလုပ်ရှုပ်နေလဲ။ ၄ ရက်က ကျနော်တို့ ရောက်ခဲ့တဲ့ အနေ အထား အရ ဆိုရင် တရားရုံးမှာ ပြောရလောက်အောင် အမှုတွဲက မရှိဘူး။ အမှုတွဲစစ်တာလည်း ဘယ်လောက်မှ မကြာ ပါဘူး”ဟု ၎င်းက ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန် – မီးသွေးကား ရဲတပ်ဖွဲ့ တားဆီးရာမှ အမျိုးသားတဦး ဦးခေါင်း သေနတ်မှန် သေဆုံး