ကရင်အမျိုးသားတိုးတက်ရေး (KNPP) ပါတီ ထိန်းချုပ်ရာ ဒေသအတွင်း ၂၀၁၈ ခုနှစ်နှောင်းပိုင်း အစိုးရတပ်မတော်၏ လှုပ်ရှားမှုများ၊ ယာယီတပ်စခန်းချရန် ကြိုးပမ်းလာမှုများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံစဉ် ဆွေးနွေးဖြစ်ခဲ့ကြောင်း KNPP က ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် KNPP ဒုတိယဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီလ ၁၄ ရက်နေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးရာတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KNPP ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နဲနယ်ပလိုးက ပြောသည်။
အစိုးရနှင့် အလွတ်သဘော တွေ့ဆုံမှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် နဲနယ်ပလိုး က “KNPP ဘက်က အကြောင်းအရာ ၂ ချက်တင်တယ်။ ပထမအချက်က ခု လတ်တလော ၂၀၁၈ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ ဖြစ်ခဲ့တဲ့ မြေပြင်အနေထားကို ဆွေးနွေးဖို့ တင်ထားတယ်။ နောက်တချက်က KNPP အနေနဲ့ NCA ရေးထိုးနိုင်ဖို့အနေအထားတွေ။ တစ်ဆို့မှုတွေရှိတော့ အဲဒါတွေကို ဘယ်လိုဖြေလျှော့ပြီး ဆက်သွားနိုင်မလဲဆိုတာတွေ ကျနော်တို့ အဓိက ဆွေးနွေးဖြစ်တယ်” ဟု ဆိုသည်။
အစိုးရနှင့် KNPP တို့အကြား အလွတ်သဘော တွေ့ဆုံလာသည်မှာ ၅ ကြိမ်မြောက်ရှိပြီဖြစ်သည်။
KNPP အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် အတွက် လက်ရှိ မြေပြင်ပဋိပက္ခ ပြဿနာများ အတွက် အဖြေရှာနိုင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်မှသာ နောက်တဆင့် ဆွေးနွေးမှုများ ဆက်သွားနိုင်မည်ဟုလည်း နဲနယ်ပလိုးက ပြောဆိုသည်။
KNPP အနေဖြင့် ၂၀၁၈ ခုနှစ်ထဲတွင် အစိုးရနှင့် NCA ထိုးရန် နီးစပ်ခဲ့သော်လည်း တပ်ဖွဲ့ဝင် ၄ ဦး အသတ်ခံရမှု၊ ၎င်းတို့လှုပ်ရှားနယ်မြေ အတွင်း တပ်မတော် လှုပ်ရှားမှုများကြောင့်ဟုဆိုသည့် အကြောင်းပြချက်များဖြင့် တစ်ဆို့မှုဖြစ်ခဲ့ရသည်။
ထို့အပြင် NCA ရေးထိုးခဲ့သော အပစ်ရပ်အဖွဲ့များမှာလည်း အစိုးရနှင့် တရားဝင် ဆွေးနွေးမှုများရပ်ဆိုင်းသွားသည် အထိ ဖြစ်ပွားခဲ့သော တစ်ဆိုမှုများသည်လည်း KNPP အနေဖြင့် NCA ရေးထိုးရန် အဟန့်အတား ဖြစ်စေခဲ့ကြောင်း KNPP က ဆိုသည်။
နဲနယ်ပလိုး က “NCA လက်မှတ်ရေးထိုးရေးက နီးစပ်လာမယ်လို့ ဖြစ်လာတဲ့အခါ အခြေအနေက တမျိုးပြောင်းပြောင်းသွား တတ်တယ်။ NCA က KNPP အတွက် လိုက်လေ ဝေးလေ NCA ဆိုသလိုမျိုးတောင် ပြောလို့ရတယ်” ဟု ၎င်းကဆိုသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ၏နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (DPN) နှင့် တပ်ပေါင်းစုအလိုက် ဆွေးနွေးမှုများ ပျက်ပြယ်သွားပြီးနောက် KNPP အနေဖြင့် NCA လက်မှတ်ထိုးပြီး စကားဝိုင်းတွင်း ပါဝင်လာရေးဦးတည်ကာ အစိုးရက ၎င်းအဖွဲ့နှင့် bilateral ဆွေးနွေးနေခြင်း ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း အောက်ခြေတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများ အဆင်ပြေအောင် ညှိနှိုင်းနေပြီး၊ NCA လမ်းကြောင်းဖြင့်သွားနိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကာ အလွတ်သဘောတွေ့ဆုံမှု ရလာဒ်ကောင်းမွန်သည်ဟု သတင်းထောက်များကို ပြောဆိုသည်။
ဦးဇော်ဌေးက “အချိန်ကာလ အပိုင်းအခြား တချို့ဟာလေးတွေလည်း ကျနော်တို့ ၂ ဖက်တော့ ပြန်ညှိရမယ်။ ပြန်ညှိပြီးတော့ လုပ်ရမယ့် လုပ်ငန်းစဉ်လေးတွေ တဆင့်ချင်းပေါ့နော် ဘယ်လိုသွားမလဲဆိုတာလည်း ကျနော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ ပြောရရင်တော့ အပြုသဘောဆောင်တယ်။ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်တယ်။ မကြာခင်မှာ KNPP NCA လက်မှတ်ရေးထိုးပြီး ပါလာဖို့လည်း ကျနော်တို့ မျှော်လင့်တယ်။ အဲဒီ မျှော်လင့်ချက်နဲ့လည်း လုပ်နေတယ်” ဟု ဆိုသည်။
KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားသွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLD နှင့်လည်း ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။