ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ၃ ဦးကို လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည့် ခရိုင် တရားရုံး၏ အမိန့်အပေါ် မကျေနပ်ဟုဆိုကာ ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော်သို့ အမိန့် ပြင်ဆင်ချက် တင်သွင်းသွားမည်ဖြစ်ကြောင်း တရားခံမိသားစုဝင်များက ပြောသည်။
ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးက အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက် ရုံးချိန်းတွင် စွပ်စွဲခံထားရသူ ၃ ဦးကို လူသတ်မှု ပုဒ်မများဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ကာယကံရှင်များဘက်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့် ကန်ခြင်း၊ အရက်ပုလင်းခွံဖြင့် ရိုက်နှက်ခြင်းများကြောင့် သေဆုံးစေခဲ့သည်ဟုဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂(၂)ဖြင့် လည်းကောင်း၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ၎င်းတို့နှစ်ဦး ပြစ်မှု ကျူးလွန်ရန် အားပေးကူညီသည် ဟုဆိုကာ ပုဒ်မ ၃၀၂(၂)/၁၁၄ ဖြင့်လည်းကောင်း အသီးသီး စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
တရားခံ ကျော်ဇောဟန်၏ မိခင် ဒေါ်မြတ်ချောစု က “အန်တီ့သား ကျော်ဇောဟန်ကို တရားသူကြီးက စွဲချက်တင်တာကို မတရားဘူးလို့ ခံစားရတယ်။ ဥပဒေအရလည်း စွဲချက် မတင်သင့်ဘူးထင်လို့ ဒါကို အခုထက် တဆင့်မြင့်တဲ့ရုံးမှာ ပြန်ပြီးသုံး သပ်ပေးဖို့ ပြင်ဆင်မိန့် တက်တဲ့သဘောပါ” ဟု မီဒီယာများကို ပြောသည်။
အမှတ်(၃) တရားခံ ကျော်ဇောဟန်အတွက် ရာဇဝတ်ပြင်ဆင်မှုကို တိုင်းတရားလွှတ်တော်သို့ ယနေ့ နံနက်ပိုင်းက တင် လိုက်ပြီးဖြစ်ပြီး အမှတ်(၁)နှင့်(၂) တရားခံ သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့ အတွက် မနက်ဖြန်တွင် တင်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေများထံမှ သိရသည်။
ဒေါ်မြတ်ချောစုက စစ်ဆေးပြီးသည့် တရားလိုပြသက်သေ အယောက် ၂၀ လုံးတွင် အခင်းဖြစ်နေရာ၌ ကျော်ဇောဟန်ကို တွေ့ခဲ့ပါသည်ဟု ထွက်ချက်ပေးသူ တဦးမှ မရှိကြောင်း၊ ရဲမှတ်တမ်းအရ ကျော်ဇောဟန်နှင့် ပတ်သက်သည့် အထောက်အထား (ဓာတ်ပုံမှတ်တမ်း၊ ဆေးမှတ်တမ်း) တခုမှ မရှိကြောင်း၊ လူစီတန်းပြသရာတွင်လည်း ကျော်ဇောဟန် မပါဝင်ခဲ့ကြောင်း ရှင်းပြသည်။
“သွေးတွေ့တယ်ဆိုတဲ့ အင်္ကျီအဝတ်အစားတွေ ပြောတဲ့အခါမှာလည်း သွေးတော့ သွေးပဲ။ ဒါပေမယ့် ဘာသွေးမှန်း မသိဘူး ဆိုတော့ ကျော်ဇောဟန်ပါလို့ သက်သေပြနိုင်တဲ့ ဘာတခုမှ အထောက်အထား သက်သေတွေက ပေးခဲ့တာမရှိဘဲနဲ့ တရား သူကြီးက စွဲချက်တင်တဲ့ အတွက် အန်တီတို့က မတရားဘူးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက ယင်းကဲ့သို့ စွဲချက်တင် အမိန့်ချခံရမည်ဟုလည်း (လုံးဝ) မမျှော်လင့်ထားကြောင်း၊ ၎င်း၏သားသည် လူငယ်သဘာဝ သူငယ်ချင်း အပေါင်းအဖော်များနှင့် ပွဲလမ်းသဘင် သွားသည်မှာ မှန်သော်လည်း အခင်းဖြစ်ပွားမှု၌ ကျော် ဇောဟန် ပါဝင်ခြင်းမရှိဟု ဆိုသည်။
အောင်ရဲထွေး အမှုတွင် စွပ်စွဲခံရသူ ၃ ဦးစလုံးကို လူသတ်မှု ပုဒ်မများဖြင့် စွဲချက်တင်ပြီးနောက် ပြန်ခေါ်သက်သေ ၁၀ ဦးကို ပြန်လည်စစ်မေးမှုများ ပြုလုပ်မည်ဖြစ်ရာ ယနေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေ ၂ ဦးကို စစ်ဆေးခဲ့သည်။
