ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာ၌ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ပိုင်းက လက်နက်ကြီးကျ၍ နေအိမ်တလုံးမီးလောင်ကာ ဒိုင်းနက်လူငယ် ၂ ဦးထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။
လက်နက်ကြီးကျ၍ ထိခိုက်ဒဏ်ရာရရှိသွားသည့် ဒိုက်နက်လူငယ် ညီအစ်ကို ၂ ဦးမှာ မောင်ကျော်နိုင် ၁၂ နှစ်နှင့် မောင်ကျော်လှ ၁၈ နှစ်တို့ ဖြစ်ကြောင်း မောင်တောမြို့ ဂရုဏာကွန်ရက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ဥက္ကဋ္ဌ ကိုချစ်ထူးခိုင် က ပြောသည်။
ကိုချစ်ထူးခိုင် က “ဒဏ်ရာ ရတာက ဒိုင်းနက်တိုင်းရင်းသား လူငယ် ၂ ယောက်ပါ။ ဘယ်က ပစ်မှန်းမသိတဲ့ လက်နက်ကြီး လာကျတာလို့ ပြောပါတယ်။ တယောက်ကတော့ ညာဘက် ဦးခေါင်းမှာ ထိတယ်။ နောက်တဦးက ဘယ်ဘက် ပက်ခုံးမှာ ထိပါတယ်။ အခုကျနော်တို့ မောင်တောဆေးရုံးကို ယူဆောင်လာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်နက်ကြီးကျရောက် ပေါက်ကွဲသည့်အတွက် နေအိမ်မီးလောင်သွားသည့် ဒိုင်းနက်တိုင်းရင်းသား ဦးထွီးမောင် ကတော့ အိမ်ခေါင်းမိုးပေါ်သို့ တစုံတခု ကျရောက်လာသည်ကိုသာ ကြားမိပြီး မည်သည့်နေရာက ပစ်ခတ်သည်ကို မသိလိုက်ဟု ဆိုသည်။
ဦးထွီးမောင်သည် ဒဏ်ရာရရှိသူ မောင်ကျော်နိုင်နှင့် မောင်ကျော်လှတို့၏ ဖခင်ဖြစ်ပြီး လက်နက်ကြီး အိမ်ပေါ်သို့ ကျမှန် ပေါက်ကွဲချိန်တွင် အတူရှိနေခဲ့ကြောင်း သိရသည်။
ဦးထွီးမောင် က “ဒီနေ့ ၁ နာရီလောက်က ဖြစ်တာပါ။ ကျနော့်သားတယောက်က အိမ်ထဲမှာ ကစားနေတာ။ နောက်တယောက်က အိမ်ရှေ့မှာ စကားနေပါတယ်။ ဘယ်က ပစ်မှန်းတော့ မသိဘူး ။ အိမ်ခေါင်မိုးပေါ်သို့ ခဲနဲ့ ပစ်သလိုအသံပဲ ကြားလိုက်ရတယ်။ ပြီးရင် ပေါက်ကွဲပြီး အိမ်မီးလောင်သွားတာပဲ ” ဟု ဧရာဝတီသို့ ပြောပြသည်။
အဆိုပါ ရန်အောင်မြင် ကျေးရွာတွင် ရခိုင်မျိုးနွယ်စုဝင် ဒိုက်နက်တိုင်းရင်း သား နေထိုင်ကြပြီး အိမ်ခြေ ၁၀၀ ကျော် ရှိသည်။ ယနေ့ မွန်းလွဲပိုင်းတွင် ၎င်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားမှု တခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က “အဲဒီအနားမှာ နယ်ခြားစောင့် ရဲကားကို AA က ဖြတ်တိုက်တယ်လို့ ကြားတယ်။ ကျနော်လည်း တိတိကျကျ တော့မသိရသေးဘူး” ဟု ဧရာဝ တီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ် ၊ မောင်တောမြို့နယ်တို့တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိပြီး လက်ရှိအချိန်တွင် စစ်ရှောင် ၅၀၀၀ ကျော် ထိ မြင့် တက်နေလျှက်ရှိသည်။