ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ ခန့်သည် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှုရှိသည်ဟု မှားယွင်းသော စွပ်စွဲချက်များကို ကြောက်လန့်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ နုတ်ထွက်လွှာများကို ဇန်နဝါရီလ ၁၅ ရက်နေ့က တင်သွင်းခဲ့ကြသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး အဆိုအရ သိရသည်။
ထိုကျေးရွာအုပ်ချုပ်ရေးမှူးများသည် ကျေးလက်ဒေသများတွင် အများပြည်သူ ဝန်ဆောင်မှုပေးရာတွင် အဓိက အခန်းမှ ပါဝင်ပြီး ၎င်းတို့အုပ်စုလိုက် နုတ်ထွက်ခြင်းသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးကို မတည်မငြိမ်ဖြစ်စေနိုင်သော်လည်း ၎င်းတို့သည် မြန်မာ့တပ်မတော်နှင့် AA နှစ်ဖက်လုံး၏ ဖိအား ပိုမိုပြင်းထန်လာမှုကို ခံစားနေရသည်ဟု ဒေါ်ခင်စောဝေက ပြောသည်။
“သူတို့က လူတိုင်းနဲ့ အဆင်ပြေအောင်နေရမှာ။ ဒီလိုမဟုတ်ရင် သူတို့အတွက် အန္တရာယ် များတယ်။ အခုတော့ အထက်အာဏာပိုင်က တရားစွဲမှာကို သူတို့ကြောက်နေတယ်” ဟု သူပြောသည်။
ထိုနုတ်ထွက်စာများကို မည်သို့ကိုင်တွယ်ရမည်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အထက်အရာရှိများသို့ မေးထားသည်ဟု ထိုလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သဘောထား ရယူရန် ဆက်သွယ်မရပါ။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို တပ်မတော်က ထိန်းချုပ်သော ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ အရပ်သားထိန်းချုပ်သော ပြည်ထောင်စု အစိုးရဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည်ဟု အစိုးရက မကြာသေးမီက ကြေညာခဲ့သည်။
သူ၏ မဲဆန္ဒရှင် ၂ ဦးဖြစ်သော ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်နှင့် အခြားသူတဦးကို AA နှင့် အဆက်အသွယ်ရှိသည်ဟု တပ်မတော်က ဒီဇင်ဘာလတွင် စွပ်စွဲခဲ့ကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူး တော်တော်များများက သူတို့လည်း မကြာခင် ဒီလို ကံကြမ္မာကို ရင်ဆိုင်ရမယ် ထင်နေတာ” ဟု သူဆက်ပြောသည်။
ထိုသူ ၂ ဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးပြီး ဘူးသီးတောင် မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း မတရားသင်း ဥပဒေပုဒ်မအရ စွဲချက်တင်ထားကြောင်း ရေကောင်းချောင်းကျေးရွာနေ ဦးထွန်းလှိုင်ကပြောသည်။
တပ်မတော်က ဒေသခံ ၁၁ ဦးကို ထိုဒေသမှ စစ်သားများအတွက် လူသားဒိုင်းအဖြစ်သုံးသည်ဟု ပြောသောကြောင့် တပ်မတော်အဆင့်မြင့် အရာရှိတဦးက ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း တရားစွဲသောကြောင့် ထိုအုပ်ချုပ်ရေးမှူးကို တရားရုံးက ၃ ကြိမ်ဆင့်ခေါ်သော်လည်း လာရောက်ခြင်းမရှိပေ။
AA နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသောကြောင့် သရက်ပြင်ကျေးရွာမှ ရွာသား ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် တပ်မတော်၏ လှုပ်ရှားမှုများကို AA သို့ သတင်းပေးသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အခြားသူတဦးမှ လွဲပြီး အားလုံးကို ပြန်လွှတ်ခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာသား ၂ ဦးသည်လည်း ဖုန်းများဖြင့် တပ်မတော် စစ်သားများကို ဓါတ်ပုံရိုက်ပြီး AA ထံ ပို့သောကြောင့် ဖမ်းဆီးထားကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
( Moe Myint ၏ Dozens of Village Administrators Tender Resignation in Rakhine: Lawmaker ကို ဆီလျော်အောင် ဘာသာပြန်သည်။)