အဝေးသင် ပညာရေးနှင့် သက်ဆိုင်သော ကျောင်းအပ်နှံခြင်းမှ စာမေးပွဲ စစ်ဆေးခြင်း အထိ စီမံ ခန့်ခွဲမှုများကို နိုင်ငံ တဝန်း ရှိ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များကို လွှဲပြောင်း လုပ်ဆောင် ခွင့်ပြုရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာနက သိရသည်။
လက်ရှိတွင် အဝေးသင် ပညာရေးနှင့် ပတ်သက်သော ကိစ္စရပ် အားလုံးကို မန္တလေး အဝေးသင် တက္ကသိုလ် (အထက် မြန်မာ ပြည်) နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် (အောက်မြန်မာပြည်)တို့၏ စီမံခန့်ခွဲမှုမှ တဆင့် နိုင်ငံတဝန်း ဖွင့်လှစ်ထားသော ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ၄၀ ကျော်တို့တွင် ဌာနခွဲများ ဖွင့်လှစ်ကာ သင်ကြားပေးနေခြင်း ဖြစ်သည်။
ထို့အတွက် သင်ရိုးညွှန်းတမ်း မပြောင်းလဲသော်လည်း သက်ဆိုင်ရာ တက္ကသိုလ် အလိုက် စာစဉ်များ၊ စာမေးပွဲ မေးခွန်းများ ပြောင်းလဲသွားမည် ဖြစ်ကြောင်း အဆင့်မြင့် ပညာ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။
ဒေါက်တာ သိန်းဝင်းက“ခါတိုင်းက Assignment (စာစဉ်)ကိုလည်း ရန်ကုန် အဝေးသင် တက္ကသိုလ်နဲ့ မန္တလေး အဝေးသင် တက္ကသိုလ်ကပဲ လုပ်တယ်။ အခု သက်ဆိုင်ရာ သူ့ကျောင်းက သူ့ဘာသာသူ Assignment ပေးမယ်။ သူ့ဘာသာသူ မေး ခွန်း ထုတ်မယ်။ အရင်တုန်းက အထက်ဘက်က မေးခွန်းတစုံ၊ အောက်ဘက်က မေးခွန်း တစုံ။ အခုက သူ့ကျောင်းနဲ့ သူ့ မေးခွန်းနဲ့ သူ့ဘာသာရပ် ဆရာ၊ ဆရာမကပဲ လုပ်သွားတော့မယ်။ သင်ရိုးက မပြောင်းဘူး။ မေးခွန်းနဲ့ စာစဉ်တွေ ပြောင်း သွားမယ်”ဟု ပြောသည်။
ထို့ပြင် အဝေးသင် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြားနေသော ကျောင်းသား ကျောင်းသူများ သင်ခန်းစာများ လေ့လာ သင်ယူရာတွင် ပိုမို အဆင်ပြေစေရန်နှင့် သင်ယူမှု စနစ် ပိုမို တိုးတက်မှု ရှိစေရန် ရည်ရွယ်ကာ အနီးကပ် သင်တန်းကို စာသင်နှစ် တနှစ်လျှင် ငါးရက်စီ နှစ်ကြိမ်ခွဲ ပို့ချပေးရန် စီစဉ်နေကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသ ည်။
ယခင်က အဝေးသင် ကျောင်းသားများကို စာမေးပွဲ မကျင်းပမီတွင် အနီးကပ် သင်တန်းအဖြစ် ၁၀ ရက် တကြိမ် သင်ကြား ပေးသည့် စနစ်မှ လာမည့် မေလ၌ ဘာသာရပ်များကို မိတ်ဆက် ရှင်းလင်းမည့် ငါးရက် သင်တန်း တကြိမ်နှင့် စာမေးပွဲ ဖြေဆိုသည့် ကာလ ဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် ငါးရက် အနီးကပ် သင်တန်း တကြိမ်၊ နှစ်ကြိမ်ခွဲ၍ ပို့ချ ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
အဆိုပါ အစီအစဉ်တွင် သိပ္ပံ ဘာသာတွဲ သင်ယူနေသည့် ကျောင်းသားများ မပါဝင်ဘဲ ၎င်းတို့မှာ ယခင် စနစ် အတိုင်းသာ သင်ကြားရမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ သိန်းဝင်းက “ကျနော်တို့ အဝေးသင် ပညာရေးကို အရည်အသွေး မြှင့်ချင်တယ်။ မြှင့်ချင်တဲ့ အတွက် အဲ့ဒီ ၁၀ ရက်ကို ၂ ကြိမ်ခွဲ လိုက်တယ်။ ဘာသာရပ် မိတ်ဆက်ရှင်းလင်းခြင်းက ၅ ရက်၊ ဒီ အနီးကပ်သင်တာ ၅ ရက်ဆိုပြီးတော့ ခွဲတာက ဒီနှစ် ၂၀၁၉ အဝေးသင်ပေါ့လေ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ၁၀ တန်းအောင်ပြီး အဝေးသင် တက်မယ့် လူတွေက စတယ်” ဟု ပြောသည်။
