ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်တွင် ဖမ်းဆီး ထိန်းသိမ်းထားသူ သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား တဦးကို မတရား အသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှု ဖွင့်လိုက်ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အတွင်း ယမန်နေ့က ဒေသခံ ရခိုင်တိုင်းရင်းသား ၁၅ ဦးကို တပ်မတော်၏ ညွှန်ကြား မှုဖြင့် အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော် လည်း ယခု ၂ ဦးကိုမူ အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောသည်။
ဦးမောင်ကျော်ဇံက“ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ၁၅ ယောက်မှာ ၁၃ ယောက် လွတ်သွားပြီ။ နောက် ၂ ယောက်ကိုတော့ ၁၇ (၁) နဲ့ အ မှုဖွင့်တယ်။ သရက်ပြင် အုပ်ချုပ်ရေးမှူးနဲ့ သရက်ပြင်ရွာသား မောင်ကျော်ဝင်းရယ် အဲဒီ ၂ ယောက်ကို ၁၇ (၁) နဲ့ အမှုဖွင့် ထား တယ်။ မနေ့က အမှုဖွင့်တာ။ ဒီနေ့ ရမန်ယူမှာ”ဟု ဧရာဝတီသို့ ပြောသည်။
ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် ခံရခြင်းမှာ ယခုအခါ AA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် AA နှင့် ဆက်သွယ် ခြင်းကြောင့် ဟု ယူဆနိုင်ကြောင်း၊ ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်မည် ဖြစ်ပြီး အမှတ် ၃ နယ်ခြားစောင့် လက် အောက်ခံ ညောင်ချောင်း ရဲစခန်းက အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းလည်း ဥၤးမောင်ကျော်ဇံက ပြောပြသည်။
“ဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်။ မတရား ဖမ်းဆီးပြီးတော့ ရဲက လုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီး ငါတို့လုပ်ရင်ရတယ်။ ဖမ်း ရင် ရတယ်။ မပေါ်ရင် ပြန်လွှတ်မယ် ဆိုတာမျိုး မလိုလားဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကမူ ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ခံရသူမှာ အုပ်ချုပ်ရေးမှူး ဝန်ထမ်း ဖြစ်နေသဖြင့် အထက်ဌာန အဆင့်ဆင့်သို့ ခွင့်ပြုချက်ယူပြီး ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောသည်။
“ကျနော်ကလည်း အထက်ခွင့်ပြုချက် ယူပြီးတော့မှ ဆက်ပြီး ဆောင်ရွက်မှာပါ။ ဒီနေ့ ရုံးတင်လို့ မရသေးပါဘူး။ အမှု ဖွင့်မယ်လို့ ပြောတာပဲ ကြားပါတယ်။ ကျနော်တို့ကလည်း သူက ဝန်ထမ်း ဖြစ်တဲ့အတွက် အထက်ကို တင်ပြရဦးမှာပါ။ သူတို့ ၂ ယောက်ကိုလည်း စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်”ဟု ဦးကျော်မင်းထွန်းက ပြောပြသည်။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများအတွင်း ဒေသခံများ မကြာခဏ အဖမ်းခံရလေ့ ရှိသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးလေ့ ရှိကြောင်း၊ ယမန်နေ့က ပုဏ္ဍားကျွန်းနှင့် ရသေ့တောင် ကားလမ်းပေါ်ရှိ ကြိမ်သာ ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားစဉ် ရွာသား ၂ ဦး အဖမ်းခံရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြားလာ ကြောင်း ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောသည်။
“ရွာသား ၂ ယောက်က ပြန်မရောက်သေးဘူး။ ဘယ်တပ်က ဖမ်းသွားမှန်းလဲ မသိဘူး။ အတိအကျတော့ ကျမတု့ိ လည်း မသိရသေးဘူး။ ပြီးတော့ စစ်ဘေးရှောင်တွေကလည်း ရှိနေသေးတယ်။ ၁၀၀၀ နီးပါးလောက်ပေါ့။ ဒါပေမယ့် ဘူးသီးတောင် ဘက်လောက်တော့ မဆိုးဘူး”ဟု ဒေါ်ခင်စောဝေက ပြောပြသည်။
AA သည် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း တပ်မတော်နှင့် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း အရပ်သား များ မကြာခဏ အဖမ်းခံနေရသည်ဟု ယင်းရခိုင် အသိုင်းအဝိုင်းက ပြောသည်။
တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင် ခြင်း မရှိပါ။ ယင်းသတင်းကို အတည်ပြုနိုင်ရန် တပ်မတော်ဘက်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
တပ်မတော်က AA အပါအဝင် အပစ်ရပ် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များနှင့် ပဏာမ အပစ်ရပ်စာချုပ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်များ ရေးထိုးရန် စစ်တိုင်း ၅ တိုင်း ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက် အထိ တဖက်သတ် အပစ် ရပ်ဆိုင်းပေးထားသည်။
အပစ်ရပ်ထားသည့် စစ်တိုင်းများတွင် AA တပ်များရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ မပါဝင်ပါ။
အဆိုပါ ရဲကင်း စခန်း ၄ ခု တိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားသည်။
ငမြင်းဘော် ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျောင်းတောင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိကြောင်း၊ ဂုပ္ပိ ရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ခထီးလှ ရဲကင်း စခန်းမှ ၂ ဦးကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင် စကားပြောစက် ၁ လုံး ဆုံးရှုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။