ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း ယမန့်နေ့ မွဲလွဲပိုင်းက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးထိခိုက် ဒဏ်ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ပစ်ခတ်မှုမှာ မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်စခန်း၏ မြောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ လိုက်ပါ လာသည့် ကားကို ရက္ခိုင့်တပ်မတော် (AA) က ခြုံခို ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်တို့ သိရသလောက်တော့ (နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ) ကားနဲ့လာတဲ့ဟာကို ခြုံခိုပြီး တိုက်တဲ့သဘောပဲ။ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာကတော့ သူတို့ ပစ်ခတ်ပြီးမှ ကျနော်တို့ဘက်က ပစ်တဲ့သဘောပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုတွင် “တယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ ကျန်တဲ့ လူတွေကတော့ ဒဏ်ရာတော့ ရတယ်သိပ်ပြီးတော့ ပြင်းပြင်းထန် ထန်တော့မဟုတ်ဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဆက်ပြောသည်။
လက်ရှိအချိန်တွင် ယင်းဒဏ်ရာ ရရှိခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆ ဦးကို ရန်ကုန်သို့ ပို့ဆောင်ကာ ဆေးကုသမှုများကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ရက္ခိုင့်တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ၎င်းတို့ ရက္ခိုင့်တပ်မတော် (AA) အနေဖြင့် အဆိုပါ မောင်တောမြို့နယ်အတွင်း ယမန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိဟု ပြောသည်။
ဦးခိုင်သုခ က “မောင်တောဘက်မှာ မနေ့က ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ တခုမှမရှိဘူး။ ကျနော်ကြားတာက မောင်တောဘက်မှာ မနေ့က စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ မှားပြီး ပစ်ခတ်မှု ဖြစ်တာလို့တော့ကြားတယ်။ အသစ်လာတဲ့ နောက်က အင်အားဖြည့်လိုက်တဲ့ စစ်တပ် တက်လာတာနဲ့ ဟိုဘက်က ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မှားပြီး ပစ်ခတ်တာလို့ပဲ ကြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်၌ တည်ရှိသော မောင်တောမြို့နယ် မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား ဦးထွီးမောင်၏ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး အိမ်မီးလောင်သွားသလို သားဖြစ်သူ ၂ ဦးမှာလည်း ဦးခေါင်းနှင့် ပုခုံးတို့တွင် ဒဏ်ရာရခဲ့သဖြင့် ဆေးကုသမှု ခံယူနေရသည်။
AA အဖွဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ မနက်ပိုင်းက ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှ၊ ငမြင်းဘော်၊ ကျောင်းတောင်နှင့် ဂုပ္ပီ ရဲကင်းစခန်းများကို တပြိုင်တည်း အလစ်အငိုက်ဝင်တိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိကာ တပ်ဖွဲ့ဝင် များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၈ ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရသူများကိုတော့ ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။