ထိုသို့ ဘာသာရပ် မိတ်ဆက် ရှင်းလင်းခြင်းနှင့် အနီးကပ် သင်ကြားပေးခြင်း အတွက် သက်ဆိုင်ရာ တက္ကသိုလ်သို့ နှစ်ကြိမ် ခေါ်ယူခြင်းကြောင့် ကျောင်းသားများ အနေဖြင့်မူ လုပ်ငန်းခွင်များမှ ခွင့်ရယူရန် အခက်အခဲ ဖြစ်စေနိုင်ပြီး ယင်းသို့ ပြောင်း လဲခြင်းဖြင့် မည်သို့ အကျိုးကျေးဇူး ရှိမည် မရှိမည် ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အဝေးသင် တက္ကသိုလ် တက်ရောက် နေသူ ကျောင်းသူ ကျောင်းသားတချို့က ပြောဆိုသည်။
စတိုးဆိုင် တခုတွင် ဝန်ထမ်း အဖြစ် လုပ်ကိုင်နေပြီး မန္တလေး အဝေးသင် တက္ကသိုလ်၊ ကျောက်ဆည် ဌာနခွဲတွင် စတုတ္ထနှစ် သင်ကြားရမည့် ကျောင်းသူ မနှင်းနှင်းက“အခုလို စနစ်ပြောင်းရင် ကျောင်းသားတွေ အတွက် ခွင့်ယူဖို့က ပိုအခက်အခဲ ရှိ နိုင်တယ်။ လက်ရှိမှာဆိုလည်း ကျမတို့ အလုပ်ကဆို လုံးဝ ခွင့်မပေးဘူး။ တခါတည်းသာ ထွက်သွား၊ စာမေးပွဲပြီးလို့ ပြန် လာ လျှောက်ရင် လူလိုတဲ့ အခါ ခန့်ပေးမယ်။ မလိုရင် မခန့်ဘူး။ တခြား အလုပ်ရှာရမယ့် သဘောမျိုး၊ ပိုက်ဆံလည်း ပိုကုန်မှာ ပေါ့နော်”ဟု ပြောသည်။
လက်ရှိ စနစ် အရ အဝေးသင် ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်မှ သင်ကြားသော အနီးကပ် သင်တန်း ၁၀ ရက်ဖြင့် နားလည်ရန် ခက်ခဲသည်ဟု ဆိုကာ တက်ရောက်လိုခြင်း မရှိဘဲ ပြင်ပ စာသင်ဝိုင်းများကိုသာ အားကိုးအားထား ပြုနေကြသည့် အတွက် နှစ်ကြိမ် တက်ရောက်စေခြင်းသည် ထိရောက်မည့် လုပ်ဆောင်ချက် မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
တတိယနှစ် အင်္ဂလိပ်စာ ဘာသာရပ်ကို အဝေးသင် တက်ရောက်နေသော ကိုအောင်မြတ်က“ကျနော်တို့ကတော့ အခုလို ပြောင်းလည်း သိပ်ထူးမယ် မထင်ဘူး။ အခုတောင် ကျောင်းသား အများစုက အနီးကပ်ကို သိပ်ပြီး တက်ကြတာ မဟုတ် ဘူး။ လက်မှတ်ထိုးရုံလောက် တက်ကြတာ။ ကျနော်တို့ကတော့ ပုံမှန်အတိုင်းပဲ ကြိုက်တယ်၊ အဝေးသင်ကို ကျူရှင်ကိုပဲ အားကိုးရ တာ၊ စာတွေက ၁၀ ရက်နဲ့ နားမှ မလည်တာ”ဟု ပြောသည်။
ယခုကဲ့သို့ အဝေးသင် တက္ကသိုလ် ကျောင်းသားများကို သင်တန်း နှစ်ကြိမ် တက်ရောက်စေခြင်းကြောင့် ကျောင်းသားများ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းခွင်မှ ခွင့်ယူရန် အခက်အခဲများ ရှိနိုင်သော်လည်း အဆင့်မြင့်လာမည့် ပညာရေးကြောင့် ပိုမို ရရှိလာမည့် အကျိုးကျေးဇူးကို မျှော်မှန်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာ သိန်းဝင်းက ဆိုသည်။
လက်ရှိတွင် ပထမအကြိမ် ဘာသာရပ် မိတ်ဆက် ရှင်းလင်းမည့် အချိန်ကို သတ်မှတ်ရန် သက်ဆိုင်ရာ တက္ကသိုလ် တာဝန် ရှိသူများ၊ ဘာသာရပ် ဆရာ ဆရာမများက စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ပြောင်းလဲမည့် အစီအစဉ် အရ ရန်ကုန် အဝေးသင် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့ အနေဖြင့်မူ သင်ကြားခြင်း ကိစ္စရပ်များကို မဆောင်ရွက်တော့ဘဲ အဝေးသင် ပညာရေးနှင့် ဆိုင်သော သင်ရိုးနှင့် သင်ထောက်ကူ ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးပေးခြင်း စသည့် ကိစ္စများကိုသာ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၄၀ ကျော်တွင် အဝေးသင် ကျောင်းသားများကို လက်ခံ သင်ကြားပေး နေပြီး ၂၀၁၈ ခုနှစ် စာရင်းအရ အဝေးသင် ကျောင်းသားကျောင်းသူ ဦးရေ စုစုပေါင်း ၅ သိန်းခွဲခန့် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန က သိရသည်။