ကယား ပြည်နယ်တွင် သမ္မတ ဦးဝင်းမြင့်၏ တွေ့ဆုံပွဲသို့ အရပ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားခြင်း မရှိ ဟု သတင်း ရရှိသည်။
ဇန်နဝါရီ ၁၆ ရက်က လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ပြုလုပ်သော ကယားပြည်နယ်နေ့ အခမ်းအနား သို့ သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ခဲ့ ကြောင်း သိရသည်။
ထို အခမ်းအနားကို ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဖိတ်ကြားခြင်း ဖြစ်ကာ ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းများကို မဖိတ်ကြားဘဲ ချန်လှပ်ခံရကြောင်း ဒေသခံ အရပ်ဘက် အဖွဲ့ အစည်းများက ပြောဆိုကြသည်။
LAIN Technical Support Group မှ ဒါရိုက်တာ ဦးကျော်ထင်အောင် က“သမ္မတနဲ့ တွေ့ဆုံပွဲကို မဖိတ်ကြားပါဘူး။ အဖွဲ့ အစည်း တခုမှ ဖိတ်ကြားတာမျိုး မရှိဘူး။ လက်ရှိ ပြည်နယ်ရဲ့ အခြေအနေ မှန်တွေကို ပွင့်ပွင့်လင်းလင်း အမှန် ပြောရဲတဲ့ သူ တွေကို ပေးမဝင် မဖိတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ သူတို့စကား နားထောင်တဲ့ သူတွေလောက်ပဲ ဖိတ်တာကို တွေ့ရပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (လွိုင်ကော်) တာဝန်ခံ ခွန်မြင့်နိုင်ကလည်း ၎င်း အနေဖြင့် သမ္မတနှင့် တွေ့ဆုံပွဲ ရှိ သည့် သတင်းကို မကြားမိသကဲ့သို့ ဖိတ်ကြားမှုလည်း မရှိဟု ပြောဆိုသည်။
ခွန်မြင့်နိုင်က“သမ္မတနဲ့ တွေ့မယ် ဆိုရင် ကျနော်တို့ကတော့ အဓိကက ပြည်နယ် အတွင်းမှာ အစိုးရနဲ့ CSO တွေ ကြားမှာ သင့်သင့်မြတ်မြတ် ရှိဖို့ အစိုးရကလည်း ကျနော်တို့ CSO တွေ အပေါ်မှာ နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပြီး တော့ အတူတကွ ပူးပေါင်း လုပ်ဆောင်ဖို့ အတွက်တော့ တင်ပြချင်တယ်။ အခုကတော့ အစိုးရကလည်း CSO နည်း နည်း ဖယ်ကျဉ်တာမျိုး ပြဿနာတွေ ရှိတာတော့ စိတ်မကောင်းဘူး”ဟု ပြောသည်။
ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်မှ ခူးလိရယ်အန်းဂျလို ကလည်း ၎င်းထံသို့ ဖိတ်စာ မရောက်ကြောင်း ပြောဆိုသည်။
သမ္မတနှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံခွင့်ရပါက မြေယာ၊ ပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး ၊ ခရီးသွား ၊ စီမံ ကိန်းများ စသည်ဖြင့် ပြည်နယ် အစိုးရ၏ စီမံနေမှု အလွဲများ အပြင် အရပ်ဘက် အဖွဲ့အစည်းများအား ကန့်သတ် ဖိနှိပ် ထားသော တည်ဆဲ ဥပဒေထက် ကျော်လွန်သော အမိန့်များ အပါအဝင် ကဏ္ဍ အစုံ တင်ပြရန် ရှိနေကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုကြသည်။
သမ္မတ နှင့် တွေ့ဆုံသည့် အစီအစဉ်တွင် မဏ္ဍိုင်ကြီး သုံးရပ်နှင့် တွေ့ဆုံခြင်း ဖြစ်၍ အရပ်ဘက် အဖွဲ့အစည်းများကို ဖိတ်ကြားမှု မပြုခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပြည်နယ် ဒုတိယ ညွှန်ကြားရေးမှူး၊ ဖိတ်ကြားရေး တာဝန်ခံ ဦးဆန်းနွယ်က ပြောပြသည်။
“ကျနော်တို့ သမ္မတနဲ့ တွေ့တာက မဏ္ဍိုင်ကြီး သုံးရပ်နဲ့ တွေ့တာ။ ကျန်တာ ဘယ်သူမှ မပါဘူး။ မဏ္ဍိုင်ကြီး သုံးရပ် ဆိုတာက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးရယ်၊ တရားစီရင်ရေး ဘက်က လူတွေနဲ့ တွေ့တာပါ။ ဖိတ်ကြားရေး ကတော့ မှန်ပါတယ်။ သူတို့ ဘာသာ တွေ့ချင်ရင် တွေ့ခွင့် တောင်းပေါ့။ အဲဒါက ကျနော်တို့နဲ့ မဆိုင်ဘူး”ဟု ၎င်းက ဧရာဝတီကို ပြော သည်။
သမ္မတနှင့် ပြည်သူများ တိုက်ရိုက် ထိတွေ့ခွင့် မရခြင်းကြောင့် စာရွက်စာတမ်းများ အပေါ် တွင် လိမ်ညာနေသည့် အချက် အလက်များ၊ ပြည်နယ် အစိုးရနှင့် ဌာနဆိုင်ရာများ၏ လုပ်ကိုင် ဆောင်ရွက်နေသည့် အလွဲများကို မတင်ပြနိုင် ပါက သမ္မတ ကြီး အနေဖြင့် ပြည်နယ် အခက်အခဲများကို သေချာ မသိရှိသည့် အတွက် ပြည်နယ်ဖွံ့ဖြိုးရေးကို ထိခိုက် စေ နိုင်ကြောင်း အရပ်ဘက် အဖွဲ့အစည်းတချို့က ထောက်ပြ ပြောဆိုကြသည်။
ဦးကျော်ထင်အောင်က“ပြည်နယ် ပကတိ အခြေအနေ အမှန်များ တင်ပြခွင့်ရမှာ မဟုတ်သလို တက်ရောက်တဲ့ သူတွေ ထဲမှာလည်း ပြောရဲသူတွေ မပါတော့ တွေ့ဆုံမှုက အနှစ်သာရ ရှိဖို့ မလွယ်ဘူး”ဟု ပြောသည်။
သမ္မတနှင့် တွေ့ဆုံပွဲသို့ ဖိတ်စာဖြင့် အတူ ဝင်ခွင့်ကတ် ထည့်၍ ဖိတ်ကြားထားပြီး ဝင်ခွင့်ကတ်နှင့် ဝင်ရမည် ဆိုသည့် ကန့် သတ်ချက် ထားရှိသည်ဟု ဆိုသည်။
ကယားပြည်နယ်တွင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၇၀ ကျော် ရှိပြီး အမှန်တကယ် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး ကို အခြေခံပြီး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းပေါင်း ၃၀ ကျော် ရှိကြောင်း သိရသည်။