ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) အဖွဲ့ဝင် တဦး သေဆုံးမှုနှင့် ပတ်သက်၍ ရခိုင် လူငယ် ၄ ဦးကို ဇန်နဝါရီလ ၁၄ က ဖမ်းဆီး တရားစွဲဆို လိုက်ကြောင်း သတင်း ရရှိသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က စစ်တွေမြို့ ဝင်္ကဘာကွင်း၌ စရဖ တပ်ဖွဲ့ဝင် ဖိုးလုံး (ခ) တပ်ကြပ် ဝင်းထိုက် သေ နတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ ရခိုင်လူငယ် ၄ ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လူသတ်မှု ပုဒ်မ ၃၀၂ ၊ ပူပေါင်း ကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စစ်တွေ ခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း ယင်း အမှုကို လိုက်ပါ ဆောင်ရွက်သူ အထက်တန်း ရှေ့နေ ဦးထွန်းအောင်ကျော် က ပြောသည်။
ဦးထွန်းအောင်ကျော် က “ဒီနေ့ လူငယ် ၄ ယောက်လုံးကို လူသတ်မှု ပုဒ်မ ၃၀၂ / ၃၄ နဲ့အမှုစွဲတင်ပါ တယ်။ ရဲ တပ်ဖွဲ့ က တော့ ဒီလူငယ်တွေ ပြစ်မှု ကျူးလွန်တယ် ဆိုပြီးတော့ သက်သေ အထောက်အထား ရှာဖွေပြီးတော့ အမှုစွဲတင်တာကို တွေ့ ရပါတယ်။ သို့သော် ဒီလူငယ်တွေက အမှုဖြစ်တဲ့နေ့က အခင်း ဖြစ်နေရာမှာလုံးဝ မရှိဘူး။ မေယုထွန်း ဆိုရင်လည်း လွှတ် တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ ဦးအောင်ဝင်းတို့နဲ့ အတူ ရသေ့တောင်မှာ အတူ ရှိနေခဲ့တယ်” ဟု ဧရာဝတီ သို့ ပြောသည်။
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲခံနေရသော ရခိုင် လူငယ်များမှာ ရခိုင် အမျိုးသား ပါတီ (ANP)မှ ကိုမေယုထွန်း (ခ) ဇော်ဝင်း၊ ကိုရဲဇော်နှင့် ဘူးသီးတောင်မြို့နယ်မှ ကိုအောင်ချေ (ခ) အောင်ဇော်လင်း ၊ ပေါက်တော မြို့ နယ်မှ ကိုခိုင်ဘိုဘို (ခ) ခိုင်သော်တို့ ဖြစ်ကြသည်။
အဆိုပါ ဖမ်းဆီး တရားစွဲခံရသော ရခိုင်လူယ် ၄ ဦးတွင် ကိုမေယုထွန်း၊ ကိုအောင်ဇော်လင်း၊ ကိုခိုင်ဘိုဘို တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ပထမ တကြိမ် ဖမ်းဆီး ချုပ်နှောင် စစ်ဆေးခံခဲ့ရသည်။
ထိုစဉ်က ချုပ်ရမန် ရက်ပေါင်း ၃၀ ယူကာ စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင် စစ်ဆေးခဲ့သော်လည်း ခိုင်လုံသော သက်သေ အထောက်အထား မရရှိ သဖြင့် နိုဝင်ဘာ ၅ ရက်က အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နောက်ထပ် ရခိုင် တိုင်းရင်းသား လူငယ် တဦး ဖြစ်သည့် ကိုရဲဇော်ကို ရန်ကုန်မြို့၌ ကျင်းပသော ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးကာ ရမန် ၂ ပတ်ယူပြီး ချုပ်နှောင် စစ် ဆေးခဲ့သည်။
ယင်းသို့ ကိုရဲဇော်ကို စစ်ဆေးနေစဉ် အချိန်၌ပင် ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက ကိုမေယုထွန်း၊ ကိုအောင်ဇော်လင်း၊ ကိုခိုင်ဘိုဘို တို့ကို စစ်တွေ အမှတ် (၁) စခန်းမှ ဆင့်ခေါ်ခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် လူငယ် ၄ ဦးလုံးကို အမှုတွဲကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံးထုတ် အပြန် ဖမ်းဆီးခံ ရခိုင်လူငယ် ၄ ဦးက ၎င်းတို့ကို မတရား ဖမ်းဆီးနေခြင်းသာ ဖြစ်ပြီး အစိုးရ အနေဖြင့် ရခိုင် လူငယ်များကို ဖိနှိပ်ခြင်းမှ ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ကိုအောင်ချေ (ခ) ကိုအောင်ဇော်လင်း က “ပထမ တခေါက် ကျနော်တို့ကို ၁ လ တိတိ ဖမ်းဆီး စစ်ဆေးပြီး အာမခံနဲ့ လွှတ်ခဲ့တယ်။ အခု တခေါက် ပြန်ပြီး ဖမ်းပြီး တရားစွဲတယ်။ ဒီလိုမျိုး ရခိုင်လူငယ်တွေကို မတရား ဖမ်းဆီး ဖိနှိပ်တာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု သတင်း မီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါ ရခိုင် လူငယ်များကို အကြိမ်ကြိမ် ဖမ်းဆီးနေမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက် အပေါ် ဆူပူမှုများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ရခိုင် ပြည်သူများကြားတွင် ဝေဖန်မှုများ ရှိခဲ့သည်။
စစ်တွေ နယ်မြေ ရဲစခန်းမှ စခန်းမှူး ဖြစ်သူ ရဲအုပ် ဘိုဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ကိုဖုံးလုံး သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ စခန်းက အမှုဖွင့်ထားခဲ့တယ် ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် ဒီအမှုက CID ကိုလွှဲထားတဲ့ အ တွက် ကျနော်တို့နဲ့ စွဲတာ မဟုတ်ပါဘူး” ဟု ဖြေကြားသည်။
ကိုမေယုထွန်း (ခ) ဇော်ဝင်းက အခင်း ဖြစ်ပွားသည့်နေ့တွင် ၎င်း အနေဖြင့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်ဖြင့် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေ၊ မြေပုံ အမတ် ဦးအောင်ဝင်းတို့နှင့် အတူ ရသေ့တောင် မြို့နယ် ကံပြင် ကျေးရွာတွင် ရောက်ရှိနေခဲ့သည်ဟုလည်း ဆိုထားသည်။
ပေါက်တောမြို့ မြို့ခံ ကိုခိုင်ဘိုဘို (ခ) ခိုင်သော်မှာလည်း အခင်း ဖြစ်ပွားခဲ့သည့် အချိန်တွင် လူငယ်ချင်း ၅ ဦးနှင့် အတူ စစ်တွေမြို့ကမ်းနားလမ်းတွင် ရှိခဲ့ကြောင်း၊ ကိုဖိုးလုံး သေဆုံးသည့် ဖြစ်စဉ်နှင့် ပတ်သက်မှု မရှိကြောင်းကိုလည်း သတင်း မီဒီယာများသို့ ပြောကြားသည်။
ဆက်စပ်ဖတ်ရှုရန် – စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု ANP လူငယ်တဦး ဖမ်းဆီးခံရ
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ ရခိုင်လူငယ်များ အာမခံဖြင့် လွတ်လာ