ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင် စားသောက်ရေး ကျပ်တည်းနေသဖြင့် နှစ်ဖက်တပ်များ အပစ်ရပ်ပြီး နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွင် ဖြေရှင်းကြရန် တောင်းဆိုသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောသည်။
REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန် က “တပ်မတော်ရော တဖက်လက်နက်ကိုင်ရောကို တောင်းဆိုပါတယ်။ စစ်ရေးအရ မဖြေရှင်းစေချင်ပါဘူး။ သဘောထားကြီးကြီးနဲ့ စားပွဲပေါ်မှာ ရခိုင်အရေးကို ဒီဘက်က လက်နက်ကိုင်နဲ့ အစိုးရက ထိပ်တိုက်တွေ့ပြီး ဆွေးနွေးပေးပါ။ စစ်ရေးအရ ဖြေရှင်းရင် ကျနော်တို့ ပြည်သူတွေ အထိနာပါတယ်” ဟု ပြောသည်။
ဦးရွှေဘော်စိန်က တပ်မတော်နှင့် AA တို့ နှစ်ဖက်တပ်များအနေဖြင့် ဒုက္ခသည်ဖြစ်နေသည့် အရပ်သားများ အရေးကို ထည့်သွင်းစဉ်းစား စေလိုသည်ဟုလည်း ဆိုသည်။
REC သည် ရခိုင်မျိုးနွယ် ၅ ခု ဖြစ်သည့် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်မှ တာဝန်ရှိသူများ စုဖွဲ့ကာ ဖွဲစည်း ထားသည့် အစည်းအရုံး တခုဖြစ်ပြီး တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် ပြေးနေရသည့် ဒုက္ခသည် ၅၀၀၀ ဝန်းကျင်ကိုလည်း ကူညီပေးနေသည့် အဖွဲ့တခု ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့ထိ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့၏ တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင် နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရွာ ၃၀ ကျော်မှ ဒေသခံ ၅၀၀၀ ဝန်းကျင် နေရပ်မှ ထွက်ပြေးကာ စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။
ထိုစစ်ဘေးရှောင်ဒုက္ခသည်များ လက်ရှိ ခိုလှုံနေရသည့် နေရာများတွင် ဝါးဖြင့် ယာယီတဲဆောက်ပြီး တာလပတ်များ မိုးကာ နေနေရသဖြင့် မိုးလုံလေလုံဖြင့် ရာသီဥတုဒဏ် ခံနိုင်သည့် အဆောက်အဦးများ မဟုတ်သည့်အပြင် စားရေးသောက်ရေး မှာလည်း ဖူလုံသည့် အခြေအနေ မရှိဟု ဦးရွှေဘော်စိန်က ဆိုသည်။
ဦးရွှေဘော်စိန် က “အရပ်ဘက်အဖွဲ့တွေ ရိက္ခာကူညီတာရှိပေမယ့် လုံလောက်မှု မရှိပါဘူး။ ကျနော်တို့ ဒါတွေကို လိုက်စိစစ် နေပါတယ်။ အခုဆောင်းတွင်းအတွက် မိသားစုတစုမှာ စောင်တထည်ပဲ ရတယ်။ လူပျိုလေးတွေ မိန်းမပျိုလေးတွေ ရှိတဲ့ မိသားစုမှာ စောင်တထည်က မလောက်ပါဘူး။ အခင်းတွေဆိုလည်း တခုဆိုတော့ မိသားစု တစုက မလောက်ပါဘူး” ဟု ပြောသည်။
စောင်နှင့် အခင်းများမှာ အရပ်ဘက်အဖွဲ့အစည်းများမှ လာရောက် အကူအညီပေးခြင်း ဖြစ်ပြီး မိသားစု တစုလျှင် တခုစီသာ ရသဖြင့် လုံလောက်မှု မရှိသလို စစ်ဘေးရှောင်များမှာ ပြေးလာစဉ်ကလည်း အဝတ်တထည် ကိုယ်တခု ဖြင့် ပြေးလာသူများ လည်း များသဖြင့် အခက်အခဲဖြစ်နေသည်ဟု သိရသည်။
ပြည်နယ်အစိုးရမှ ရိက္ခာများ လာရောက်ကူညီသော်လည်း ၎င်းတို့၏ အကူအညီမှာ ရက်ပိုင်းသာ စားနိုင်သည့် ရိက္ခာ ဖြစ်ပြီး ရခိုင်အရပ်ဘက် အဖွဲ့အစည်းများနှင့် တဦးချင်းအလှူရှင်များက ဝိုင်းဝန်းကူညီ နေရသည်။