စွဲချက်တင်ခံရသည့် တရားခံ ၃ ဦးစလုံး၏ အမိန့် ပြင်ဆင်ချက် လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက် မည်ဆိုပါက လက်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေမှုကို ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဇောဟန်၏ မိခင် ဒေါ်မြတ်ချောစုက ၎င်း၏ သားအတွက် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်တက်မည် ဖြစ်သကဲ့သို့ ယခုအမှုသည် နိုင်ငံတော်သမ္မတ ကိုယ်တိုင် စိတ်ဝင်စားထားသည့် အမှုလည်းဖြစ်၍ ဥပဒေအရ ဆောင်ရွက်ပေးရန် နှင့် ဥပဒေအရ မခိုင်လုံဘဲ တစုံတယောက် (သို့) တစုံတခု၏ ဖိအားကြောင့် အားလုံးကို ရောပြီး အပြစ်တခု မချမှတ်ရန် သမ္မတထံ အသနားခံစာ တင်သွားမည်ဟုလည်း ပြောသည်။
ဒေါ်မြတ်ချောစု က “ဖေ့စ်ဘုတ်ပေါ်မှာ အရမ်းကြီး ပြောလာတဲ့အခါ သမ္မတကြီး ကိုယ်တိုင်လည်း စိတ်ဝင်စားစွာနဲ့ ဒီအမှုကို စစ်ဆေးပါလို့ ပြော တော့ အဂတိတွေ ဘာတွေလည်း အကုန်လုံးလိုက်ပြီး စစ်ဆေးတယ်။ ဒါကြောင့် တရားသူကြီးတွေက ကြောက်တယ်လို့ အန်တီက ထင်တာပဲ။ တရားသူကြီးတွေ သူ့အထက်ထက် လူကြီးတွေ အကုန်လုံးက မကြောက်မလန့်နဲ့ ဥပဒေအတိုင်း ဖြစ်အောင်လုပ်ပေးရင် ကျေနပ်ပြီ” ဟု ဆိုသည်။
၂၀၁၆ ခုနှစ်က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများတင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက် ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှု ရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးကို စွဲချက် မတင်ခင် ပြန်လွှတ်ပေးခဲ့ရာ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ ကျယ်လောင်စွာထွက်ပေါ်ခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ နောက်ခံအကြောင်းရင်းများ၊ တခြားဆက်နွယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပေဒနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားမှု များ ပြုလုပ်ခဲ့သည်။
ထို့နောက် အောင်ရဲထွေးအမှု ရုပ်သိမ်းနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပါ ပါဝင်လာခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်ရဲထွေးအမှုကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် ၂၀၁၈ အောက်တို ဘာ ၉ ရက်မှ စတင်ကာ နောက်တကြိမ် ပြန်လည်စစ်ဆေးမှု ပြုလုပ်နေခြင်း ဖြစ်သည်။
တဖက်တွင်လည်း အောင်ရဲထွေးအမှု ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု ရှိနေသည်ဆိုကာ တိုင်းဥပဒေ ချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒု ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းရဲတပ်ဖွဲ့ ရွှေပေါက္ကံ နယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားရာ တိုင်းတရား လွှတ်တော်တွင် အမှုရင်ဆိုင်ရလျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန် –
ရဲအုပ်ချစ်ကိုကိုသည် တရားခံများ ပြစ်ဒဏ်သက်သာရေး လျော့ပေါ့စစ်ဆေးခဲ့ဟု တရားလိုထွက်ဆို
သရုပ်ဆောင်အောင်ရဲထွေး အမှု စွပ်စွဲခံရသူများ၊ လူသတ်မှုဖြင့် စွဲချက်တင်