ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် အသုံးပြုမည့်ကား ၅ စီး ဝယ်ယူမှုတွင် အလွဲသုံးစားပြုလုပ်သည်ဟု ဆိုကာ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ရာသက်ပန်ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
ကားများဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေးအလွဲသုံးစားလုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင်သည့် NLD ပါတီနှင့် နီးစပ်သူတဦးမှ တိုင်ကြားခဲ့သည့်အတွက် NLD ပါတီဗဟိုမှ အရံ ဗဟိုကော်မတီဝင် ဦးကျော်ဟိုး ဦးဆောင်သည့် အထူးစုံစမ်းရေးအဖွဲ့ဖြင့် ပါတီတွင်းစစ်ဆေးပြီးနောက် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က “လွှတ်တော်အတွက် ကားဝယ်တဲ့ကိစ္စမှာ သူ့မှာတာဝန်ရှိတယ်လို့ အထူးစုံစမ်းရေး အဖွဲ့က အစီရင်ခံတဲ့အတွက် အခုလို လုပ်ဆောင်တာဖြစ်ပါတယ်။ စုံစမ်းရေးကော်မတီအစီရင်ခံစာအရ လုပ်သင့် လုပ်ထိုက်တာကို ဆက်လုပ်သွားမှာပါ။ ကားဝယ်ရာမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကိုလည်း ပြင်းထန်စွာ သတိပေးမှုတွေ လုပ်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ပါတီမှ ထုတ်ပယ်ခံရသည့်ကိစ္စနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ထံ ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။ ကားဝယ်ယူသည့်ကိစ္စများအား မေးမြန်းရန်အတွက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည့်အတွက် ဆက်သွယ်၍ မရခဲ့ပါ။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် အသုံးပြုရန်လိုအပ်နေသည့် အသုံးပြုပြီးသား တပတ်ရစ်ကား ၅ စီး ဝယ်ယူရန် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော် ရံပုံငွေထဲမှ ကျပ်သိန်း ၁၅၈၀ ရရှိခဲ့ပြီး မီနီဘတ်စ် ၁ စီး၊ လိုက်ထရပ် – Light Truck ၁ စီး၊ အန်စာတုံး – Toyota Hiace ကား ၂ စီးနှင့် Toyota Double Cub ကား ၁ စီးဝယ်ယူရန် ဧရာဝတီတိုင်းလွှတ်တော်မှ ကော်မတီဖွဲ့စည်းကာ တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါတင်ဒါသို့ ကုမ္ပဏီ ၃ ခု လာရောက်လျှောက်ထားခဲ့ရာ ကုမ္ပဏီ ၁ ခုသာ အရည်အသွေးပြည့်မီခဲ့ပြီး ကားများ လာရောက်ပြသရန် ချိန်းဆိုသော်လည်း လာရောက်ခြင်းမရှိသည့်အတွက် တင်ဒါဖြင့်ဝယ်ယူသည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကာ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဖြင့် ဝယ်ယူခွင့်ပြုရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ထိုသို့တင်ပြရာတွင် မီနီဘတ်စ်အစား သွားလာရလွယ်ကူပြီး လူ ၁၅ ဦးလိုက်ပါနိုင်သည့် အန်စာတုံး HiAce ကား ပြောင်းလဲ ဝယ်ယူရန်နှင့် ငွေကြေးမလောက်ငှသည့်အတွက် Double Cub အစား အိတ်စတာကပ် Extra Cub ကား ပြောင်းလဲဝယ်ယူရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့အား တင်ပြခဲ့ရာ ခွင့်ပြုသည့်အတွက် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ အဖွဲ့ဝင် ၈ ဦးပါ ကားဝယ်ယူရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့တွင် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အရာရှိကြီးတဦးအား အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။
ထို့နောက် တပတ်ရစ် HiAce အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီးတို့ကို ကုမ္ပဏီတစ်ခုထံမှ လည်းကောင်း၊ တိုယိုတာ Extra Cub ကားသစ် တစီးတို့ကို ကုမ္ပဏီတခုထံမှ လည်းကောင်း အသီးသီး ဝယ်ယူခဲ့ကြောင်း၊ ကားဝယ်ယူရာတွင် တံဆိပ်ခေါင်းခွန်ကျပ် ၃ သိန်း၊ ပြည်ထောင်စုလွှတ်တော်၏ ညွှန်ကြားချက်အရ ပုသိမ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအနေဖြင့်ကျပ် ၃၁ သိန်းကျော် ပေးဆောင်ခဲ့ကြောင်း၊ ဝယ်ယူခဲ့ပြီး ကားများကို လွှတ်တော်တွင် အသင့်အသုံးပြုစီးနင်းနိုင်အောင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါကုန်ကျမှုကိုလည်း ဘောက်ချာများ၊ ပြေစာများ သိမ်းဆည်းထားကြောင်း တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ရန်ကုန်အခြေစိုက် သတင်းဌာနအချို့အား ဖြေကြားထားသည်ကိုတွေ့ရသည်။
သို့သော်လည်း စာချုပ် တံဆိပ်ခေါင်းဖိုးများပေးရသဖြင့် ကျပ် သိန်း ၃၀-၄၀ လောက် ကွာဟမှုအပေါ်တွင် မရှင်းလင်းသဖြင့် မေးမြန်း စုံစမ်းသည့်သဘောဟု ယူဆကြောင်း ဦးစံမင်းအောင်က ဆိုထားသည်။
လက်ရှိတွင် ကားဈေးကွက်၌ တပတ်ရစ် HiAce အံစာတုံးကား ၁ စီးလျှင် ကျပ်သိန်း ၃၅၀ ခန့် တန်ဖိုးရှိပြီး လိုက်ထရပ်ကား ၁ စီးလျှင် ကျပ်သိန်း ၁၅၀ ခန့်ဝန်းကျင်ပေါက်ဈေးရှိကာ တိုယိုတာ ရီဘို – Extra Cub ကားသစ်တစ်စီးလျှင် ကျပ်သိန်း ၂၅၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်မှာ အသက် ၃၈ နှစ်အရွယ်ရှိသည့် အထက်တန်းရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်ဘိုကလေးမဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတစ်ဦး ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပါတီစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကာလတွင် ဘိုကလေးမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်မြင့်ကို ပါတီဥက္ကဌတာဝန်မှ တနှစ်ယာယီဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ငွေဆောင်ကမ်းခြေဒေသ၊ ဆင်မကျေးရွာ၌ အရက်ဆီရောင်းချသည့်ကိစ္စတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အမည်ကို ထည့်သွင်းရေးသားကာ Facebook လူမှုကွန်ရက်တွင်ဖြန့်ချီသည့်အတွက် ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်ခံရသည့်ပြစ်ချက်ဖြင့် ပုသိမ်မြို့နယ် NLD ဒု ဥက္ကဋ္ဌ ဦးဆန်းရွှေ ကိုလည်း NLD ပါတီမှ ထုတ်ပယ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။