ဒုက္ခသည်များ၏ နေရပ်ရင်းရွာများ အခြေအနေကို စုံစမ်းကြည့်ရာတွင်လည်း မိုင်းအန္တရာယ်နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုများ ရှိနေဆဲဟူသည့် သတင်းများ ကြားနေရဆဲ ဖြစ်သဖြင့် ဒုက္ခသည်များ နေရပ်ပြန်ရေးမှာလည်း လုံခြုံသည့် အခြေအနေ မရှိသေးပါဟု REC ၏ မှတ်တမ်းများအရ သိရသည်။
ဦးရွှေဘော်စိန် က “ရေရှည်ဆိုရင်တော့ ဒီဒုက္ခသည်တွေအတွက် နိုင်ငံတကာက ဖြစ်ဖြစ် အစိုးရက ဖြစ်ဖြစ် တခုခု ဆောင်ရွက်ပေးရပါလိမ့်မယ်။ ကျနော်ကတော့ စစ်ရေးကို ရပ်ပြီး နှစ်ဖက်လုံးကို စားပွဲပေါ်မှာ ဖြေရှင်းစေချင်ပါတယ်”ဟု ပြောသည်။
REC အဖွဲ့ဝင် တဦး ဖြစ်ပြီး ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ စစ်ဘေးရှောင် စခန်း ၇ ခု ကို အကူအညီ သွားပေးခဲ့သည့် ဒေါ်မေသန်းစိုးကလည်း ဒုက္ခသည်များ၏ နေထိုင်ရေးမှာ အခက်အခဲ ဖြစ်နေသည်ကို တွေ့ခဲ့ရပြီး ဆောင်းတွင်းဒဏ်ခံ အနွေးထည်နှင့် စောင်များ လုံလောက်မှု မရှိဟု ပြောသည်။
ဒေါ်မေသန်းစိုးက “နှစ်ဖက်လုံးကတပ်တွေ ကို အပစ်ရပ်စေချင်ပါတယ်။ တဖက်မှာလည်း ထိခိုက်နစ်နာတဲ့ ပြည်သူတွေ ရှိနေပါတယ်။ ဆက်ပြီး တိုက်ပွဲတွေ ဖြစ်နေရင် ပြည်သူတွေအတွက်က လုံခြုံတဲ့ နေရာနဲ့ စားဝတ်နေရေးအာမခံချက် ရှိဖို့လိုပါတယ်။ အဲ့တာတွေ ဖန်တီးပေးပြီးမှ တဖက်မှာ သူတို့ တိုက်ချင်တိုက်ကြပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။
တိုက်ပွဲများကြား နှစ်ဖက်တပ်များ၏ ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်တွင် အရပ်သား ၈ ဦး သေဆုံး ထားပြီး အမျိုးသားတဦး နှင့် အမျိုးသမီး တဦးတို့မှာ မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည်ဟု REC ၏ မှတ်တမ်းများ အရ သိရသည်။
မြိုတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အသင်းမှ ဥက္ကဋ္ဌ ဦးဇနီဖြူ ကလည်း လက်ရှိတွင် အလှူရှင်များ ရှိသဖြင့် ဒုက္ခသည်များ စားရေးသောက်ရေး အဆင်ပြေသော်လည်း နေထိုင်ရေးမှာ အဆင်မပြေပါဟု ပြောသည်။
ဦးဇနီဖြူ က “ကယ်ဆယ်ရေးတွေက ပေးတဲ့ အကူအညီတွေက အခုပဲ ပေးမှာ ထာဝရပေးမှာ မဟုတ်ဘူး။ မပေးတော့ရင် ဒီလူတွေ အစား၊ ရေ၊ နေမှုက အစ ဘယ်လိုလုပ်မလဲ။ ဘယ်လို အဆင်ပြေမလဲ။ နှစ်ဖက်တပ်ကလည်း လက်နက်ကိုင်တွေ ဆိုတော့ ပြည်သူတွေက ဘယ်လိုပြောရမလဲ။ ပြောလည်း နားထောင်ကြမှာ မဟုတ်ဘူး “ ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်း မိုးများ မကြာခဏ ရွာနေသဖြင့် ယာယီအဆောက်အဦးများဖြင့် နေထိုင် နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ မိုးဒဏ်လေဒဏ်ခံနိုင်သည့် အဆောက်အဦးများ လိုအပ် နေသည်ဟုလည်း ဦးဇနီဖြူက ဆိုသည်။
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဆန်နှင့် ရိက္ခာ ထောက်ပံ့ရန် သယ်ယူမှုများကို တပ်မတော်နှင့် အာဏာပိုင်းများက တင်းကြပ်ထားပြီး အချို့နေရာများတွင် ပိတ်ပင်ခံရမှုများ ရှိနေသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တို့တွင် တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်အတွင်း တိုက်ပွဲများ ဖြစ်ပွားထားသည်ဟု AA ၏ သတင်းနှင့်် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဇန်နဝါရီ ၄ ရက် ၊ ဘူးသီးတောင်မြို့ရှိ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AAဘက်မှ ဝင်ရောက်တိုက်ခိုက်ပြီး နောက်တွင် တပ်မတော်ဘက်မှ အင်အားများ တိုးလာပြီး AA ဘက်မှ ရထားသည့် သတင်းအရ တပ်မတော် အင်အား ၄၀၀၀ ဝန်းကျင် တိုးလာကြောင်း၊ ထို့ကြောင့် စစ်ရေးတင်းမာမှုများ ဆက်ရှိနေဆဲ ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဦးခိုင်သုခ က “အင်အားတွေ ပို့ပြီးတဲ့ နောက်မှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်ဖြစ်လာတယ်။ တိုက်ပွဲကလည်း ပိုပြီး အကြိမ်ရေ များပြီးတော့ ပြင်းထန်လာမယ့် သဘောရှိတယ်”ဟု ပြောသည်။
တပ်မတော်ဘက်မှ ရခိုင်ပြည်နယ်တွင်း နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲများ နှင့် ပတ်သတ်၍ အတိအကျ ထုတ်ပြန်ခြင်းများ မရှိပါ။
ဇန်နဝါရီလ ၇ ရက် သမ္မတရုံး သတင်းစာရှင်းလင်းပွဲကို AAကို ချေမှုန်းရန် တပ်မတော်ကို လိုအပ်သည့် အင်အား နှင့် လေကြောင်း စစ်ဆင်ရေးကို အသုံးပြုရန် နိုင်ငံတော် သမ္မတရုံးက သဘောထားပေးထားသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင်ပြည်နယ်တွင်း သောင်းကျန်းသူ နှိမ်နင်းရေး တိုက်ပွဲများတွင် လေကြောင်းစစ်ဆင်ရေးကို လိုအပ်သလို အသုံးပြုသွားမည်ဟု ပြောသည်။
တိုက်ပွဲများတွင် တပ်မတော်မှ အရာရှိများ အပါအဝင် တပ်ဖဲ့ွဝင်များ အကျအဆုံး ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း တပ်မတော်က အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။
အလားတူ AA ဘက်ကလည်း ၎င်းတို့ တပ်ဖွဲ့များ ကျဆုံးမှု စာရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများကို တပ်မတော်ဘက်မှ ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ ရှိနေပြီး မသင်္ကာသူ အချို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ဖြင့် တရားစွဲဆို ထားသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ယနေ့ထိ ဖြစ်ပွား နေသည့် ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အရပ်သားများကို ဖမ်းဆီးခြင်း၊ လူနေရွာများ အတွင်းသို့ လက်နက်ကြီး ကျည်များ ပစ်ခြင်း၊ ရဟတ်ယာဉ်ပေါ်မှ ဗုံးကျဲခြင်းကြောင့် လူနေအိမ်များ ထိခိုက်ခြင်း၊ တိုက်ပွဲအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သတ်၍ တပ်မတော်က ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု AA ဘက်က စွပ်စွဲနေသည်။
AA သည် ရဲကင်းစခန်း ၄ ခုအား ဝင်ရောက် တိုက်ခိုက်မှု၌ ခထီးလှ စခန်းကို ဝင်ရောက် တိုက်ခိုက်ရာတွင် စခန်း၏ အခြားနေရာများမှ တိုက်ခိုက်ခဲ့သည့် အပြင် စခန်းအောက်ရှိ ကျေးရွာအတွင်းမှနေ၍ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း ယင်းစခန်းသို့ သတင်းမီဒီယာများ သွားရောက်စဉ်တွင် တိုက်ခိုက်မှုဖြစ်စဉ်တွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် တဦးက သတင်းထောက်များကို ရှင်းပြသည်။
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တပ်မတော်နှင့် AA ကြား တိုက်ခိုက်မှုများ ဖြစ်ပွား ထားသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ငြိမ်းချမ်းရေးတံခါးကို AAအတွက် ဖွင့်ထားဆဲ ဖြစ်ပြီး ဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ရန်လည်း ပြင်ဆင်နေပြီဟု ပြောသည်။