ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းအတွက် TNLA အဖွဲ့က တရုတ်အစိုးရနှင့် ဆွေးနွေးလိုကြောင်း ပြောသည်။
“ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ကျနော်တို့နဲ့ ဆွေးနွေးစေချင်တာ။ ကျနော်တို့ ထိန်းချုပ်ဒေသမှာ ရှိတဲ့ ဒီစီမံကိန်းအတွက် ညှိနှိုင်းတဲ့အခါ တရုတ်ဖက်က ကျနော်တို့ကို အသိအမှတ်ပြုစေလိုတယ်” ဟု TNLA ဗိုလ်မှူးချုပ် တာဖုန်းကျော်က ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ် (BRI) အရ မန္တလေးနှင့် တရုတ်နယ်စပ် မူဆယ်တို့ကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းအတွက် ပဏာမစစ်ဆေးမှုများပြုလုပ်ရန် တရုတ်နှင့် မြန်မာအစိုးရများ လွန်ခဲ့သော အောက်တိုဘာလက နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ထိုရထားလမ်းသည် ၄၃၁ ကီလိုမီတာ ရှည်လျှားပြီး TNLA ထိန်းချုပ်ဒေသ အပါအဝင် ရှမ်းပြည်နယ်မှ ပဋိပက္ခနယ်မြေများကို ဖြတ်သန်းသွားသည်။ ထို စီမံကိန်းကို ပြည်ထောင်စု အစိုးရနှင့်သာ ဆွေးနွေးပြီး ၎င်းတို့နှင့် မဆွေးနွေးသောကြောင့် စိတ်မသက်မသာ ဖြစ်ရကြောင်း TNLA က ပြောသည်။
“ကျနော်တို့ တအာင်းတိုင်းရင်းသားတွေက ဒီမြေရဲ့မူလပိုင်ရှင်တွေပါ။ ကျနော်တို့ဒေသမှာ စီမံကိန်းအကြီးစားတွေ လာလုပ်ရင် တရုတ်နိုင်ငံက ကျနာ်တို့နဲ့ ဆွေးနွေးဖို့လိုမယ်” ဟု ဗိုလ်မှူးချုပ် တာဖုန်းကျော်ပြောသည်။
တပ်မတော်က ကြေညာထားသည့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လေးလကြာ အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး တရုတ်နိုင်ငံသည် ဒီဇင်ဘာလ နှောင်းပိုင်မှ စတင်ကာ ရထားလမ်းအတွက် ကနဦး လေ့လာစမ်းစစ်မှုများပြုလုပ်နေကြောင်းနှင့် ထိုအလုပ်သမားများကို အကာအကွယ်ပေးရန် TNLA ကို ပြောထားကြောင်းလည်း သူပြောသည်။
“ ဒီစီမံကိန်းအတွက်လာတဲ့ အင်ဂျင်နီယာတွေ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ပဲ တရုတ်က ကျနော်တို့ကိုပြောတယ်။ ကျနော်တို့ အမြင်မှာတော့ တရုတ်က ကျနော်တို့ကို အသိအမှတ်မပြုချင်ဘူး” ဟုလည်း သူပြောသည်။
ထိုစီမံကိန်းနှင့် ပတ်သက်သော ပူပန်မှုများကို အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်နှင့် ဆွေးနွေးနွေးခဲ့သော်လည်း အထူးသံတမန်က အလေးမထားကြောင်းလည်း သူပြောသည်။
အဆိုပြုရထားလမ်းသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ မကြာခဏ တိုက်ပွဲဖြစ်ပွားသောဒေသဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် အငြင်းပွားမှုများဖြေရှင်းပြီးသည်အထိ စီမံကိန်းကို ဆိုင်းငံ့သင့်ကြောင်းလည်း ဗိုလ်မှူးချုပ် တာဖုန်းကျော်ပြောသည်။ ရထားလမ်းအတွက် ဒေသခံများကို အစိုးရက လုံလောက်စွာ လျှော်ကြေး မပေးမည်ကို TNLA က စိုးရိမ်ကြောင်းလည်း သူပြောသည်။
“ ဒီစီမံကိန်းကနေ ကျနော်တို့ဒေသခံပြည်သူတွေ ရသင့်ရထိုက်တဲ့ အကျိုးကျေးဇူးမရမှာ အရမ်းစိုးရိမ်တယ်” ဟုလည်း သူပြောသည်။
လွန်ခဲ့သောနှစ်များအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံက ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်ကကဲ့သို့ ထပ်မံဖြစ်မည်ကို TNLA က စိုးရိမ်နေသည်။ ထိုစဉ်က ဒေသခံများ၏ ဆုံးရှုံးမြေအတွက် ကျောင်းအနည်းငယ် ဆောက်လုပ်ပေးခြင်းသာ ရရှိခဲ့သည်။
“လျှော်ကြေးရတဲ့သူ အရမ်းနည်းတယ်” ဟု ဗိုလ်မှူးချုပ်တာဖုန်းကျော်ပြောသည်။ ဒေသခံများအတွက် တရုတ်နိုင်ငံက မြန်မာအစိုးရသို့ပေးသော လျှော်ကြေးအများစုကို အရာရှိများက ယူထားလိုက်သည်ဟုလည်း သူက စွပ်စွဲသည်။
တရုတ်နိုင်ငံသည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ တပ်မတော်နှင့် အစိုးရတို့ကြား ဆွေးနွေးပွဲများစွာကို ကြားဝင်ဆောင်ရွက်ပေးနေသည်။ BRI စီမံကိန်းရှိရာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မတိုက်ခိုက်ကြရန်လည်း မကြာခဏ တိုက်တွန်းသည်။
( Lawi Weng ၏ Ta’ang Armed Group Wants Talks With China on Rail Project ကို ဆီလျော်အောင် ဘာသာပြန်သည်။)