မြန်မာနိုင်ငံ တိုင်းဒေသကြီး ပြည်နယ် အနှံ့ရှိ စိုက်ခင်းများတွင် ကျရောက်နေသည့် ငမြှောင်တောင် ဖျက်ပိုး မျိုးစိတ် အသစ် (Fall Army Worm -FAW) ကို တောင်သူများ ကြိုတင် ကာကွယ်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနက အသိပေးမှုများ ပြုလုပ်လျက် ရှိသည်။
ယခု ကျရောက်သည့် ပိုးမှာ ယခင်က မြန်မာနိုင်ငံ၌ ကျရောက်ဖူးခြင်း မရှိဘဲ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် စတင် တွေ့ရှိခဲ့သည့် FAW မျိုးစိတ် ဖြစ်ကာ လက်ရှိ မြန်မာနိုင်ငံတွင် ရှိပြီးသား ငမြှောင်တောင် ပိုးမျိုးစိတ်နှင့် အနည်းငယ် ကွဲလွဲမှု ရှိသည်ဟု စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
သီးနှံ ကာကွယ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက “FAW ကျကျခြင်းမှာ တောင်သူ တွေက သတိမထားဘူး ဖြစ်နေတာ။ ပြောင်းကို တောင်သူ အများစုက ဆေးဖျန်းလေ့ မရှိဘူး။ ကျနော်တို့ ဝန်ထမ်းတွေက ကွင်းဆင်းတော့ ဒီပိုးကို တွေ့တယ်။ ဆေးဖျန်းဖို့ ပြောတယ်။ တောင်သူ အများစုက ဒီလိုမျိုး တကောင် ၂ ကောင်ကတော့ နှစ်တိုင်း ကျတာပဲ သူ့ဟာသူ ရေမြုပ်လိုက်၊ မြေသြဇာ ကျွေးလိုက်နဲ့ ပျောက်သွား လိမ့်မယ် ဆိုပြီး ထားကြတာ” ဟု ဧရာ ဝတီသို့ ပြောသည်။
ငမြှောင်တောင် ဖျက်ပိုးမျိုးစိတ် အသစ်သည် ပျံ့နှံ့နှုန်းနှင့် ပေါက်ပွားနှုန်း အလွန် လျင်မြန်သောကြောင့် ထိရောက်စွာ ကာ ကွယ် နှိမ်နင်းခြင်း မရှိပါက သီးနှံ အထွက်နှုန်း လျော့ကျစေပြီး အကျိုးစီးပွား ထိခိုက်နိုင်သဖြင့် အလေးထား ကာကွယ် သင့် သည့် ဖျက်ပိုး ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ပိုး ကာကွယ် နှိမ်နင်း နိုင်မည့် နည်းလမ်းများကိုလည်း စိုက်ပျိုးရေး ဦးစီးဌာနက နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အတွင်းမှ တောင်သူ ဦကြည်ဝင်းကလည်း “အဖူးစားတဲ့ ပြောင်းစိုက် တာ။ သူက ပိုးကျတဲ့ ထုံးစံ မရှိတော့ ဆေးဖျန်းတာ အလေ့အထ မရှိကြဘူး။ အခုလို ဖျက်ပိုး ဝင်နေ တယ်ဆိုတာ သတိပေးတော့ ကိုယ့်အခင်း လည်း ကြိုဖျန်းထားပြီး ဘေးပတ်ပတ်လည်က အခင်းတွေ လည်း ဆေးဖျန်းဖို့ ပြောထားတယ်” ဟု ဆိုသည်။
ပြောင်းအများဆုံး စိုက်ပျိုးသည့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ငမြှောင်တောင် ဖျက်ပိုး ဝင်ရောက်လျက် ရှိနေပြီး တနိုင်ငံလုံးရှိ ပြောင်းစိုက်ခင်းများ အထိ ပျံ့နှံ့ နိုင်ကြောင်း သီးနှံ ကာကွယ်ရေး ဦးစီးဌာနက သိရ သည်။
ဦးအောင်ကျော်ဦးက “ကျနော်တို့ အစောဆုံး သိတာ ဒီဇင်ဘာ ၁၅ ရက်လောက်က သိတာ။ ၁၇ ရက် လောက်မှာ ဝန်ထမ်းတွေ ကွင်းဆင်း ကြည့်တယ်။ ပညာပေးတယ်။ ပြင်ပ ပညာရှင်တွေနဲ့ ဆက်သွယ် ပြီးတော့လည်း စမ်းသပ်မှုတွေ ပြုလုပ်တယ်။ ဒီပိုးဟာ တခြား အပင်ထက်စာရင် ပြောင်းရှိတဲ့ အပင် ကို ပိုကြိုက်တယ်” ဟု ပြောသည်။
FAW မှာ ပြောင်းဖူး မျိုးစေ့ကို အဓိက ကြိုက်နှစ်သက်ပြီး အခြား မျိုးစေ့ အပင်အမျိုးပေါင်း ၈၀ ကျော် အထိ ဖျက်ဆီးစား သုံးနိုင်သည့် ပိုးဖြစ်သဖြင့် တောင်သူများ အနေဖြင့် နှိမ်နှင်းရာတွင် နေ့စဉ် စစ်ဆေး ၍ ဥမြုံများ၊ လောက်ကောင်ငယ်များ အရွယ်တွင် ဆေးဖျန်းသင့်ကြောင်း၊ ဥမှ ပေါက်ခါစ အကောင် ငယ်များ မပျံ့နှံ့မီ လက်ဦးမှု ယူ၍ ကာကွယ် နှိမ်နင်းရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ပြောင်းစိုက်ရာတွင် အစိုဓာတ် ရှိသည့် နေရာများတွင် စိုက်ပျိုးကြကာ ဖူးစာပြောင်းနှင့် အစေ့လွတ် ပြောင်း ဟူ၍ နှစ်မျိုး စိုက်ပျိုးကြကြောင်း သိရသည်။
ပြောင်းပင် သက်တမ်းသည် ဖူးစား ပြောင်းဆိုပါက ရက်ပေါင်း ၆၀ နှင့် ၉၀ ကြား၊ အစေ့ထုတ်ပြောင်း ဆိုပါက မျိုးစေ့ အလိုက် ရက်ပေါင်း ၉၀ မှ ၁၀၀ အထိ သက်တမ်းရှိသည်ဟု သိရသည်။
ဦအောင်ကျော်ဦးက “ အပင်ရဲ့ သက်တမ်းက ဆိုက်အစုံ ဖြစ်နေတယ်။ အဲဒါက နှိမ်နှင်းရတာ ခက် နေပါတယ်။ တပြေးညီ ဆိုရင်တော့ ထိန်းချုပ်ရတာ လွယ်တာပေ့ါ။ အခုကျတော့ အဲ့ဒီလို မဟုတ်ဘဲ သေးတဲ့ အပင်ရော၊ ကြီးတဲ့ အပင်ရော၊ အခုမှ အစ စိုက်တဲ့ အပင်ရော၊ ဖူးနေတာ၊ ချိုးခါနီး အပင်ရော ဆိုတော့ မျိုးစုံ ဖြစ်နေတော့ နှိမ်နှင်းဖို့ အတွက် ခက်ခဲတဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတယ်” ဟုပြောသည်။
ယခုနှစ် အဆိုပါ ပိုးအန္တရာယ်ကြောင့် ပြောင်း အထွက်နှုန်းမှာ ၅၀ ရာခိုင်နှုန်း အထိ ကျဆင်းနိုင် ကြောင်းလည်း ၎င်းက ဆို သည်။
ထို့ကြောင့် ယင်းပိုးကို နှိမ်နင်းရန် တမာ၊ ဆေးရွက်ကြီး တို့ဖြင့် ပြုလုပ်ထားသည့် သဘာဝ ပိုးသတ် ဆေးကို လောက်ကောင် ငယ် အဆင့်တွင် ညနေခင်း အချိန်၌ ပက်ဖျန်းရန်နှင့် ပင်စည် ပတ်လည်ဝိုင်း၍ ထွက်နေသည့် အရွက်များအတွင်း လောက်ကောင်ငယ်များ ခြောက်၍ သေစေရန် အတွက် ပြာမှုန့်၊ သဲမှုန့်၊ မီးသွေးမှုန့်နှင့် လွှစာမှုန့်များ၊ ထုံး၊ ဆား၊ ရွှံ့ရည်နှင့် အဝတ် လျှော် ဆပ်ပြာများလည်း ထည့်ပေး နိုင်သည်ဟု စိုက်ပျိုးရေး ဦးစီးဌာန၏ ညွှန်ကြားထားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင် က ငမြှောင်တောင် ပိုး ကိစ္စကို ဖြေရှင်းပေးနိုင်ရန် ဝန်ကြီးဌာန ဘက်မှ ဘတ်ဂျက် အကန့်အသတ် ရှိသည့် အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ရန်နှင့် နိုင်ငံတော်ဘက်မှ လိုအပ်သည့် ဘတ်ဂျက်နှင့် သမ္မတ၏ အရေးပေါ် ရန်ပုံငွေ၊ သဘာဝ ပတ်ဝန်းကျင် ရံပုံငွေ များကို အသုံးပြု၍ ဖြေရှင်းရန် အတွက် ယခု ရက်ပိုင်း အတွင်းက ဒု သမ္မတထံ တင်ပြ တောင်းခံမှု ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ပြောင်းဈေးနှုန်း အနေဖြင့် ပြောင်းပေါ်ချိန်၌ ဈေးနှုန်းမှာ တပိဿာလျှင် ငွေကျပ် ၄၀၀ ကျော် ရှိပြီး အမြင့်ဆုံးဈေး ၅၈၀ အထိ ပေါက်ဈေးရှိကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့မှ တရုတ်နိုင်ငံသို့ ပြောင်းဖူးစေ့ တိုက်ရိုက် တင် ရောင်းချနေသူ ကုန်သည် ဦးအောင်နိုင်ဦးက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ပြောင်းဖူးစေ့များ တင်ပို့လျက် ရှိပြီး ၁ တန်လျှင် အနိမ့်ဆုံးဈေး မြန်မာငွေ ၃၆၃၂၂၄ ကျပ် မှ အမြင့်ဆုံးဈေး ၃၉၉၅၄၅ ကျပ် ပေါက် ဈေးဖြင့် တင်ပို့နိုင်ခဲ့ကြောင်း မော်ရွှေလီ ကုန်သွယ်မှု ဗဟိုဌာ၏ ထုတ်ပြန်ချက် အရ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း၌ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၅,၀၀၀ နှင့် ပြောင်းဖူးစေ့ တန်ချိန် ၁၀, ၀၀၀ နယ်စပ်မှ တရားဝင် ရောင်းချပေးရန် မြန်မာ- တရုတ် စီးပွားရေး လုပ်ငန်းရှင်များမှ နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့သည်။