ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် အတွင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြားတွင် အရပ်သား သေဆုံးမှု တချို့ ရှိနေပြီး ၂ ဖက်စလုံးကမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်။
ဘူးသီးတောင်မြို့အတွင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တပ်မတော်က နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် သရက်ပြင် ကျေးရွာ အနီး၌ AA အဖွဲ့မှ အင်အား ၅၀ ခန့်နှင့် တိုက်ပွဲ ဖြစ်ပွားရာ AA အဖွဲ့ ဆုတ်ခွာမှုအပြီးတွင် အရပ်သားတချို့ သေဆုံးခဲ့ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သရက်ပြင်မှာ တိုက်ပွဲဖြစ်ပြီးတော့ AA က တောင်ဘက်ကို ဆုတ်သွားတယ်။ ဆုတ်သွားတော့ ဖုန်ညိုလိပ်ဆိုတဲ့ ရွာနား ရောက်တဲ့အခါ ပဲခင်းလုပ်နေတဲ့ ဘင်္ဂလီတွေ ရှိတယ်။ အဲဒီ ဘင်္ဂလီတွေကိုလည်း မေးပြီးသွားပြီ။ အဲဒီ ဘင်္ဂလီတွေကို AA က ဆုတ်ရင်းနဲ့ ပစ်သွားတော့ တယောက်သေတယ်။ တယောက် ဒဏ်ရာရတယ်” ဟု ပြောသည်။
ယင်းဖြစ်စဉ်ကို တပ်မတော်မှ တရားဝင် သတင်း မထုတ်ပြန်ရသေးသော်လည်း မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားခြင်း ဖြစ်ပြီး AA က ပစ်ခတ်ခဲ့ကြောင်း သက်သေ အခိုင်အမာ တပ်မတော်တွင် ရှိသည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဒဏ်ရာရတဲ့ တယောက်က ဘူးသီးတောင်ဆေးရုံကို ရောက်နေပြီ။ တပ်ကလည်း သူ့ကို လိုအပ်တဲ့ အ ကူအညီ ပေးမှုလေးတွေ လုပ်ထားတယ်။ AA ပစ်သွားတာ။ ဖုန်ညိုလိပ်က ပဲခင်းထဲမှာ လုပ်နေတဲ့သူက ၁၀ ယောက်၊ ၁၅ ယောက် လောက် ရှိတယ်။ သူတို့ကို မေးကြည့်တော့ AA ပစ်သွားတာလို့ ပြောတယ်။ AA ပစ်သွားတယ်ဆိုတာ အခိုင်အမာ ရတယ်” ဟု ဆက်လက် ပြောသည်။
ယင်းနေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ယာယီ အခြေပြုထားသည့် စခန်းကို ဝင်ရောက် သိမ်းပိုက်စဉ် တပ်မတော်မှ အရာရှိ ၊ စစ်သည် တချို့ ကျဆုံး၊ ဒဏ်ရာ ရမှုများ ရှိခဲ့ပြီး AA ဘက်မှ ယူနီဖောင်းဝတ် အလောင်း ၅ လောင်း ရရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ရက္ခိုင့် တပ်မတော် (AA) ကမူ ၎င်းတို့ လက်ချက်ဖြင့် အရပ်သား သေဆုံးမှု မရှိဘဲ ယင်းနေ့ ဖြစ်စဉ်တွင် အရပ်သားများ သေဆုံးရ ခြင်းမှာ တပ်မတော်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဖြစ်ကြောင်း ယင်းအဖွဲ့ ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
“တပ်မတော်က ရမ်းသန်းပစ်တော့ ဖုန်ညိုလိပ်ရွာကို လက်နက်ကြီး ထိတယ်။ အဲဒါက ဘင်္ဂါလီရွာ။ လက်နက်ကြီးထိလို့ ရွာက အမျိုး သမီးတယောက် သေသွားတယ်။ ဖုန်ညိုလိပ်ရွာက ဘင်္ဂါလီ ယောက်ကျာၤး ၄ ယောက်လည်း သေသွားတယ်။ နွား ၅ ကောင်သေ တယ်” ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ သုံးသပ်တာက သူတို့ အလောင်း ၅ လောင်းပြတယ်ဆိုတာ သူတို့ လက်နက်ကြီး ကျည်ဆန်ထိလို့ သေ သွားတဲ့ ဘင်္ဂလီ ရွာသားတွေကို AA ယူနီဖောင်းတွေ ဝတ်ပြီးတော့မှ ပြတာ ဖြစ်နိုင်တယ်။ ကျနော်တို့ အဲဒီလိုပဲ ကောက်ချက်ချ တယ်”ဟု ပြောသည်။
