ရန်ကုန်တိုင်း စည်ပင် ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခွင့်ကို ၁၀ ရက် အချိန် ပေးထားကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က သိရသည်။
အဆိုပါ အမည်စာရင်း တင်သွင်းခွင့်ကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၈ ရက် အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
စည်ပင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က“ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတဲ့ နေရာမှာ ၂ မျိုး ရှိပါတယ်။ တမျိုးက မြို့နယ် အဆင့် ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့ ပုဂ္ဂိုလ်များဖြစ်ပြီး မိမိနေထိုင်ရာ မြို့နယ်မှာပဲ ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကျန်သည့် တမျိုးမှာ ကော်မတီဝင် အဆင့် ရွေးချယ်ခံမည့် ပုဂ္ဂိုလ်များ ဖြစ်ကာ ၎င်းတို့ နေထိုင်ရာ မဲဆန္ဒနယ်၌ပင် အမည် စာရင်း တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (စည်ပင်) ရုံး၌ ရွေးကောက်ပွဲ ပြုလုပ်မည့် လုပ် ငန်းစဉ်များနှင့် ပတ်သက်၍ မီဒီယာများအား တွေ့ဆုံစဉ် ဦးအောင်ခိုင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြို့နယ် အဆင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ ကာလ ကုန်ကျ စရိတ် (မဲဆွယ်စရိတ်) ကျပ်သိန်း ၁၀၀ သုံးစွဲခွင့် ရှိပြီး ကော်မတီဝင် အဆင့်တွင် ကျပ်သိန်း ၂၀၀ အထိ သုံးစွဲခွင့် ပြုထားကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင် က သိရသည်။
စည်ပင် ရွေးကောက်ပွဲကို လာမည့် မတ် ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မဲဆန္ဒ နယ်မြေ ၆ ခု သတ်မှတ်ကာ စည်ပင် ကော်မတီဝင် ၆ ဦးနှင့် မြို့နယ် အဆင့် ၉၉ ဦး စုစုပေါင်း ၁၀၅ ဦး ရွေးချယ်မည် ဖြစ်သည်။ ထိုရွေးချယ် ခံရသူများမှ ဒုမြို့တော်ဝန် ၁ ဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ကော်မရှင်က သိရသည်။
အဆိုပါ လျှောက်လွှာများကို မြို့နယ် ၃၃ မြို့နယ်လုံးမှ သေချာစွာ စိစစ်နိုင်မည့် အခြေအနေရှိကြောင်း စည်ပင် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်က ဆိုသည်။
“မြို့နယ် ၃၃ မြို့နယ်စလုံးက စိစစ်မှာဆိုတော့ အဆင်ပြေပါတယ်။ အရင်တုန်းက ခရိုင်တွေကပဲ လျှောက်လွှာတွေဘာတွေ စိစစ်ပေးရတယ်”ဟု ၎င်းက ဆိုသည်။
ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသူများကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက် အတွင်း အတည်ပြု ကြေညာပေးမည် ဖြစ်သည်။
စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ လိုအပ်သည့် စည်းကမ်း သတ် မှတ်ချက် ၇ ချက်ကို ပြဋ္ဌာန်းထားသည်။
ယင်း ၇ ချက်မှာ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိဘ ၂ ပါးလုံး နိုင်ငံသား ဖြစ်ရန်၊ အသက် ၂၅ နှစ်ပြည့်ပြီး မဲစာရင်း ပါသူ ဖြစ်ရန်၊ ယှဉ်ပြိုင်မည့် မြို့နယ်တွင် တဆက်တည်း ၃ နှစ် နေသူ ဖြစ်ရန်၊ စည်ပင်သာယာတွင် ကြွေးကျန် ကင်းသူ ဖြစ်ရန်၊ နိုင်ငံတော် အပေါ်တွင် သစ္စာရှိသူ ဖြစ်ရန်၊ နည်းဥပဒေ ၂၈ အရ ကန့်သတ်ထားသည်များနှင့် မငြိစွန်းရန် လိုအပ် ကြောင်းတို့ ဖြစ်သည်။
တပ်မတော်နှင့် တပ်ရင်း တပ်ဖွဲ့များတွင် နေထိုင်သည့် တပ်မတော်သား မိသားစုဝင်များ ၊ ရဲတပ်ရင်း ကွပ်ကဲမှု အောက်တွင် နေထိုင်သူများ အပြင် တပ်မြို့ စည်ပင်သာယာ လုပ်ပိုင်ခွင့် ဧရိယာများတွင် နေထိုင်သူများသည် ရန်ကုန် စည်ပင် ရွေးကောက်ပွဲတွင် မဲပေးခွင့် မရှိကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က သိရသည်။