ဘင်္ဂလီခေါ် ရိုဟင်ဂျာ သတင်းများကို ပုံမှန်ဖော်ပြလေ့ရှိသည့် www.rohingyatoday.com အင်တာနက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ ကဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA တိုက်ပွဲတွင်း ရိုဟင်ဂျာ လူငယ် ၂ ဦး ကျည်ဆန် ထိမှန်ခဲ့ပြီး တဦးမှာ သွေးထွက်လွန် သေဆုံးခဲ့ပြီး ကျန်တဦးကိုတော့ တပ်မတော်က ဘူးသီးတောင် ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း သတင်းဖော်ပြထားသည်။
ထိုလူငယ် ၂ ဦးမှာ ဖုန်ညိုလိပ်ရွာသားများဖြစ်ကြပြီး ဇန်နဝါရီ ၁၃ ရက်နေ့က တောထဲမှ ပြန်အလာလမ်းတွင် တပ်မတော် စစ်သားများက လှမ်းခေါ်ရာ ကြောက်လန့်ပြီး ထွက်ပြေးရန် ကြိုးစားရာမှ ၂ ဦးစလုံး အောက်ပိုင်းကို ပစ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အပစ်မရှိသူများမှန်း သိ၍ တပ်မတော်က ဆေးကုသမှုများပြုလုပ်ပေးခဲ့သော်လည်း အသက် ၁၅ နှစ်အရွယ် ဆယိဒ်အာလောမ် မှာ သွေးထွက်လွန်သေဆုံးခဲ့ပြီး ၂၈ နှစ်အရွယ် မိုဟမ္မဒ်အာယာစ် ကိုတော့ တပ်မတော်က ဘူးသီးတောင် ဆေးရုံးကို ပို့ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် AA အဖွဲ့က နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဝင်တိုက်ခိုက်ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်သို့ တပ်မတော်က အင်အား ၄၀၀၀ ကျော်အထိ ထပ်တိုးခဲ့ရာ ယင်းနောက်ပိုင်း AA ကို အပြီးသတ် ချေမှုန်းမည်ဆိုသည့် ခေါင်းစဉ်ကြောင့် ၂ ဖက် တိုက်ပွဲများ ပိုပြင်းထန်လာပြီး အရပ်ဘက် ရပ်ရွာများကို ထိခိုက်မှု ရှိလာကြောင်း AA ၏ ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။
ထို့ပြင် တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့် အပါအဝင် ကျဆုံးသူ များသော်လည်း AA ဘက်ကမူ အလယ်အလတ် ဒဏ်ရာ ရသူတချို့ သာ ရှိကြောင်း AA ပြောခွင့်ရသူက ဆိုသေးသည်။
မနေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ် ခြံစည်းရိုးအနီးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များနှင့် AA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး တပ်မတော် ကပါ ပူးပေါင်းတိုက်ခိုက်စဉ် AA အဖွဲ့သည် ၂ နိုင်ငံ နယ်ခြားအပြင်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွား ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ် အတွင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခုနောက်ပိုင်းတွင် ဘူးသီးတောင် နှင့် ရသေ့တောင်ဘက်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။
လတ်တလောတွင် ရက္ခိုင့်တပ်မတော် (AA) အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာလ ၂၁ ရက်မှစကာ ၂၀၁၉ ခုနှစ် ဧပြီလအထိ စစ်တိုင်းငါးတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း တပ်မတော်ဘက်က ကြေညာထားသည်။